သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(179)

by Hla Soewai - Sep 21 2023

ဧည့်ခန်းဆောင်များရှိ ရုပ်မြင်သံကြား တော်လှန်ရေး (၂)

 

သမ္မတ ဖရန်ကလင် ဒီ ရုစ်ဘဲလ်၏ မိန့်ခွန်း ထုတ်လွှင့်ပြီး ရက်အနည်းငယ် အကြာတွင် ဖော့်စ် မဂ္ဂဇင်းကြီး၌ ရုပ်မြင်သံကြား အတွက် ဒေါ်လာ သန်းပေါင်းများစွာ သုတေသနပြု ရင်းနှီး မြုပ်နှံပြီး နောက်တွင် အများပြည်သူ ဝယ်ယူ သုံးစွဲ နိုင်မည့် အသုံးအဆောင် ပစ္စည်းမျိုး ဖြစ်လာတော့မည်ဟု သတင်း ပါရှိလာခဲ့သည်။ သို့သော် ပေါ်ကာစ ဖြစ်၍ တန်ဖိုးသည် မိသားစု အတော်များများ အဖို့ အနားမကပ်နိုင်လောက် အောင် ဈေးကြီး လွန်းနေဆဲပင် ဖြစ်သည်။

 

သို့သော် ၁၉၄၀ ကျော်နှစ်များ အကုန်ပိုင်းလောက်တွင် စီးပွားရေး တိုးတက်လာသည့်နှင့် အမျှ နည်းပညာ သည်လည်း အဆင့်မြင့်လာခဲ့၍ မိသားစုများ အပန်းဖြေရန် ဝယ်ယူ သုံးစွဲနိုင်သည့် အနေအထား ရောက်လာခဲ့သည်။

 

၁၉၄၈ ဇွန်လတွင် NBC သတင်းဌာနမှ Texaco Star Theatre ဟာသ ပ‌ဒေသာ ပွဲ ကို ရုပ်မြင်သံကြား တွင် စတင် ပြသလာခဲ့သည်။ ချက်ခြင်း ဆိုသလိုပင် အထူးအောင်မြင်ကျော်ကြားသွားခဲပြီး တနှစ် အတွင်း အမေရိကန် ငါးသန်းခန့် အပတ်စဉ် အင်္ဂါနေ့ ည ရှစ်နာရီ ရောက်တိုင်း မလွတ်တမ်း စောင့်ကြည့်ရသော အစီအစဉ် ဖြစ်လာခဲ့သည်။

 

ဤသည်ကို ကြည့်၍ နယူးယောက်တိုင်းမ် သတင်းစာမှ ရုပ်မြင်သံကြား ခေတ် ၏ တော်လှန် ပြောင်းလဲလာနိုင်မည့် အလားအလာများကို ရေးသား လာခဲ့သည်။ ရုပ်မြင်သံကြားသည် အချိန်နှင့် အကွာအဝေးကို အနိုင်ယူနိုင်စွမ်း ရှိလာသဖြင့် လူထု ထံ အလျှင်အမြန် နှင့် မျက်မြင် ကိုယ်တွေ့ တင်ဆက်နိုင်မည့် တခုတည်းသော ကြားခံ မီဒီယမ် ဖြစ်သည်ဟု ဆိုသည်။

 

စစ်ပြီးခေတ် ကလေးအများ အပြား မွေးဖွားခဲ့သည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ မိသားစုများသည် မြို့ကြီးများအား စွန့်ခွာပြီး ကျယ်ကျယ်ဝန်းဝန်း ရှိမည့် မြို့စွန်များသို့ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့လာကြသည်။ ထို အချိန်တွင် အမေရိကန် စီးပွားရေးသည် တဟုန်ထိုး တိုးတက်လာသဖြင့် အိမ်များ ခြံမြေများ ဝယ်ယူနိူင်အောင် ဝင်ငွေလည်း မြင့်မားလာခဲ့ကြသောကြောင့် လည်း ဖြစ်သည်။ သူတို့အားလုံး အတွက် ရုပ်မြင်သံကြားသည် တခုတည်းသော အပန်းဖြေရာ အဖြစ် အစားထိုး လာနိုင်ခဲ့၍ မြို့ကြီးပြကြီးများ၏ ပျော်ရွှင်စရာ များကို အလွယ်တကူ စွန့်လွှတ်နိုင်ခဲ့ကြသည်။

 

ရုပ်မြင်သံကြား ပိုင်ဆိုင်မှု နှင့် ကြည့်ရှုနိုင်မှု တို့သည် အမေရိကန် လူလတ်တန်းစား အဆင့်အတန်း အား တိုင်းတာ၍ ရသည့် စံနှုန်း ဖြစ်လာခဲ့သည်။ ရုပ်မြင်သံကြား ကုမ္ပဏီများသည်လည်း လူလတ်တန်းစား လူဖြူ မိသားစု များ အတွက် ရည်ရွယ်ပြီး ထုတ်လုပ်လာခဲ့သည်။

 

အစဉ်အလာ တန်ဖိုးထားမှုများ နှင့် မိသားစုဘဝ တည်ဆောက်လိုသည့် အမေရိကန် နိုင်ငံသားများ အတွက် "The Adventures of Ozzie and Harriet" နှင့် "Father Knows Best" ရုပ်သံ ဇာတ်လမ်း တွဲများသည် ရုပ်မြင်သံကြား ဖန်သားပြင် ငယ်လေးပေါ်မှ နေ၍ အမေရိကန် လူလတ်တန်းစားတို့၏ လက်ရှိ လူနေမှု ဘဝ ကို သရုပ်ဖေါ် ထားသဖြင့် ထိုအဆင့်အတန်း ရရှိထားပြီး သူများ သည်မိမိတို့ မည်သို့ မည်ပုံ နေထိုင်သင့်ကြောင်း နှင့် ထိုသို့ ဖြစ်မလာသေးသူများ အတွက်လည်း ကြိုးစားချင်စိတ်များ အား လှုံ့ဆော်ပေးနိုင်ခဲ့သည်။

 

အမေရိကန် ရုပ်သံ ဇာတ်လမ်းတွဲများ ပို၍ လူကြိုက်များလာ‌လေ လူသုံးကုန်များ ထုတ်လုပ်သော ကုမ္ပဏီကြီးများသည်လည်း ရင်းနှီးမြုပ်နှံရန် စိတ်အားထက်သန်‌လေ ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် အစီအစဉ်များ တိုးချဲ့ထုတ်လုပ်လာကြပြီး ကြော်ငြာများဖြင့် ဝင်ငွေများ တိုးပွားလာခဲ့သည်။ ယင်းနှင့် အတူ ရုပ်မြင်သံကြား တော်လှန်ရေးသည် အရှိန် မြင့်တက်လာခဲ့တော့သည်။

 

၁၉၅၀ အရောက်တွင် စစ်တမ်းများအရ အမေရိကန် အိမ်‌ထောင်စု စုစုပေါင်း၏ ၉ ရာနှုန်းသည် ရုပ်မြင်သံကြား ပိုင်ဆိုင်‌လာပြီ ဖြစ်သည်။ ၁၉၅၃ တွင် ပိုင်ဆိုင်မှု သည် ၅၀ ရာနှုန်း အထိ မြင့်တက်လာခဲ့သည်။ ၁၉၆၀ တွင်တော့ ၉၀ ရာနှုန်း အထိ ဖြစ်လာခဲ့သည်။

 

NBC သည် Texaco Star Theatre ဇာတ်လမ်းတွဲများ အပြင် ရေဒီယို အစီအစဉ် ဖြစ်သော Meet the Press ကိုပါ ၁၉၄၇ တွင် ရုပ်မြင်သံကြားမှ တဆင့် ထုတ်လွှင့် ပြသခဲ့သည်။ ထိုနှစ်မှာပင် ကလေးများ အတွက် Howdy Doody ဇာတ်လမ်းများကိုပါ ပြသခဲ့သည်။ ၁၉၅၂ ဇန်နဝါရီတွင်တော့ NBC သည် နံနက်ပိုင်း ရုပ်သံအစီအစဉ် Today Show ကို ပထမ ဆုံး အဖြစ် ဦးဦးဖျားဖျား ထုတ်လွှင့်ပြသ နိုင်ခဲ့သည်။