နိုင်ငံတကာ ရေးရာ မိတ်ဆက်(4)

by Hla Soewai - Dec 11 2023

ဂျပန် သည် တရုတ် ကဲ့သို့ မဟုတ်ဘဲ ဥရောပ နှင့် အမေရိကန်တို့ လမ်းကြောင်း အတိုင်း အပြိုင် လျှောက်လှမ်းလာခဲ့သည်။ တိုကျို တွင် ခေတ်နှင့် အညီ ဗျူရိုကရေစီ ယန္တရား ကို တည်ဆောက်ပြီး နိုင်ငံတဝှမ်းလုံးကို အုပ်ချုပ် နိုင်ခဲ့သည်။ စက်မှု လုပ်ငန်းများ တိုးတက်ရေး အတွက် မူဝါဒ များ ချမှတ် အကောင်အထည် ဖေါ်ခဲ့ပြီး ခေတ်မီ စစ်တပ်ကြီး အဖြစ် ရုပ်လုံးပေါ်အောင် ဆောင်ရွက် နိုင်ခဲ့သည်။

 

ဆယ်ကိုးရာစု နှစ် မကုန်မီ နှစ် နှစ်ဆယ်လောက်တွင် ဂျပန် ထီးနန်းသည် ဥရောပ ကဲ့သို့ နယ်ချဲ့ရန် လှမ်းမျှော်ကြည့်တတ်လာပြီ ဖြစ်သည်။

 

ဗြိတိသျှ၊ ပြင်သစ်၊ ဂျာမန် နှင့် အခြား ဥရောပနိုင်ငံများသည် အရှေ့အလယ်ပိုင်းရှိ နယ်မြေ အတော်များများကို သိမ်းပိုက်ထားခြင်း သို့မဟုတ် ထိန်းချုပ်ထားခြင်း၊ အာရှ နှင့် အာဖရိက ရှိ နိုင်ငံများကိုလည်း အသီးသီး ခွဲခြမ်းယူထားပြီး ချိန် ဖြစ်၍ ဂျပန်သည်လည်း အားကျမခံ ကိုရီးယား၊ တိုင်ဝမ် နှင့် တရုတ်ပြည် ရှိ ရသမျှ အစိတ်အပိုင်းများကို ဖဲ့ယူခဲ့ကြသည်။

 

 တိုက်ရည်ခိုက်ရည် ပြည့်ဝလာသော ဂျပန် တို့သည် ၁၉၀၄-၀၅ တွင် ရုရှားတို့ နှစ် ဖြစ်ပွားသော စစ်ပွဲ တွင် အလွယ်တကူ ပင် အနိုင်ရရှိသွားခဲ့သည်။ ဤသို့ဖြင့် အာရှ နိုင်ငံ တနိုင်ငံသည် ပထမဆုံး အကြိမ် ဥရောပ အင်အားကြီး နိုင်ငံ အပေါ် အောင်ပွဲခံနိုင်ခဲ့မှု အဖြစ် သမိုင်းတွင်သွားခဲ့သည်။

 

ဂျပန်သည်လည်း အခြား ဥရောပ နိုင်ငံများလို ပြင်းထန်လာသော အမျိုးသားရေး လှိူင်းတံပိုးကြီး ရိုက်ပုတ်ခြင်း ခံလာခဲ့ရသည်။

 

ခေတ်သစ် ကမ္ဘာကြီးဟု ‌ကင်ပွန်း တပ်ခံရသည့် ဆယ်ရှစ်ရာစု နှစ် အလယ်ပိုင်းလောက်တွင် မြောက်အမေရိက တိုက်ရှိ ဗြိတိသျှ ကိုလိုနီ နယ်သားများသည် ၎င်းတို့ အရေးအရာများကို ကိုယ်တိုင်ကိုယ်ကျ စီမံ ခန့်ခွဲခွင့် မရှိပဲ သမုဒ္ဒရာ တဖက်ခြမ်းရှိ အုပ်စိုးများးကို အခွန်တော်များ ဆက်သနေရသည့် အဖြစ်ကို မကျေမနပ် ဖြစ်လာကာ တိုး၍ ဆန့်ကျင်လာကြသည်။

 

တော်လှန်စစ် သို့မဟုတ် အမေရိကန် လွတ်လပ်ရေး စစ်ပွဲဟု အမည်ပေးခံရသည့် အမေရိကန် တို့ ၎င်းတို့ပုခုံးပေါ် ထိုးထားသော ကိုလိုနီ နဖားကြိုးကို ဖြုတ်ချ နိုင်ရန် တွန်းထိုး ရုန်းကန်မှု ကြီးသည် ၁၇၇၅ တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

 

ထိုစစ်ပွဲကြီးတွင် ဗြိတိန် နှင့် ‌ဥရောပ မှ လာရောက် အခြေချ နေထိုင်သူများက ၎င်းတို့အပေါ် စီမံ အုပ်ချုပ်နေသည့် ဗြိတိသျှတို့အား တိုက်ခိုက်လာကြသည်။

 

၎င်းတို့၏ တော်လှန်ရေး သည် အဆုံးတွင် အောင်မြင်သွားခဲ့သဖြင့် ၁၇၇၆ တွင် လွတ်လပ်ရေး ကို ကြေငြာ နိုင်ခဲ့မှု နှင့် အတူ အမေရိကန် ပြည်ထောင်စု ဟူသော နိုင်ငံသစ် ပေါ်ထွန်းလာခဲ့သည်။

 

အမေရိကန် ပြည်ထောင်စု သမိုင်းကို အပေါ်ယံ ရှပ် လေ့လာမည် ဆိုလျှင်ပင် ပြည်တွင်းစစ်၊ ပြန်လည် ထူထောင်ရေး၊ ရွှေရောင်လွှမ်းသော ခေတ်၊ ထိုမှတဆင့် တိုးတက် ဖြစ်ထွန်းလာသော ခေတ် အစရှိသည်တို့ကို တဆင့်ပြီး တဆင့် ကျော်ဖြတ်ပြီး ဒီမိုကရေစီ သစ် ဆီ တက်လှမ်းလာနိုင်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။

 

မိမိတင်ပြလိုသည့် အကြောင်းနှင့် သက်ဆိုင်သည့် လယ်ယာစိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းများ၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ စစ်ရေး တို့တွင် အင်အားကြီး နိုင်ငံ ဖြစ်လာပြီး နောက်တွင် ၎င်းတို့၏ ဆုံးဖြတ်ချက် များ နှင့် အပြုအမူများသည် ကမ္ဘာကြီးပေါ် လွှမ်းမိုးရိုက်ခတ်နိုင်ခဲ့ မှု တို့ကိုသာ အဓိက ဦးစားပေး ဖေါ်ပြသွားမည်သာ ဖြစ်သည်။

 

 နှစ်ဆယ်ရာစု နှစ် အား အမေရိကန် ရာစု နှစ် ဟု ကင်ပွန်းတပ် ခံခဲ့ရသော်လည်း တကယ်တမ်း တွင် အမေရိကန်သည် ဒုတိယ ကမ္ဘာစစ်ကြီး နောက်ပိုင်းကျမှသာ ကမ္ဘာရေးရာ တွင် ထဲထံဝင်ဝင် ပါဝင်လာခဲ့သည်။

 

ကမ္ဘာစစ်ကြီး ဆီသို့ ဦးတည်လာခြင်း

 

ဆယ့်ရှစ် ရာစု နှစ် အလယ်ပိုင်းမှစ၍ ဥရောပ သမိုင်းတွင် အဓိက လွှမ်းမိုးနေခဲ့သည့် ဖြစ်စဉ်ကြီးသည် ဗြိတိန် ၏ ကမ္ဘာအင်အားကြီး နိုင်ငံ အဖြစ် တက်လှမ်းလာနိုင်ခဲ့မှု ကြီးပင် ဖြစ်သည်။ ထိုသို့ ဖြစ်လာခဲ့ခြင်းမှာလည်း တောင့်တင်းသော စီးပွားရေး အနေအထား၊ ကုန်သွယ်ရေး လမ်းကြောင်းများ တည်ဆောက်လာနိုင်ခြင်း၊ ကိုလိုနီ နယ်မြေများမှ တဆင့် ဈေးကွက် အမြောက်အမြား ပိုင်ဆိုင်လာခဲ့ခြင်း၊ ထိုနယ်မြေများရှိ ကုန်ကြမ်းပစ္စည်းများကို တဦးတည်း မောင်ပိုင် စီးထားနိုင်ခြင်း၊ ကမ္ဘာတဝှမ်း ဖြန့်ကျက်သွားလာ နိုင်သည့် ရေတပ်ကြီး ပိုင်ဆိုင်ထားခြင်း အစရှိသည့် အကြောင်းများ ကြောင့်ပင် ဖြစ်သည်။

 

 သို့သော် ဗြိတိသျှ တို့ နေမဝင် အင်ပိုင်ယာကြီး သည် ဆယ့်ကိုးရာစု နှစ် အလယ်ပိုင်း သို့ အကုန်ပိုင်း လောက်အထိသာ ခံခဲ့သည်ဟု ပြောမည် ဆိုလျှင် ပြော၍ ရပေသည်။ အင်ပိုင်ယာကြီး ကို အုပ်ချုပ်ရသည့် စရိတ် နှင့် စစ်ပွဲ အတွက် ကုန်ကျငွေ များ မြင့်တက်လာမှု နှင့် အတူ တဖက်တွင် ဂျာမဏီသည် ၎င်းတို့နှင့် ပုခုံးခြင်း ယှဉ် နိုင်သည့် အနေအထားကို ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်သည်။

 

ဆယ့်ကိုးရာစု အကုန်ပိုင်း နှင့် နှစ်ဆယ်ရာစု အစောပိုင်း ကာလများတွင် ဥရောပသည် အင်အားကြီးသူ၊ အင်အားနည်းသူတို့ နှင့် အုတ်ရောရော ကျောက်ရောရော ဖြစ်လာနေသည်။ ဂျာမဏီ နှင့် ဗြိတိန်သည် အင်အားကြီး နိုင်ငံများ ဖြစ်လာပြီး ပြင်သစ်သည်လည်း ထို နိုင်ငံများလောက် မဟုတ်သော်လည်း အတိုင်းအတာ တခုထိ အင်အား တောင့်တင်းနေပြီ ဖြစ်သည်။

 

ထိုသုံးနိုင်ငံထဲတွင် ဂျာမဏီသည် စက်မှု လုပ်ငန်းများ တရှိန်ထိုး တိုးတက်လာနေပြီး လူဦးရေ အရလည်း ဗြိတိန် နှင့် ပြင်သစ်တို့ထက် သာလွန်နေ၍ စီးပွားရေး တွင် အင်အား အတောင့်တင်းဆုံး ဖြစ်နေသည်။

 

ပြင်သစ် သည် ၁၈၇၀ တွင် ပရပ်ရှား နှင့် ဖြစ်ပွားသော စစ်ပွဲတွင် အရေးနိမ်သွားခဲ့မှု ကြောင့် နာလံထစ လူပမာကြီး အဆင့်တွင်သာ ရှိပေသေးသည်။ ပြည်တွင်း နိုင်ငံရေး နှင့် လူမှုရေး အရှုပ်အထွေးများကြောင့်လည်း တိုးတက်မှု နှောင့်နှေးခဲ့ရသည်။

 

ဗြိတိန်သည် စီးပွားရေး ပိုင်းနှင့် လူဦးရေ ပိုင်းတွင် အင်အားကောင်းနေဆဲ ဖြစ်သော်လည်း ဂျာမဏီကို အမှီ မလိုက်နိုင် ဖြစ်လာခဲ့သည်။ ရေတပ်အင်အား ပိုင်းတွင်သာ အသာစီး ရနေသော်လည်း ကြည်းတပ်အင်အားတွင် ဂျာမဏီက သာလွန်နေပေသည်။

 

အင်အားချိနဲ့လာသူများက ရုရှား၊ အော်တိုမန် အင်ပိုင်ယာ (တူရကီ) နှင့် သြစတီယား- ဟန်ဂေရီ အင်ပိုင်ယာများပင် ဖြစ်သည်။

 

ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားလာခြင်းသည် ထိုသို့ အင်အားကြီး နိုင်ငံများ နှင့် အင်အားချိနဲ့လာနေသည့် နိုင်ငံများ အပြန်အလှန် ပွတ်တိုက်မှု ဖြစ်ရာမှ စတင်ခဲ့ခြင်းဟု ပြော၍ ရပေသည်။ အင်အားကြီး နိုင်ငံ အချင်းချင်းလည်း လာမည့် ရာစုနှစ် ကို မည်သူ လွှမ်းမိုး နိုင်မည် ဆိုသည်ကို အားပြိုင်လာခဲ့ကြသည်။

 

ပထမ ကမ္ဘာစစ်ကြီး အဘယ်ကြောင့် ဖြစ်ပွားလာခဲ့ရသည်ကို အတိအကျ အဓိပ္ပါယ် ဖွင့်နိုင်ရန်၊ မည်သူ့တွင် ဘယ်အတွက်ကြောင့် တာဝန်ရှိသည်ကို ပြောနိုင်ရန် သမိုင်း ပညာရှင် အကျော်အမော်များ ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် အငြင်းပွား နေခဲ့ရသည်။

 

ပထမ ကမ္ဘာစစ်ကြီးသည် ဖြစ်စရာ အကြောင်း မယ်မယ်ရရ မရှိပဲ ဖြစ်ပွားခဲ့ရခြင်းပင် ဖြစ်သည်။ ထိတ်တန်း သမိုင်း သုတေသီ တဦးက ဥရောပသည် ၁၉၁၄ စစ်ပွဲကြီးဆီသို့ အိပ်ပျော်နေရင်း လမ်းထလျှောက်ကာ ရောက်သွားခဲ့ရခြင်းဟု ‌ဥပမာ ပေးခဲ့သည်။

 

မိမိအနေဖြင့်မူ ဖြစ်စရာ အကြောင်း ရှာကြံပြီး ဖြစ်ခဲ့သော စစ်ပွဲကြီးဟု ယခင်က ပြောခဲ့ဖူးသော်လည်း နမော်နီ နမောနဲ့ နိုင်၍ ဖြစ်ခဲ့ရသည်

ဟု ပြောက ပို၍ နီးစပ်မှု ရှိမည်ဟု ယူဆလာခဲ့သည်။