သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(178)

by Hla Soewai - Sep 21 2023

ဧည့်ခန်းဆောင်များရှိ ရုပ်မြင်သံကြား တော်လှန်ရေး

 

၁၉၈၃ ခုနှစ် ဖေဖေါ်ဝါရီ ၂၈ ရက်နေ့တွင် CBS ရုပ်သံမှ "Goodbye, Farewell and Amen" ဟု နှုတ်ဆက် စကား ဖြင့် လူအများ နှစ်ခြိုက်စွာ ကြည့် ရှု နေသည့် M.A.S.H ရုပ်သံစီးရီး အား နှစ်နာရီခွဲကြာ အပြီးသတ် ထုတ်လွှင့်ခြင်း မပြုမီ စတင်ခဲ့သည်။ ထို ရုပ်သံ စီးရီး အား Sit Com ဟု အတို ကောက် ခေါ်ကြသည့် Situations Comedy လက်တန်း‌ ဘောက်ပျက်လုံးများ ဖြင့် ဆယ်တစ်နှစ်ကြာ အပိုင်းများ ခွဲ ပြသလာမှု သည် အဆုံးသတ် သွားခဲ့သည်။

 

ဇာတ်လမ်း သဘောသည် ကိုရီယား စစ်ပွဲကြီး အတွင်း အမှုထမ်းခဲ့သည့် အမေရိကန် ဆရာဝန်များ နှင့် သူနာပြုများ အကြောင်း ဖြစ်သည်၊ ကိုရီယား စစ်ပွဲသည် သုံးနှစ်ကျော်သာ ကြာမြင့်ခဲ့သော်လည်း ထိုစီးရီးအား ဆယ်တစ်နှစ် ခန့် အထိ ဆွဲဆန့် ရိုက်ကူး တင်ဆက်ခဲ့ခြင်း ဖြစ်သည်။

 

ထိုဇတ်လမ်းတွဲများ တွင် အမေရိကန် တို့ ပြည်ပစစ်ပွဲများတွင် ပါဝင်ပတ်သက်နေခြင်းကို စိတ်ပျက် ငြည်းငြူသည့် အပြောအဆို အမူအယာများ တွေ့ကြရမည် ဖြစ်ပြီး ဇာတ်ရုပ်များ ဖြစ်သည့် ဟော့ကိုင်း 

ပီးရတ်စ်၊ ရာဒါ အို ရိုင်လီ၊ ဟော့ လစ် ဟူလီဟန် တို့၏ ခပ်ရွတ်ရွတ် အပြောများကြောင့် ပရိသတ်များ တဝါးဝါး ပွဲကျခဲ့ကြရသည်။

 

ထိုဇာတ်လမ်းတွဲအား စတင်ထုတ်လွှင့်ခဲ့သည့် အချိန်သည် ဗီယက်နမ် စစ်ပွဲတွင် အမေရိကန်တို့ ပတ်စာခွာ ဖျာသိမ်းနေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။ ကနဦး တွင် ထိုဇာတ်လမ်းတွဲများအား လူကြိုက်နည်းခဲ့သည်။ သို့သော် ၁၉၈၀ နှစ်များ ထဲ ရောက်လာချိန်တွင်တော့ အမေရိကန်တွင် လူကြိုက်အများဆုံး ဖြစ်လာခဲ့သည်။ M.A.S.H ၏ နောက်ဆုံး ဇာတ်သိမ်း သည် ၂၀၁၀ အမေရိကန် Super Bowl မတိုင်မီ အမေရိကန် ရုပ်သံ သမိုင်းတွင် လူကြည့် အများဆုံး စံချိန်ကို ထိန်းထားနိုင်ခဲ့သည်။

 

နောက်ဆုံး ဇာတ်လမ်းတွဲ ထုတ်လွှင့်ခဲ့ပြီး နောက် ရက်ပေါင်းများစွာ ကြာသည်အထိ မိတ်ဆွေ အချင်းချင်း၊ လုပ်ငန်းခွင်ရှိ လုပ်ဖေါ်ကိုင်ဖက်များ အကြား ထင်မြင်ယူဆချက်များကို ပြောဆိုနေခဲ့ကြသည်။ အဓိက အားဖြင့် ဇာတ်လမ်းပါ ဆရာဝန် စစ်ဗိုလ် ဟော့အိုင်း ပီးရတ်စ် မှ သူ့အား နှုတ်ဆက်ပွဲ တွင် ခပ်ရိုးရိုး ရှင်းရှင်း ပြောသွားမှု အပေါ် ထင်မြင်ချက်များ ဖလှယ်ခဲ့ကြခြင်းပင် ဖြစ်သည်။

 

 ဇတ်ညွှန်းဇာတ်ကွက် ရေးသားဖန်တီးမှု၊ ဒါရိုက်တာ၏ လက်စွမ်းပြ ရိုက်ကူးခဲ့မှု၊ ပါဝင်သူများ၏ အပိုအလိုမရှိ ကွက်တိ သရုပ်ဆောင်နိုင်မှု သည် လည်း ထိုသို့ လူကြိုက်များအောင် ပံ့ပိုးပေးနိုင်ခဲ့သည်။ သို့သော် ထိုဇာတ်လမ်းတွဲ အပေါ် အမေရိကန် လူထု မှ ညီတူမျှတူ စိတ်ပါဝင်စား လာခဲ့မှု သည် နောက်ပိုင်း ဆယ်စုနှစ် အတွင်း စတင်လာခဲ့သည့် အမေရိကန် ယဉ်ကျေးမှု တော်လှန်ရေးကြီးအား မျိုးစေ့ချပေးလိုက်ခြင်းလည်း ဖြစ်ပေသည်။

 

မီဒီယာ အား လေ့လာသူ ပညာရှင်များ မှ ရုပ်မြင်သံကြား အား တီထွင် နိုင်ခဲ့မှု နှင့် တွင်တွင်ကျယ်ကျယ် သုံးစွဲလာမှု များသည် နှစ်ဆယ် ရာစု နှစ် အတွင်း လူမှုရေး တွင် လွန်စွာ အရေးပါသော အပြောင်းအလဲများ ဖြစ်စေခဲ့သည် အပေါ် တညီတညွတ်တည်း ကောက်ချက်ချခဲ့ကြသည်။

 

ကမ္ဘာ ကြီး အပေါ် လူများ၏ ထင်မြင်ယူဆချက်များနှင့် အားလပ်ချိန်ကို မည်သို့ အသုံးချရမည် ဆိုသည့် အပေါ်တွင် လည်း လုံးလုံးလျားလျား ပြောင်းလဲ ပစ်နိုင်ခဲ့သည်။ လူထု ဖျော်ဖြေရေး ပိုင်းတွင်လည်း ကဏ္ဍသစ် ဖွင့်လှစ်နိုင်ခဲ့သည်။ နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု များ နှင့် ပတ်သက်သော သတင်း ထင်မြင် ယူဆချက်များသည်လည်း လူထု အပေါ် ဩဇာ လွှမ်းမိုးလာနိုင်ခဲ့သည်။

 

ထိုသို့ ရုပ်မြင်သံကြားမှ လူ့အဖွဲ့အစည်း တရပ်လုံးအား အသွင်ပြောင်း ပေးနိုင်ခဲ့မှုသည် အခြား တော်လှန်ရေး များလို လမ်းများ ပိတ်ဆို့တားဆီးစရာ မလို၊ အစိုးရ လွှတ်တော် အဆောက်အဦးများအတွင်း ဆွေးနွေးငြင်းခုံစရာ မလိုပဲ အိမ်တိုင်းနီးပါးရှိ ဧည့်ခန်းဆောင်များ အတွင်းမှ ထွက်ပေါ်လာခဲ့ခြင်းသာ ဖြစ်သည်။ ယင်းသည် ကျွနုပ်တို့ အားလုံးကို သက်ရောက်စေခဲ့သည့် တော်လှန်ရေးကြီးလည်း ဖြစ်ပေသည်။ တနည်းအားဖြင့် ဆိုသော် ရုပ်မြင်သံကြားသည် ယဉ်ကျေးမှု တော်လှန်ရေး ကြီး ဖြစ်တည်ရာ၊ နိုင်ငံရေး အပြောင်းအလဲများ ဖြစ်စေသည့် ကိုယ်စားလှယ်တော်ကြီးလည်း ဖြစ်သည်။

 

၁၉၃၆ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့တွင် ဗြိတိသျှ အသံလွှင့် ကော်ပိုရေးရှင်းကြီး ဖြစ်သည့် ဘီဘီစီ သည် ကမ္ဘာတွင် ပထမဦးဆုံး ရုပ်မြင်သံကြား အစီအစဉ်များကို လန်ဒန် မြောက်ဖက် အရပ်ရှိ စတူဒီယို မှ စတင်ပုံမှန် ထုတ်လွှင့်လာနိုင်ခဲ့သည်။ ထိုအချိန်တွင် အမေရိကား၌ ရုရှားနွယ်ဖွား အမေရိကန် နိုင်ငံသား တဦး ဖြစ်သည့် RCA ဥက္ကဌ လည်း ဖြစ်သူ ဒေးဗစ် ဆာနော့ဖ်သည် ထိုသို့ ထုတ်လွှင့်နိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်။

 

ဆာနော့ဖ်သည် ဝက်စတင်းဟောက်စ် မှ အင်ဂျင်နီယာ တဦး ဖြစ်သည့် ဗလာဒီမာ ဇဝါဝီကင် ဆိုသူနှင့် ပူးတွဲ လုပ်ကိုင်ခဲ့သည်။ ဇဝါဝီကင်သည် ရုပ်မြင်သံကြား သ‌ဘောတရားကို ပထမဆုံး တီထွင်ခဲ့သူ ဖီလို ဖန်းဝပ်၏ စမ်းသပ်ခန်းတွင် မြည်းစမ်းကြည့်ခဲ့ပြီးလည်း ဖြစ်သည်။ သို့သော် ကမ္ဘာစီးပွားရေး ပျက်ကပ်ကြီး ဆိုက်ရောက်လာခဲ့မှု နှင့် မူပိုင်ခွင့် မှတ်ပုံတင်မှု အပေါ် အငြင်းပွား ခဲ့ရသဖြင့် လေလှိုင်းမှ တဆင့် ထုတ်လွှင့် ရန် အရေးသည် နှောင့်နှေးသွားခဲ့ရသည်။

 

ဆာနော့ဖ်သည် ၁၉၃၇ တွင် ရောကီဖဲလား စင်တာ ရှိ ရေဒီယို စီတီးမှ ကြော်ငြာတခုကို ရုပ်မြင်သံကြားမှ ထုတ်လွှင့်နိုင်ရန် စီစဉ်ခဲ့သည်။ ထို့နောက် ၁၉၃၉ ဧပြီ ၃၀ ရက်နေ့တွင် သမ္မတ ဖရန်ကလင် ဒီ ရုစ်ဘဲလ်၏ နယူးယောက် ကွင်းစ် အရပ်ရှိ ပွဲခင်းထဲမှ ပြောသော မိန့်ခွန်းအား NBC အသံလွှင့်ဌာနမှ တဆင့် ရုပ်မြင်သံကြား အစီအစဉ် အဖြစ် ထုတ်လွှင့်နိုင်ခဲ့သည်။ သို့သော် နယူးယောက်ရှိ ရပ်ကွက် အချို့သာ ကြည့်နိုင်သေးသည့် အဆင့်သာ ရှိပေသေးသည်။

 

သို့သော် ထိုသို့ ထုတ်လွှင့်နိုင်ခဲ့မှုသည် နောက်ပိုင်းတွင် ကမ္ဘာတဝှမ်း သက်ရောက်လာမည့် အရေးပါသော ဖြစ်ရပ်ကြီး၏ ပွဲဦးထွက် ဖြစ်လာခဲ့သည်။