သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(182)

by Hla Soewai - Sep 26 2023

ဧည့်ခန်းဆောင်များရှိ ရုပ်မြင်သံကြား တော်လှန်ရေး (၄)

 

မက္ကာသီအား စိန်ခေါ်ရမည့် အရေးသည် လွန်စွာမှ အန္တရာယ် များလှသဖြင့် မောရိုး အပါအဝင် မီဒီယာ သမား များ လက်ရှောင်နေခဲ့ကြသည်က များပေသည်။ 

 

၁၉၅၄ မတ်လ ၉ ရက်နေ့တွင်ဝောာ့ မောရိုးသည် သူ၏ See it Now ရုပ်သံ အစီအစဉ် မှ မက္ကာသီ ၏ တာဝန်မဲ့စွာ ပြောဆိုနေမှု များကို သူပြောသည့် စကားများသုံး၍ ဖွင့်ချ ဖေါ်ထုတ်လိုက်သည်။

 

"အကြောက်တရား၏ တွန်းအားပေးမှု ကြောင့်တော့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ကျိုးကြောင်း ဆင်ခြင်နိုင်မှု ကင်းမဲ့စွာ နေထိုင်သွားရမယ့် ခေတ်ကြီးထဲ ဆွဲခေါ်ခံလို့ မဖြစ်ဘူး" ဟု မောရိုးက ပြောလာခဲ့သည်။

 

နှစ်ကုန်ပိုင်း ရောက်လာသည့် အခါတွင်တော့ အထက်လွှတ်တော်သည် မက္ကာသီအား ပြင်းထန်စွာ ပြစ်တင် ရှုတ်ချသည့် ကျေညာချက်ကို ထုတ်ပြန်လာခဲ့မှု နှင့် အတူ မက္ကာသီဝါဒ သည်လည်း နိဂုံးချုပ်သွားခဲ့ရသည်။ ထိုသို့ နိဂုံးချုပ်သွားခဲ့ရခြင်းမှာ မောရိုး ကြောင့်ချည်းတော့ မဟုတ်၊ သူ၏ ထင်ပေါ်ကျော်ကြားမှု နှင့် ရုပ်မြင်သံကြား ဆိုသည့် ကြားခံဆက်သွယ်ရေး ကြောင့် မက္ကာသီ အား ဆန့်ကျင် နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

 

ရုပ်မြင်သံကြားသည် နိုင်ငံရေး နှင့် ကမ္ဘာရေးရာများ တွင် လွန်စွာ ထိုးဖေါက် ရိုက်ခတ်စေနိုင်သည့် အင်အားကြီး တရပ် ဖြစ်လာခဲ့သည်။ ဤသည်ကို ၁၉၆၀ သမ္မတ ရွေးကောက်ပွဲတွင် သိသာထင်ရှားစွာ တွေ့ခဲ့ရသည်။ ဒီမိုကရက် နှင့် ရီပတ်ဘလီကင် ကိုယ်စားလှယ် လောင်းများ၏ စကားစစ်ထိုးပွဲကို ရုပ်မြင်သံကြားမှ ပထမဆုံး တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။

 

လူငယ် ဖြစ်သော် ဒီမိုကရက် သမ္မတလောင်း ဂျွန်

အက်ဖ် ကနေဒီ ၏ ပျိုမြစ်နုနယ်သော ရုပ်ဆင်း နှင့် နှစ်လိုဖွယ် ကောင်းသည့် အမူအရာများသည် ရုပ်မြင်သံကြား မျက်နှာပြင်ပေါ်တွင် လွန်စွာ ပနာရ နေသည်။ ပြိုင်ဖက် ဖြစ်သူ ရီပတ်ဘလီကင် သမ္မတလောင်း ဒုသမ္မတ ရစ်ချတ် နစ်ဆင်သည် မနေတတ် မထိုင်တတ် နှင့် မအီမသာ ဖြစ်နေသည်ကိုလည်း ရုပ်မြင်သံကြား ကြည့်နေသူများ သတိမပြုမိပဲ မနေနိုင်အောင် ဖြစ်လာခဲ့သည်။ ရုပ်မြင်သံကြားသည် ထိုစဉ်က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရသည့် ရွေးကောက်ပွဲတွင် ကနေဒီ အား မဲအရည်အတွက် အစွန်းထွက် ဖြင့် အနိုင်ရအောင် ပံ့ပိုးပေးနိုင်ခဲ့သည်။

 

ကနေဒီသည် အိမ်ဖြူတော်သို့ ရောက်ရှိလာပြီး နောက်တွင်လည်း သူ့အတွက် လက်တွဲ‌ဖေါ် မဟာမိတ်လို ဖြစ်လာခဲ့ပြန်သည်။ ၁၉၆၂ ဖေဖေါ်ဝါရီလ တွင် သမ္မတ ကတော် ဂျက်ကလင်း ကနေဒီ၏ အိမ်ဖြူတော်အား ပြုပြင် မွမ်းမံခဲ့သည်များကို ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည်။ သူမနောက်မှ CBS ရုပ်သံ အဖွဲ့ လိုက်ပါလာပြီး အိမ်ဖြူတော်အား လှည့်ပတ်ပြသခဲ့ရာ ၅၆ သန်းခန့် ရှိသော အမေရိကန် လူထုသည် စိတ်ဝင်တစား ကြည့်ခဲ့ကြသည်။

 

နောက်ပိုင်း ၆ လ အကြာတွင် သမ္မတ ကိုယ်တိုင် ရုပ်မြင်သံကြားမှ တဆင့် တနိုင်ငံလုံးသို့ တိုက်ရိုက် မိန့်ခွန်း ပြောကြားခဲ့သည်။

 

၁၉၆၂ အောက်တိုဘာ ၂၂ ရက်နေ့တွင် ကျုးဘားတွင် နျူကလီယား ဒုံးကျည်များ ချထားရန် စခန်းများ တည်ဆောက်နေသည်ကို အမေရိကန် သူလျို လေယာဉ်များက တွေ့ရှိခဲ့ကြောင်း သမ္မတ မှ ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။ တဆက်တည်း ဆိုသလိုပင် ဆိုဗီယက်တို့၏ အနောက်ကမ္ဘာခြမ်းအား ကျုးကျော် ဝင်ရောက်ရန် အကြံအစည်များကို အခိုင်အမာ ရပ်တည့် ဆန့်ကျင်သွားမည်ဟုလည်း ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

ထိုသို့ အမေရိကန် တို့အတွက် အန္တရာယ်ကြီး ကျရောက်လာနေချိန်တွင် ရုပ်မြင်သံကြားသည် သမ္မတ အား တနိုင်ငံလုံး စည်းလုံးညီညွတ်ကြရန် တိုက်ရိုက် လှုံ့ဆော်နိုင်သည့် အခွင့်အလန်းကို ပေးနိုင်ခဲ့သည်။

 

ထိုအရေး အခင်းကြီးကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရန် အတွက်လည်း ကနေဒီသည် ရုပ်မြင်သံကြားကို အသုံးချလာခဲ့သည်။ ကနေဒီသည် အမေရိကန်တို့၏ တောင်းဆိုချက်များအား နိုင်ငံသို့ ချပြနိုင်ခဲ့သည်။ "ကမ္ဘာငြိမ်းချမ်းရေး အား ရန်စ ခြိမ်းခြောက်နေသည့် လုပ်ရပ်များအား" ရပ်တန်းကရပ်ရန် ဆိုဗီယက် ခေါင်းဆောင် နီကီတာ ကရူးရှက်အား တောင်းဆိုခဲ့သည်။ ဤနေရာတွင် အမေရိကန်၏ ရည်မှန်းချက်သည် အင်အားဖြင့် အောင်ပွဲခံရန် မဟုတ်ပဲ အမှန်တရား ဖက်က သက်သေထူနိုင်ဖို့ အတွက် ဖြစ်သည်ဟု ကနေဒီက ဆိုသည်။ အကယ်၍ ဆိုဗီယက်တို့၏ ရန်စမှု ကို မိမိတို့မှ မတုန့်ပြန်ခဲ့လျှင် အမေရိကန်တို့ အန္တရာယ်ကြီးနှင့် ရှေ့လျှောက် ရင်ဆိုင်သွားရဖို့သာ ရှိသည်ဟု ကနေဒီက သတိပေးခဲ့ပြန်သည်။

 

ဆယ်သုံးရက်လုံးလုံး အမေရိကန် တနိုင်ငံလုံး အသည်းတထိတ်ထိတ် ရင်တဖိုဖို ဖြင့်‌ ရုပ်မြင်သံကြားမှ မျက်နှာ မခွာပဲ စောင့်ကြည့်နေခဲ့ကြရသည်။ အားလုံးစိတ်ထဲတွင် မနက်ဖန် ဆိုသည်က ရှိခြင်မှ ရှိတော့မည်ဟု လက်ခံထားကြပြီ ဖြစ်သည်။

 

ထိုအချိန်တွင် အိမ်ဖြူတော် နှင့် ကရင်မလင် အကြား သံတမန် လမ်းကြောင်းမှ တဆင့် ကြေးနန်းများ ဖြင့် အပြန်အလှန် ဆက်သွယ်ပြောဆိုနေကြသည်။ တနိုင်ငံလုံးသည် ထိုအန္တရာယ်ကြီးအတွက် သမ္မတ နောက်မှ မားမားမတ်မတ် ရပ်တည်ခဲ့ကြသည်။ နောက်ဆုံးတွင်တော့ ဆိုဗီယက်တို့ အလျော့ပေးသွားခဲ့ရသည်။