ဆယ်ကိုးရာစု နှစ် အလယ်ပိုင်းလောက်တွင် အနောက်ဥရောပ နိုင်ငံများသည် တကမ္ဘာလုံး ထုတ်ကုန် ပမာဏ၏ သုံးပုံတပုံခန့်ကို မောင်ပိုင် စီးထားနိုင်ပြီ ဖြစ်သည်။ ၎င်းတို့ထက် လူဦးရေ အဆမတန် များသော တရုတ် နှင့် အိန္ဒိယ ကိုပင် ကျော်ဖြတ်နိုင်ခဲ့ပြီး အမေရိကန် ထက်လည်း ရှေ့မှ ပြေးနေသော အချိန်လည်း ဖြစ်သည်။
ထိုသို့သော အခြေအနေများ အပေါ် သာယာလာသည် နှင့် အမျှ ဥရောပ နိုင်ငံများသည် လက်ရှိ အနေအထားအတိုင်း သင့်သင့်မြတ်မြတ် နေထိုင်သွား နိုင်ရန် ကြံဆလာကြရာမှ ဝက်စ်ဖေးလီယား စာချုပ်ပါ အနှစ်သာရများကို ပြန်၍ သတိတရ ရှိလာကြသည်။
ထိုအနှစ်သာရ များအရ လက်ရှိ အုပ်ချုပ်နေသည့် မင်း များကို အချင်းချင်း ထောက်ခံ ပံ့ ပိုး သွားရေး၊ ပြင်သစ်ကဲ့သို့ တော်လှန်ရေး မျိုး ထပ်မံ မပေါ်ပေါက်ရေး အတွက် တနိုင်ငံ၏ ပြည်တွင်းရေး ကို ဝင်ရောက် မစွက်ဖက်ရေး မူကို တိတိကျကျ လိုက်နာပြီး နိုင်ငံများတွင် ပုန်ကန်ထကြွမှု များကို အားပေး အားမြှောက် မပြုရန်လည်း သဘောတူညီခဲ့ကြသည်။
ထိုသို့ တိုင်းပြည် အုပ်ချုပ်နေသော ထီးရှင်နန်းရှင်များ၏ ကိုယ်ကျိုးစီးပွားကို ကာကွယ်နိုင်ရေး သာမက မိမိတို့ အချင်းချင်းလည်း စစ်အင်အားကို တဦးထက် တဦး သာလွန်အောင် မတည်ဆောက်နိုင်ရန် ထိမ်းသိမ်းခဲ့ကြပြန်သည်။ ထိုသို့ မသာလွန်နိုင်မှသာ တနိုင်ငံ မှ တနိုင်ငံသို့ ကျုးကျော် တိုက်ခိုက်လိုစိတ်များ လျော့ပါးသွားမည်လည်း ဖြစ်သည်။
ဗီယင်နာ ကွန်ဂရက် သံစုံတီးဝိုင်းကြီးမှ တီးမှုတ်လိုက်သည့် တီးလုံးများသည် ပထမ ကမ္ဘာစစ်ကြီး မတိုင်မီ အထိ ဥရောပတွင် ပျံ့လွင်နေခဲ့သည်ဟု ပြော၍ ရသော်လည်း စိတ်ပါလက်ပါ လိုက်နာမှု မရှိ တော့သည်က စစ်ကြီး မဖြစ်မီ ဆယ်စုနှစ် များ လောက်က စတင်လာနေခဲ့ပြီ ဖြစ်သည်။
မည်သည့် အချိန်က စလာသည်ဟု တိတိပပ ပြောဖို့ ကိုကား သမိုင်းပညာရှင်များ အကြား အယူအဆ အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။ မိမိ အနေဖြင့်မူ ဥရောပ အင်အားကြီး နိုင်ငံများ ကရိုင်းမီယား အရေး နှင့် ပတ်သက်ပြီး ရုရှား နှင့် အဆင်မပြေ ဖြစ်လာချိန်မှ စတင်ခဲ့သည်ဟု ယူဆသည်။
ထိုအချိန်က ကရိုင်းမီယားသည် အော်တိုမန် အင်ပိုင်ယာ၏ တစိတ်တပိုင်း ဖြစ်နေသည်။ သို့သော် အရှိန်အဝါ မှေးမှိန်လာနေသည့် အော်တိုမန် အင်ပိုင်ယာ ပိုင် ကရိုင်းမီယားအား မည်သူ က ထိန်းချုပ်မည် ဆိုသည် အပေါ် အငြင်းပွားလာခဲ့သည်။
ထို့နောက်တွင်တော့ ပရပ်ရှား (ဂျာမဏီ) က တဖက် ပြင်သစ် နှစ် ဩစတီးယားက တဖက် စစ်ပွဲကြီး ဖြစ်ပွားလာခဲ့သည်။
ပရပ်ရှားသည် ၁၈၇၁ တွင် ဝန်ကြီးချုပ် အော်တို ဗွန် ဘစ်စမတ် လက်ထက်တွင် တစုတစည်းတည်း ဖြစ်လာကာ အင်အား ကောင်းလာပြီ ဖြစ်၍ ဥရောပ သံစုံတီးဝိုင်းကြီးကို နားမခံသာ ဖြစ်လာချိန်လည်း ဖြစ်သည်။ သူ့အရိုက်အရာ ကို ဆက်ခံခဲ့သူများက ဥရောပ တည်ငြိမ်ရေး ကို ဖျက်လို ဖျက်ဆီး လုပ်လာခဲ့ကြသည်။
ဥရောပ အလွန်
ဥရောပတိုက်သည် ထိုရာစု နှစ်များ အတွင်း အထက်တွင် ပြောခဲ့သလို ကမ္ဘာတဝှမ်း လူပေါ်လူဇော် လုပ်နိုင်နေဆဲ ဖြစ်သော်လည်း
ဆယ်ရှစ်ရာစု နှင့် ဆယ့်ကိုးရာစု သမိုင်းကို တင်ပြရာတွင် ဥရောပ တိုက် တခုတည်းကိုသာ ကွက်၍ တင်ပြမည်ဆိုက ပြည့်စုံမည် မဟုတ်ပေ။
အရှေ့အလယ်ပိုင်း၊ တောင်အာရှ၊ အာဖရိက၊ အမေရိကား တိုက် နှင့် အရှေ့အာရှ နိုင်ငံများသည် ဥရောပ နိုင်ငံများ၏ ကျွန်ပြုခြင်းကို ခံနေရချိန်လည်း ဖြစ်သည်။ အဓိက အားဖြင့် ပြင်သစ်၊ ဗြိတိန်၊ ပေါ်တူဂီ၊ စပိန် တို့ ဖြစ်သည်။ ဂျာမဏီ နှင့် အီတလီသည်လည်း အတိုင်းအတာ တခုထိ ပါဝင်နေသည်။ ဂျပန် နှင့် အမေရိကန်အားလည်း ချန်လှပ်ထား၍ မရပြနပေ။
ထိုသို့ ကိုလိုနီ ကျွန်ပြုရခြင်း၏ အဓိက အကြောင်းရင်းသည် စီးပွားရေး ပင် ဖြစ်သည်။ သို့သော် အချင်းချင်း ဂုဏ်ပြိုင်လိုမှု၊ အရှိန်အဝါ ကြီးလိုမှု များသည်လည်း တစိတ်တပိုင်း ပါဝင်နေပြန်သည်။
တရုတ်သည် ဆယ့်ကိုးရာစု နှစ် အတွင်း ယခင်ကနှင့် မတူပဲ အခြေအနေများ စတင် ဦးမော့လာခဲ့သည်။ စီးပွားရေး အရလည်း ကြီးမား ကျယ်ပြန့်လာခဲ့သည်။ ဗြိတိန် အပါအဝင် နိုင်ငံများ နှင့် ကုန်သွယ် ဆက်ဆံရာမှ အကျိုးအမြတ်များ ဖြစ်ထွန်းလာခဲ့သောကြောင့်လည်း ဖြစ်သည်။
သို့သော်လည်း ထိုရာစုနှစ်သည် တရုတ် အဖို့ ဂုဏ်ရောင် ထွန်းပြောင်လာသည်ဟုသာ ပြော၍ ရခဲ့ပြီး ပြည်တွင်း တွင် ခေတ်နှင့် အညီ လိုက်လုပ်ရန် စိတ်ကူးစိတ်သန်း မရှိသော ရွှေနန်းရှင်များ၊ ၎င်းတို့၏ အုပ်ချုပ်မှု ကို ပုန်ကန် တော်လှန်မှုများ၊ ဘိန်းစစ်ပွဲ ကဲ့သို့ ပြည်ပ ကျုးကျော်စစ်များ နှင့် ရင်ဆိုင်လာရခြင်း အစရှိသည့် စိန်ခေါ်မှုများနှင့် ပြည့်နှက်လာနေသော အချိန်များလည်း ဖြစ်သည်။
ဗြိတိသျှ တို့သည် တရုတ်ပြည်တွင်းသို့ ဘိန်းများ တင်သွင်းရန် အတင်းအကျပ် ကြိုးပမ်းလာသည်၊ တရုတ် အစိုးရ မှလည်း ၎င်းတို့ နိုင်ငံသားများအား ဆိုးကျိုးများ ဖြစ်လာမည် စိုး၍ လက်မခံပဲ ငြင်းဆန်ခဲ့ရာမှ ဘိန်းစစ်ပွဲကြီး စတင်လာခဲ့ခြင်းလည်း ဖြစ်သည်။
ထို့နောက်တွင်တော့ ပြင်သစ်၊ ဂျာမဏီ၊ ဂျပန်၊ ရုရှားတို့ကလည်း အားကျမခံ သူ့ထက်ငါ အလုအယက် စီးပွားရေး၊ အုပ်ချုပ် ရေး နှင့် စစ်ရေး ဖက်တွင် တရုတ်ထံမှ အခွင့်အရေး များ တောင်းဆိုလာကြသည်။ ထိုကဲ့သို့ တရုတ်ပြည်သည် အင်အားကြီးနိုင်ငံများ၏ အမဲဖျက်သလို ဝိုင်းဖျက်ခြင်း ခံခဲ့ရသည့် အနေအထားသည် နှစ်ဆယ်ရာစု နှစ် အလယ်ပိုင်း အထိ ရှိနေခဲ့သည်။
ဘိန်းစစ်ပွဲ မှ စ၍ ပြည်ပမှ ကျုးကျော်ခြင်း ခံလာခဲ့ရသည့် အနေအထားသည် ၁၉၄၉ ခုနှစ် မော်စီတုံး ၏ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ထူထောင်နိုင်ခဲ့ချိန်မှသာ အဆုံးသတ်သွားခဲ့ခြင်း ဖြစ်သည်။ တရုတ်တို့ အတွက် ထိုကာလများအား "အမျိုးသား ဂုဏ်သိက္ခာ စော်ကား ခံခဲ့ရသည့်" ရာစု နှစ် အဖြစ် ခံယူခဲ့ကြသည်။ ယင်းသည် လက်ရှိ တရုတ်တို့၏ ကမ္ဘာကြီး အပေါ် ရှု့မြင်ပုံ ရှူမြင်နည်း အားလည်း ပဲ့တင်ရိုက်ခတ်နေဆဲပင် ဖြစ်သည်။
ဂျပန်သည်လည်း ဆယ့်ကိုးရာစု နှစ် အတွင်း တရုတ်ကဲ့သို့ပင် ကြုံတွေ့ခဲ့ရပြီး နှစ်ပေါင်း နှစ်ရာလုံးလုံး ထီးထီးကြီး နေလာခဲ့မှုကို အဆုံးသတ်လိုက်ရသည်။
ပစိဖိတ် သမုဒ္ဒရာဖက်ခြမ်းတွင် ဈေးကွက် ရှာလိုသော အမေရိကန်သည် ၁၈၅၃ ခုနှစ်တွင် ပြင်ပကမ္ဘာ နှင့် အဆက်ဖြတ်ထားသော ဂျပန် အား အင်အားသုံး၍ အတင်းအကျပ် တံခါး ဖွင့်ခိုင်း ခဲ့သည်။
ဂျပန်အား ဈေးကွက် ဖွင့်ပေးရန် ခြိမ်းခြောက်သည့် အနေဖြင့် အမေရိကန် စစ်သင်္ဘော များ ရောက်ရှိလာကြသည်။ အင်အားကြီးမားလှသော အမေရိကန် ရေတပ်အား စစ်ရေး အရ မည်သို့မျှ ရင်ဆိုင်နိုင်စွမ်း မရှိ၍ ဂျပန်တို့ အလျော့ပေး ခဲ့ကြရသည်။
ထို့နောက်တွင်တော့ ဂျပန်သည်လည်း တရုတ်ကဲ့သို့ပင် ပြင်ပနိုင်ငံများ၏ စီးပွားရေး နှင့် ဥပဒေ ပိုင်းများတွင် ဗိုလ်ကျ တောင်းဆိုလာသမျှ ကို လိုက်လျောပေးခဲ့ရပြန်သည်။
ထိုသို့ ဂျပန် အစိုးရ၏ လိုက်လျောပေးလာမှု များကို ပြည်တွင်း တွင် မခံမရပ်နိုင် ဖြစ်လာကြသည်။ ဤသိုဖြင့် ရှိုဂွန်း ခေါ် စစ်ဘုရင်များ၏ အုပ်ချုပ်မှု အဆုံးသတ် သွားခဲ့ရသည်။
၁၈၆၈ တွင် ဂျပန်တွင် မီဂျီ ဘုရင် နန်းဆက်ကို ပြန်လည် အသက်သွင်း နိုင်ခဲ့ကြသည်။ မီဂျီ ၏ အဓိပ္ပါယ်သည် "ဉာဏ် အလင်းပွင့် အုပ်ချုပ်သူ" ဟူ၍ ဖြစ်သည်။ မီဂျီ ဘုရင်သည် ဂျပန်အား နှစ်ပေါင်း ငါးဆယ်ကြာ ၁၉၁၂ အထိ အုပ်ချုပ်ခဲ့သည်။ သူ၏ အုပ်ချုပ်ရေး အား မီဂျီ ပြန်လည် ပြင်ဆင်ရေး ခေတ်ဟု ထင်ရှားခဲ့ပြီး ခေတ်သစ် ဂျပန် နိုင်ငံ ပေါ်ထွက်လာခဲ့သည်။