သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(183)

by Hla Soewai - Sep 30 2023

ဧည့်ခန်းဆောင်များရှိ ရုပ်မြင်သံကြား တော်လှန်ရေး (၅)

 

ထိုသို့ အမေရိကန် တနိုင်ငံလုံး ဗျာများနေချိန်တွင် စိတ်အပြောင်းအလွဲ ဖြစ်ရန် The Beverly Hillbillies ကဲ့သို့ ရုပ်သံ ဇာတ်လမ်း များကို ထုတ်လွှင့်လာခဲ့သည်၊ တောက တက်လာသော ဆင်းရဲသား မိသားစုသည် ဟော်လီဝုဒ် ရှိ လူချမ်းသာများ နေထိုင်ရာ ဘီဗာလီ ဟေးလ် ရပ်ကွက်ကြီးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြင့် ဇာတ်အိမ် ဖွဲ့ထားသည်။

 

နောက်ထပ် ဟာသ ဇတ်လမ်းတခုကား "Gillian's Island" ဖြစ်ပြီး သုံးနာရီကြာ ပင်လယ်ပြင် အပျော်ခရီး ထွက်လာသူများ လူသူမနေသည့် ကျွန်းတကျွန်း ပေါ်တွင် သောင်တင်သွားခဲ့သည့် စိတ်ကူးယဉ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ကြည့်နိုင်ရန် တင်ဆက်ခဲ့သည်။ ထို့အပြင် "Bewitched" နှင့် "I Dreamed of Jeannie" ကဲ့သို့ မျက်လှည့်ဆန်ဆန် ဇာတ်လမ်းများလည်း ထုတ်လွှင့်ခဲ့သည်။

 

Texaco Star Theatre ရုပ်သံ ဇာတ်လမ်းတွဲများမှ အစပြုပြီး ရုပ်မြင်သံကြားသည် အမေရိကန်တို့၏ ဖျော်‌ဖြေရေး နယ်ပယ်တွင် အခိုင်အမာ နေရာယူလာခဲ့သည်။ "Ed Sullivan Show" သည် ၁၉၄၈ မှ ၁၉၇၁ အထိ တနင်္ဂနွေ ညတိုင်း အမေရိကန် တို့ မပျက်မကွက် ကြည့်ရှုကြသည့် ရုပ်သံ အစီအစဉ် အဖြစ် ရပ်တည်လာနိုင်ခဲ့သည်။ ၁၉၅၆ တွင် အဆိုပါ အစီအစဉ် မှ နေ၍ အဲဗစ် ပရက်စလေ ၏ တိုက်ရိုက် ဖျော်ဖြေ တင်ဆက်မှုအား သန်း ၆၀ သော အမေရိကန်တို့ ကြည့်ရှုခဲ့ကြသည်။ ၁၉၆၄ တွင် ဘီးတဲလ် တေးဂီတ အဖွဲ့၏ Ed Sullivan Show မှ ပထမဆုံး အကြိမ် တိုက်ရိုက် ဖျော်ဖြေတင်ဆက်မှု အား ကြည့်ရှုသူ ၇၃ သန်း ထိ ရှိလာသည်။

 

ပရက်စလေ နှင့် ဘီးတဲလ် အဖွဲ့သည် အားပေးသူ ပရိသတ် ထုနှင့် ထည်နှင့် ရှိပြီး ဖြစ်သော်လည်း ယခုလို ရုပ်မြင်သံကြား အစီအစဉ်တွင် ပါဝင်လာခဲ့ခြင်းကပင် သမိုင်းဝင် ဖြစ်ရပ်တခု အဖြစ် ထွက်ပေါ်လာခဲ့သည်။

 

Ed Sullivan Show သည် နောက်ထပ် ထပ်၍ ဆန်းသစ် နိုင်ခဲ့ပြန်သည်က အာဖရိကန် အမေရိကန် လူမည်း အနုပညာရှင်များကို ပွဲထုတ်ပေးလာခြင်းပင် ဖြစ်သည်။ ထိုအထဲတွင် လူးဝစ် အမ်စထရောင်း၊ အယ်လာ ဖစ်ဂျရယ်၊ နတ် ကင်း ကိုးလ်၊ အပ်သာ ကစ်၊ ဆူပရီး နှင့် တမ်တေးရှင်း တို့ ပါလာခဲ့သည်။

 

အော်ပရာ ဝင်းဖရေး က ရုပ်မြင်သံကြားတွင် ချောမောလှပသည့် ဒိုင်ယာနာ ရော့စ်ကို ကြည့်၍ သူမအတွက်လည်း ဖြစ်နိုင်ခြေ အလားအလာ များ နှင့် မျှော်လင့်ချက်များ တဖွားဖွား ပေါ်လာခဲ့သည်ဟု ပြောခဲ့ဖူးသည်။

 

ရုပ်သံ သတင်း ပိုင်း တွင်လည်း အပြောင်းအလဲများ ထွက်ပေါ်လာခဲ့သည်။ ၁၉၆၃ အလုပ်သမားနေ့ မှစ၍ CBS သည် သတင်း တင်ဆက်မှု အား ဆယ်ငါးမိနစ် မှ မိနစ် သုံးဆယ်အထိ တိုးချဲ့ ထုတ်လွှင့်ခဲ့သည်။ ဝေါ်လ်တာ ကရွန်းကိုက်သည် အစီအစဉ် မှုး ဖြစ်လာခဲ့ပြီး ထိုခေတ်က အရေးကြီးသော သတင်းများကို တင်ဆက်ခဲ့၍ "အမေရိကား၏ အယုံကြည်ရဆုံး လူ" အဖြစ် ပြောစမှတ် တွင်ခဲ့သည်။ ၁၉၆၃ နိုဝင်ဘာ ၂၂ ရက် နေ့ ဒါးလက်စ်တွင် သမ္မတ ကနေဒီ လုပ်ကြံခံခဲရမှု ကို အမေရိကန် တို့အား ဦးဦးဖျားဖျား တင်ပြနိုင်ခဲ့သူ လည်း ဖြစ်သည်။

 

သမ္မတ ကနေဒီ၏ ဈာပနာ အခမ်းအနားကို အမေရိကန် လူထု တစုတဝေးတည်း ကြည့်ရှုနိုင်ရန် CBS နှင့် အခြား ရုပ်သံ ကုမ္ပဏီများ တစုတဝေးတည်း ပူးပေါင်း ထုတ်လွှင်ခဲ့ကြသည်။ ထို့အတွက် ကနေဒီ၏ သားဖြစ်သူ ဂျွန် ကနေဒီ ဂျုနီယာ မှ အခေါင်းထဲတွင် လဲလျှောင်းနေသော ဖခင်အား အလေးပြုနေပုံသည် အမေရိကန် တို့ စိတ်အစဉ်တွင် ဖျောက်ဖျက်မရအောင် စွဲထင်ကျန်ရစ်စေခဲ့သည့် ပုံရိပ်တခု ဖြစ်သွားခဲ့ရသည်။ ထိုအခမ်းအနား အား တိုက်ရိုက် ထုတ်လွှင် နိုင်ခဲ့မှု ကြောင့် အမေရိကန် တနိုင်ငံလုံး တချိန်တည်း တပြိုင်တည်းလိုလို အတူတကွ ပူဆွေး ခွင့် ရလာခဲ့သည်။

 

သတင်း တင်ဆက်မှုများသည်လည်း အမေရိကန် အရပ်ဖက် လူမည်းအခွင့်အရေး လှုပ်ရှားမှုကဲ့သို့ပင် နိုင်ငံရေး မူဝါဒ များ အပေါ် ဩဇာ သက်ရောက်လာခဲ့သည်။

 

၁၉၆၅ တွင် လူမည်း အခွင့်အရေး တိုက်ပွဲဝင်သူ တဦးအား အယ်လာဘာမား ပြည်နယ် ဆဲလ်မာ မြို့ပြင်ဖက်ရှိ အက်ဒ်မွန် ပက်တပ်စ် တံတားပေါ်တွင် တိုက်ခိုက်ခံခဲ့ရသည့် သတင်းကို ရုပ်သံ သတင်းများ တွင် အကျယ်တဝင့် ဖေါ်ပြလာ၍ သမ္မတ လင်ဒန် ဂျွန်ဆင် အတွက် မဲပေးပိုင်ခွင့် အက်ဥပဒေကို ပြဋ္ဌာန်း နိုင်ရေး တွင် ထောက်ခံမှုများ အခိုင်အမာ ရသွားစေခဲ့သည်။

 

NBC ရုပ်သံ သတင်း ထုတ်လုပ်သူတဦးက "ရုပ်မြင်သံကြားသည် သတင်းစာနှင့် မဂ္ဂဇင်းများလို မဟုတ်ပဲ မျက်မြင် တွေ့ရသကဲ့သို့ ခံစားမှုမျိုးကို ပေးနိုင်သည်ဟု ဆိုသည်။ ထိုကဲ့သို့ ခံစားရမှု မှ လုပ်ရပ်များ ထွက်ပေါ်လာအောင် တွန်းအားပေးနိုင်ခဲ့သည်။

 

ဤသည်ကပင် ဗီယက်နမ်စစ် အပေါ် အမေရိကန်တို့ သဘောထား ပြောင်းလာစေခဲ့သည့်အကြောင်းခြင်းရာ တခု ဖြစ်လာခဲ့သည်။ ဗီယက်နမ် စစ်သတင်းများ အား တင်ပြလာမှုသည် အမေရိကန် ခေါင်းဆောင်များ အဖို့ မျက်စိမျက်နှာ ပျက်စရာ ဖြစ်လောက်အောင် ဆိုးဝါးသော ပြယုဒ်များ ထွက်ပေါ်လာခဲ့သည်။ အမေရိကန် လူထု အကြားလည်း ထိတ်လန့် တုန်လှုပ်လာခဲ့၍ New Yorker သတင်းစာ၏ မိုက်ကယ် အားလင်း မှ "ဧည့်ခန်းဆောင် စစ်ပွဲ" ဟု ပထမဦးဆုံး ကင်ပွန်းတပ်လာခဲ့သည်။

 

ရုပ်သံသတင်းများကြောင့် အမေရိကန် လူထု အကြား စစ်ဆန့်ကျင်ရေး သဘောထားများ မည်မျှ အတိုင်းအတာအထိ မြင့်မားလာခဲ့သည်ကို အတိအကျ မသိနိုင်သော်လည်း သမိုင်း ပညာရှင် ချက်စတာ ပက်ခ်ျ က "ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်တွင် အမေရိကန် ပြည်သူတို့ တွေ့မြင်ခဲ့ရမှုသည် စစ်မြေပြင်တွင် တကယ်တမ်း ဖြစ်ပျက်ခဲ့သည်များ ကဲ့သို့ပင် အရေးပါကောင်း ပါလာနိုင်ဖွယ် ရှိသည်" ဟု သမ္မတ ဂျွန်ဆင်က ယုံကြည်လာခဲ့သည်ဟု ပြောပြခဲ့သည်။