သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(180)

by Hla Soewai - Sep 22 2023

ဧည့်ခန်းဆောင်များရှိ ရုပ်မြင်သံကြား တော်လှန်ရေး (၃)

 

အခြား ရုပ်သံ ကုမ္ပဏီများဖြစ်သော CBS, ABC နှင့် Dumont ( ၁၉၅၀ ကျော် နှစ်များ အလယ်ပိုင်းတွင် ရပ်ဆိုင်းသွား) တို့မှ လူကြည့်များသည့် အချိန်များတွင် အပြိုင်အဆိုင် အစီအစဉ် များ တင်ဆက်လာကြသည်။ ရေဒီယိုမှ တဆင့် ‌ဖျော်ဖြေတင်ဆက်မှု များ ကျဆင်းသွားခဲ့သည်။ အလားတူ ရုပ်ရှင်ရုံများ တွင်လည်း လက်မှတ် အရောင်းထိုင်းလာသည်။

 

အမေရိကန်တို့ အစဉ်အလာ ကျင့်သုံးလာခဲ့သော ဓလေ့ထုံးတမ်းများသည်လည်း ရုပ်မြင်သံကြား ကြောင့် အပြောင်းလဲကြီး ပြောင်းလဲ လိုက်လာနေပြီ ဖြစ်သည်။ ၁၉၅၀ ကျော် နှစ်များအား ရုပ်မြင်သံကြား ရွှေခေတ်ဟု ပင် ပြောစမှတ် ဖြစ်လာခဲ့သည်။

 

CBS ရုပ်သံ၏ "I Love Lucy" အစီအစဉ် သည် ထူးထူးခြားခြား အောင်မြင်လာခဲ့သည်။ အပြင်တွင်လည်း ဇနီးမောင်နှံ ဖြစ်ပြီး ကိုယ်တိုင် ပူးပေါင်း ထုတ်လုပ်ခဲ့သည့် လူစီလီ ဘော နှင့် ဒေစီ အာနတ်ဇ်တို့မှ ထိုအစီအစဉ်တွင် လူစီ နှင့် ရစ်ကီ ရစ်ကာဒို တို့ အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ပြီး မိတ်ဆွေ ရင်းခြာများ နှင့် အိမ်ပိုင်ရှင် အဖြစ် ဖရက် နှင့် အီသယ် မားဇ်တို့ ပါဝင်ခဲ့သည်။

 

ဇာတ်လမ်း သဘောအရ လူစီသည် ဖျော်ဖြေရေး နယ်ပယ်တွင် နေရာတခု ရချင်သော်လည်း ခင်ပွန်း ဖြစ်သူ တီးဝိုင်း ခေါင်းဆောင် မှ ကာဆီး ကာဆီး လုပ်နေသည့် အကြောင်းဖြစ်သည်။

 

ထိုဇာတ်လမ်းတွဲများသည် စစ်ပြီးနောက် အမေရိကန်တို့၏ စိတ်ခံစားမှု နှင့် အပြောင်အပျက် နေထိုင်တတ်မှု တို့ကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖေါ်နိုင်ခဲ့သည်။ ယင်းကို အတုယူ၍ sitcoms ရုပ်သံ ဟာသ အစီအစဉ်များ ပေါ်ထွက်လာသည်မှာ ယနေ့အထိပင် ဖြစ်သည်။

 

"I Love Lucy" သည် အမေရိကန် အိမ်ထောင်စု ဆယ်သန်း ခန့် ကြည့်ရှုခဲ့ကြသော ပထမဆုံး ရုပ်သံ အစီအစဉ် အဖြစ် စံချိန်တင်သွားခဲ့သည်။ ၁၉၅၂ ဧပြီ ၇ ရက် တွင် နိုင်ငံ လူဦးရေ၏ ၂၀ ရာနှုန်းဖြစ်သော သန်း ၃၀ ခန့် ကြည့်ရှုသည်အထိ ဖြစ်လာခဲ့သည်။

 

သတင်း တင်ဆက်မှုသည်လည်း ရုပ်သံ ကုမ္ပဏီများ အတွက် လွန်စွာ အကျိုးအမြတ် ထွက်လာခဲ့သည်။ ၁၉၄၈ ဖေဖေါ်ဝါရီ လတွင် NBC သည် Camel Newsreel Theatre အမည်ဖြင့် ညစဉ် သတင်းများ ထုတ်လွှင့်လာခဲ့သည်။ ၁၉၄၈ သမ္မတ ရွေးကောက်ပွဲ နှင့် ဒီမိုကရက် နှင့် ရီပတ်ဘလီကင် ပါတီ သမ္မတ လောင်း ‌ရွေးချယ်ပွဲ ညီလာခံ သတင်းများကို ကြည့်ရှုခွင့် ရလာခဲ့သည်။ CBS သည်လည်း ၁၉၄၈ ဧပြီလတွင် နေ့စဉ် သတင်းအစီအစဉ်ကို စတင်ထုတ်လွှင့်လာခဲ့ပြီး ABC သည် ၁၉၅၃ တွင် ထုတ်လွှင့်နိုင်ခဲ့သည်။

 

၁၉၄၉ တွင် စတင်ခဲ့‌ သော ဖက်ဒရယ် ကြေးနန်းဆက်သွယ်ရေး ကော်မရှင်၏ မျှတမှု ရှိစေရေး လမ်းညွှန်ချက်အရ သတင်းတင်ဆက်မှု များသည် မျှမျှတတ ရှိရန် လိုအပ်လာခဲ့၍ အမေရိကန် လူထု အတွက် ယုံကြည်စိတ်ချရသော သတင်းများ ဖြစ်လာခဲ့သည်။ ယင်းနှင့် အတူ ရေဒီယို သတင်းများ နေရာတွင် အစားထိုး ဝင်ရောက်လာနိုင်ခဲ့ပြီ ဖြစ်သည်။

 

ရုပ်သံ သတင်းထောက်များထဲတွင် စောစီးစွာ ထင်ရှားလာခဲ့သူသည် CBS မှ အက်ဒွပ် အာ မောရိုး ဆိုသူ ဖြစ်သည်။ သူသည် ဒုတိယ ကမ္ဘာစစ် အတွင်း စစ်သတင်းများကို လန်ဒန်မှ တင်ဆက်ခဲ့ပြီး ဖြစ်၍လည်း အမေရိကန် လူထု နှင့် ရင်းနှီးကျွမ်းဝင်ခဲ့သူလည်း ဖြစ်သည်။ မောရိုးသည် ၁၉၅၁ တွင် See it Now ဆိုသည့် ရုပ်သံ မဂ္ဂဇင်း နှင့် သတင်း မှတ်တမ်းကားများကို စတင် တင်ဆက်လာခဲ့သည်။

 

၁၉၅၄ မတ်လတွင် မောရိုးသည် မက္ကာသီ ဝါဒကို ကိုင်တွယ်မှ ဖြစ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ပြီးခဲ့သည့် နှစ်များအတွင်း ဝစ္စကွန်ဆင် ပြည်နယ်မှ ရီပတ်ဘလီကင် အထက်လွှတ်တော် အမတ် ဂျိုးစက် မက္ကာသီသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် ရုပ်ရှင် ဂီတ လောကအတွင်း ကွန်မြူနစ် များ နှင့် ကွန်မြူနစ် လိုလားသူများကို ဖေါ်ထုတ်ရန် ဆိုကာ အခြေအမြစ် မရှိသော စွပ်စွဲမှု များ ဖြင့် စုံစမ်း စစ်ဆေးမှု များ ကြောင့် အမေရိကန် လူထု အကြား အကြောက်တရား နှင့် အတူ ယုံထင်ကြောင်ထင် ဖြစ်လာခဲ့သည်။