အာဏာမသိမ်းမီ ထောက်လှမ်းရေး
နှစ်ပေါင်း နှစ်ရာကျော် ကာလ အတွင်း မြန်မာသည် ကမ္ဘာတွင် ကျင့်သုံးခဲ့သည့် အုပ်ချုပ်ရေး စနစ်များ အားလုံးလိုလိုကို တွေ့ကြုံ ခဲ့ကြရပြီး ဖြစ်သည်။ ဆယ်ကိုးရာစု နှစ်အတွင်း ဗြိတိသျှ တို့က မြန်မာ အား သုံးကြိမ်တိုင်တိုင် ကျုးကျော် တိုက်ခိုက်ကာ ကုန်းဘောင် မင်းဆက်အား ဖြုတ်ချခဲ့ပြီး နောက်မှစ၍ လွတ်လပ်ရေး မရမီ အထိ ကိုလိုနီ အုပ်ချုပ်ရေး၊ ဗြိတိသျှ စစ်အုပ်ချုပ်ရေး များ နှင့် ကြုံခဲ့ရသည်၊ ၁၉၄၈ လွတ်လပ်ရေး ရပြီး နောက်တွင် ပါလီမန် ဒီမိုကရေစီ စနစ် အား ၁၉၅၈ အထိ ကျင့်သုံးခဲ့သည်၊ ၁၉၅၈-၁၉၆၀ အထိ နှစ်နှစ်တာ ကာလအတွင်း ရွေးကောက်တင်မြှောက်ထား ခြင်း မရှိသည့် “အိမ်စောင့် အစိုးရ” အား လက်နက်ကိုင်တပ်များ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းက ဦးဆောင်ခဲ့သည်။
ထို့နောက်တွင်တော့ ဒီမိုကရေစီ အုပ်ချုပ်ရေး ခေတ်သို့ ခေတ္တခဏ ပြန်လည် ရောက်ရှိခဲ့ပြီး အပြီးအပိုင် ဖျက်သိမ်းခြင်း ခံခဲ့ရသည်။ ၁၉၆၂ တွင် နေဝင်းသည် နိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို ထူထောင်လာခဲ့သည်၊ ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်အား ရေးဆွဲကာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကို ထူထောင်ပြီး အာဏာရှင် တပါတီ စနစ်သို့ အသွင်ကူးပြောင်း ပစ်ခဲ့သည်။ နိုင်ငံ အမည်သည်လည်း “ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ” ဖြစ်လာခဲ့သည်။
၁၉၈၈ တွင် တနိုင်ငံလုံး အနှံ ဖြစ်ပွားခဲ့သော ဒီမိုကရေစီ လူထုအုံကြွမှုကြီး အား နှိမ်နှင်းခဲ့ပြီး နောက်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ကောင်စီ ဆိုသည့် နောက်ထပ် စစ်အာဏရှင် အဖွဲ့ ပေါ်ပေါက်လာခဲ့သည်။ ထိုအဖွဲ့သည် ၁၉၈၉ ဇူလိုင်လ တွင် နိုင်ငံအမည်ကို “Burma” မှ “Myanmar” သို့ ပြောင်းလဲခဲ့သည်။ ၁၉၉၇ တွင် ထိုအဖွဲ့ကပင် ၎င်းတို့ အမည်အား နိုင်ငံတော် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ဟု အမည်သစ် ပေးခဲ့ပြန်သည်။
၂၀၀၃ ခုနှစ်တွင် ထိုစဉ်က ဝန်ကြီးချုပ် (ထောက်လှမ်းရေး အကြီးအကဲလည်း ဖြစ်သူ) မှ ၎င်းတို့ အကျအန စီမံ ပြင်ဆင်လာသည့် အချက် ခုနှစ်ချက်ပါ လမ်းပြ မြေပုံကို ထုတ်ပြန်ကျေညာခဲ့ပြီး တိုင်းပြည်အတွက် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ စနစ် ကို တည်ထောင်သွားမည် ဟု ဆိုသည်၊ ဤသို့ဖြင့် ၂၀၁၁ ခုနှစ်တွင် ရည်မှန်းချက်များ ထမြောက်အောင်မြင်သွားခဲ့သည်။
ထိုစနစ် ကို မူတည်ပြီး ရေးဆွဲ ဖန်တီးလာသည့် ဖွဲ့စည်းပုံ အသစ်ဖြင့် ထွက်ပေါ်လာမည့် အရပ်သား တပိုင်း ပါဝင်မည့် အစိုးရ အဖွဲ့၏ ကြီးကြပ်မှု အောက်တွင် လက်နက်ကိုင်တပ်များ (တပ်မတော်) အား မရှိစေရန် အသေအချာ စီမံခဲ့ခြင်း ဖြစ်သည်။ ထိုဖွဲ့စည်းပုံအရ ဩဇာအာဏာ ရှိသည့် ဝန်ကြီးဌာနသုံးခုအား စစ်တပ်လက်အောက်တွင် ထားရှိခဲ့သည်။
ထိုသို့ အကျအန စီမံခဲ့မှုသည်ပင် မလုံလောက်သေးသည့် အလား ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းမှု ထပ်မံ ဖြစ်ပွားလာခဲ့သည်။ ထိုအာဏာသိမ်းပွဲဖြင့် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်သည် တိုင်းပြည်အား စစ်တပ်မှ တိုက်ရိုက် အုပ်ချုပ်သွားမည့် အောက်သို့ ပြန်လည် သွတ်သွင်း ပေးလိုက်သည်။
အာဏာသိမ်း အဖွဲ့သည် ယခင်ကကဲ့သို့ပင် ၎င်းတို့၏ လုပ်ရပ်အား ဆန့်ကျင်မှု များ နှင့် ကြုံတွေ့ရမည်ဟု မျှော်လင့်ထားခဲ့ပြီး ဖြစ်သော်လည်း ထောက်လှမ်းရေး ဖက်တွင် အကြီးအကျယ် ပျက်ယွင်းခဲ့မှု ကြောင့် ဗိုလ်ချုပ်ကြီးများသည် ထိုအရေး အပေါ် လူထု ၏ စိတ်ခံစားမှု အတိုင်းအတာကို လုံးဝ လျော့တွက်ခဲ့ကြပြီး လွန်မှ ပင် သိခွင့်ရသွားခဲ့ကြသည်။
မြန်မာ ပြည်သူ အများစုသည် ချက်ခြင်းလိုပင် စစ်အာဏာသိမ်း အဖွဲ့အား ဆန့်ကျင် ကန့်ကွက်လာကြသည်။ ယင်းနှင့် အတူ ထူးခြားဆန်းကြယ်လှသည့် နိုင်ငံ အနှံ့ ဝန်ထမ်းများ၏ အာဏာဖီဆန်ရေး လှုပ်ရှားမှု စီဒီအမ် ထွက်ပေါ်လာခဲ့သည်။
ယင်းအား လုံခြုံရေး တပ်ဖွဲ့များ၏ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ခဲ့မှုကြောင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) ပေါ်ပေါက်လာပြီး ယင်း နှင့်အတူ လက်နက်ကိုင် အုပ်စုငယ်လေးများ အများအပြား ထွက်ပေါ်လာခဲ့သည်။ ဤသို့ဖြင့် မြန်မာတွင် တော်တော်နှင့် ငြိမ်းသတ်နိုင်မည့် မဟုတ်သည့် ပြည်တွင်းစစ်မီးကြီး တောက်လောင်လာခဲ့ရသည်။
စစ်အစိုးရ အဆက်ဆက်အား နိုင်ငံတွင်း လွန်စွာ အင်အားကောင်းသည့် ထောက်လှမ်းရေး အဖွဲ့များက ပံ့ပိုးပေးခဲ့သည်ခြည်းသာ ဖြစ်သည်။ ဤသည်ကလည်း ဗြိတိသျှ တို့ ကျင့်သုံးခဲ့သော အမွေအနှစ်များကို ဆက်ခံလာခဲ့ခြင်းပင် ဖြစ်သည်၊ ဗြိတိသျှ တို့သည် ၁၈၂၆ မှ ၁၉၄၁ အတွင်း ထောက်လှမ်းရေး သတင်း အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် စုဆောင်း ရယူသည့် စနစ်ကို ကျင့်သုံးခဲ့ကြသည်။ ထောက်လှမ်းရေး လုပ်ငန်းများကို ပုလိပ်တပ်ဖွဲ့ နှင့် ယင်း၏ လက်အောက်ခံ အထူး စုံစမ်းရေး အဖွဲ့ Special Branch (SB) က တာဝန်ယူခဲ့သည်။
နိုင်ငံတွင်း အခြေစိုက်ထားသော ဗြိတိသျှ နှင့် အိန္ဒိယ တပ်များ အတွက် စစ်ထောက်လှမ်းရေး အား ထားရှိပေးခဲ့သော်လည်း ၁၉၃၇ တွင် ဗမာ့ကာကွယ်ရေး ဗျူရို ကို ဖွဲ့စည်းပြီးနောက်တွင် ယင်းသည် မည်ကာမတ္တာမျှသာ ရှိ တော့ပြီး ထိရောက်မှု မရှိတော့ပေ။
လွတ်လပ်ရေး ရရှိလာပြီး နောက်တွင် ထိုပုံစံသည် မှောက်လှန်ပစ်လိုက်သလို ပြောင်းလဲသွားခဲ့ရသည်။ နေဝင်း အာဏာရရှိလာပြီး နောက်တွင် ရဲထောက်လှမ်းရေး လုပ်ငန်းများသည် စစ်ထောက်လှမ်းရေး အောက် ဒုတိယ အဆင့်သို့ ကျဆင်းသွားခဲ့သည်။ နေဝင်းလက်ထက်တွင် စစ်ထောက်လှမ်းရေး အဖွဲ့ နှင့် ယင်းအား ဆက်ခံလာသည့် အဖွဲ့အစည်း အသီးသီးသည် နိုင်ငံရေးရာများတွင် အဓိက နေရာမှ ပါဝင်လာခဲ့သည်။
မြန်မာအား စစ်ပုလိပ် နိုင်ငံ ဟု စာအုပ်ကြီး အတိုင်း ခေါ်ရမည့် အစား ဂန္တဝင် ပြောင်မြောက်သည့် ထောက်လှမ်းရေး နိုင်ငံ ဟု ခေါ်ဝေါ်သုံးစွဲရမည် ဖြစ်သည်။
၂၀၀၃ ခု နှစ် တွင် အမေရိကန် နိုင်ငံခြား ဆက်ဆံရေး ကောင်စီ မှ “ကမ္ဘာပေါ်ရှိ တင်းကျပ်စွာ ထိန်းချုပ် ခံ အထား ရဆုံး အာဏာရှင် နိုင်ငံများထဲက တ နိုင်ငံ ဖြစ်သည်” ဟု ဖေါ်ပြခဲ့သည်။ ထိုသို့ ခေါ်ဝေါ် သုံးနှုန်း ခံခဲ့ရခြင်းမှာလည်း အကြောင်းများစွာ ရှိနေပေသည်။ ထိုအထဲတွင် အထင်ရှားဆုံးမှာ “ထောက်လှမ်းရေးသည် နေရာတကာတွင် ရှိနေခြင်း” ဆိုသည့် အချက်ပင် ဖြစ်သည်။ ဤသည်ကပင် လက်နက်ကိုင်တပ်များ တိုင်းပြည်ကို နှစ်ပေါင်း ၄၀ ကျော် တင်းကျပ်စွာ ချုပ်ကိုင်ထားနိုင်ရန် ပံ့ပိုးပေးနိုင်ခဲ့သည့် အချက်လည်း ဖြစ်သည်။
ထိုသို့ပံ့ပိုးပေးနိုင်ရန်လည်း စစ်ထောက်လှမ်းရေး လုပ်ငန်းသည် အရွယ်အစား ပုံသဏ္ဍန် တိုးတက် ပြောင်းလဲခဲ့ယုံမက လက်တံခြေတံများလည်း ရှည်ထွက်လာခဲ့သည်။
အစပိုင်းတွင် အမျိုးသား ထောက်လှမ်းရေး ဘုတ် အဖွဲ့ National Intelligence Board (NIB) ၏ အလုံးစုံ လမ်းညွှန်မှု အောက်တွင် ရှိနေခဲ့ရာမှ နောက်ပိုင်းတွင် စစ်ဖက်ထောက်လှမ်းရေး ဆိုင်ရာ ညွှန်ကြားမှု ရုံး ချုပ် Directorate of Defence Services Intelligence (DDSI) ဟု အမည်ပြောင်းကာ သီးခြား လွတ်လပ်သော အဖွဲ့အစည်း ဖြစ်လာခဲ့သည်။ ယင်းနှင့် အတူ မဟာဗျုဟာ လေ့လာရေး ရုံး Office of Strategic Studies (OSS) ကိုပါ တွဲဖက် ပေးလာခဲ့ခြင်းဖြင့် နောက်ပိုင်းတွင် လွန်စွာမှ တန်ခိုး ထွားလာခဲ့သည်။
၂၀၀၂ တွင် ထိုအဖွဲ့နှစ်ဖွဲ့အား စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေး ဗျူရို Defence Services Intelligence Bureau (DSIB) အမည် ဖြင့် ပေါင်းစည်းခဲ့သည်။ သို့သော်လည်း ထိုအမည်အစား စစ်ထောက်လှမ်းရေး အကြီးအကဲ ရုံး Office of the Chief of Military Intelligence (OCMI) အဖြစ် လူသိများခဲ့သည်။
နှစ်ပေါင်း နှစ်ဆယ်ကျော် ကာလပတ်လုံး ထောက်လှမ်းရေး အဖွဲ့များ အားလုံးသည် မြန်မာ လူ့အစည်းအရုံးကြီး အတွင်း ဖြစ်ပေါ်ပြောင်းလဲလာမှု နှင့် ရိုက်ခတ်ခံခဲ့ရမှုများ တွင် အဓိက တာဝန် ရှိခဲ့သည့် တဦးတည်းသော ပုဂ္ဂိုလ်ဟု ဆိုရမည့် ဗိုလ်ချုပ်ကြီး ခင်ညွန့်ဆိုသူ၏ ကွပ်ကဲမှု အောက်တွင် ရှိလာခဲ့သည်။