သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(177)

by Hla Soewai - Sep 21 2023

၁၉၈၉ တော်လှန်ရေးများ (နိဂုံး)

 

ချက်ကိုစလိုဗက်ကီယားရှိ အလွှာအသီးသီးမှ လူထုကြီးသည် ဝင်ဆလာ ရင်ပြင်ကြီးတွင် နေ့စဉ်နှင့်အမျှ စုရုံး ရောက်ရှိလာနေကြချိန်တွင် Charter 77 ကို ထူထောင်ခဲ့သူ ဗားကလပ်‌ ဟေဗယ်သည် ပရပ်ဂ် မြို့ရှိ ပြဇာတ်ရုံကြီး တရုံတွင် သူ့ကဲ့သို့ အစိုးရနှင့် သဘောထားကွဲလွဲသူများ နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်တိုက်ဆိုသလို ပြုလုပ်လျှက် ရှိနေသည်။

 

လှပ ခန့်ညားသည့် အမျိုးသား သမိုင်းပြတိုက်ကြီး၏ အရိပ်မိုးလျက် ရှိနေသော ဝင်ဆလာ ရင်ပြင်ကြီးသည် နှစ်ဆယ်ရာစု နှစ် အတွက် ချက်ကိုစလိုဗက်ကီယား သမိုင်းတွင် အထင်ကရ ပြယုဒ် တခု အဖြစ် ရှိနေခဲ့ပြီးလည်း ဖြစ်သည်။ ထိုရင်ပြင်ကြီးမှနေ၍ ၁၉၁၈ အောက်တိုဘာလတွင် လွတ်လပ်သော ချက်ကိုစလိုဗက်ကီယား နိုင်ငံ အဖြစ် ကျေညာခဲ့သည်။ ထိုရင်ပြင်ကြီးရှိ ခန့်ညား ထယ်ဝါလှသော စိန့် ဝင်ဆလာ ရုပ်ထုကြီး အောက်သို့ ၁၉၆၈ တွင် လူငယ်များသည် နိုင်ငံ၏ ဆိုရှယ်လစ် စနစ်ကို ပြုပြင် ပြောင်းလဲနိုင်ရန် မျှော်လင့်ချက် ဖြင့် စုရုံးရောက်ရှိခဲ့ကြပြီးလည်း ဖြစ်သည်။ သို့သော် ၁၉၈၉ တွင် စုရုံးလာကြသော လူထုကြီးသည် ကား ယခင်က ထက် များစွာ သာလွန်နေသည့် ရည်မှန်းချက်များဖြင့်ရောက်ရှိလာကြခြင်းလည်း ဖြစ်သည်။

 

ကျောင်းသားများ စတင် တိုက်ခိုက်ခံခဲ့ရသည့် နိုဝင်ဘာ ၁၇ ရက် နေ့မှစ၍ ပရပ်ဂ် မြို့တော်သူ မြို့တော်သား များသည် ၎င်းတို့နှင့် သွေးစည်း ညီညွတ်ကြောင်း ပြသသည့် အနေဖြင့် နေ့စဉ်လို စုရုံး ရောက်ရှိလာကြခြင်းလည်း ဖြစ်သည်။ ၎င်းတို့ အားလုံးသည် ငြိမ်းချမ်းစွာ ဖြင့် အလံများ ဝှေ့ရမ်းပြီး လွတ်လပ်ရေး သီချင်းများကို သီဆိုဟစ်ကြွေး ခဲ့ကြသည်။

 

လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ယခင်ကလို ရန်မရှာပဲ ရပ်ကြည့်နေခဲ့ကြသည်။ လူအုပ်ကြီး များသည်ထက် များပြားလာနေပြီး အတိုက်အခံ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများသည် ရင်ပြင်ကြီး အနီးအနား ရှိ ဆိုရှယ်လစ် စာအုပ်တိုက်ကြီး တတိုက်၏ လေသာ ဆောင်မှ နေ၍ မိန့်ခွန်းများ ပြောဆိုလာကြပြီ ဖြစ်သည်။

 

၎င်းတို့အားလုံးသည် ရင်ပြင်နှင့် ကိုက် တရာ ခန့်ဝေးသော ဟေဗယ် ၏ အဖွဲ့မှ တော်လှန်ရေး ဌာနချုပ် အဖြစ် ဖွင့်လှစ်ထားသော မျက်လှည့် မီးအိမ် ကဇာတ်ရုံမှ ထွက်လာကြခြင်း ဖြစ်ပြီး ယင်းနှင့်အတူ ချက်ကိုစလိုဗက်ကီယားတွင် တော်လှန်ရေးကြီး စတင်လာနေပြီ ဖြစ်သည်။

 

နိုဝင်ဘာ ၂၄ ရက်တွင် ဝင်ဆလာ ရင်ပြင်ကြီးတွင် လူနှစ်သိန်းခန့်အထိ များပြားလာခဲ့သည်။ ထိုနေ့ ညနေခင်းမှာပင် ၁၉၆၈ နွေဦးတော်လှန်ရေး၏ အထင်ကရ ပုဂ္ဂိုလ်ကြီး ဖြစ်ခဲ့သော အလက်ဇန္ဒား ဒူးချက် သည် လေသာဆောင် ပေါ် ရောက်ရှိလာခဲ့သည်။ သူ့အား မြင်လိုက်ရသော လူအုပ်ကြီးသည် ဝမ်းပမ်းတသာဖြင့် သူ့၏ အမည်ကို ဟစ်အော် နှုတ်ဆက်သံများဖြင့် ရင်ပြင်တခုလုံး ဆူညံ ပွက်လော ရိုက်ခတ် သွားခဲ့သည်။

 

ထိုမြင်ကွင်းအား ရုပ်မြင်သံကြား မှ တဆင့် နိုင်ငံတဝှမ်းလုံး မြင်တွေ့လာခဲ့သည်။ ဒူးချက် ပြန်ပေါ်လာခဲ့ခြင်းကပင် ကာလကြာမြင့်စွာ ချီတက်လာခဲ့သည့် လွတ်လပ်ရေး ပန်းတိုင်သည် နောက်ဆုံးတွင် လက်တကမ်းသာ လိုတော့သည် ဆိုသည့် အဓိပ္ပါယ် ဆောင်လာခဲ့‌ ပေတော့သည်။ သူ့နောက်တွင် ဗားကလပ် ဟေဗယ် ထွက်ပေါ်လာခဲ့သည်၊ တော်လှန်ရေးသည် မျိုးဆက်တခုမှ တခုသို့ လက်ဆင့် ကမ်းလာခဲ့ခြင်းပင် ဖြစ်သည်။

 

ရက်ပိုင်း အတွင်း ကွန်မြူနစ်ပါတီ ခေါင်းဆောင် ပိုင်း အားလုံး ရာထူးမှ နှုတ်ထွက်သွားခဲ့ကြသည်။ ထိုအချိန်သည် နိုဝင်ဘာလ ဖြစ်သော်လည်း နွေဦးက ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

 

သီတင်းပတ် အကုန်တွင် ပရပ်ဂ် မြို့ကို လှမ်းမြင်နေရသည့် လက်နာ ကုန်းမြင့်ကြီးပေါ်သို့ လူတသန်းနီးပါး စုဝေး ရောက်ရှိလာကြပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးများ ဖေါ်ဆောင်ပေးရန် တောင်းဆိုခဲ့ကြသည်။ နိုဝင်ဘာ ၂၇ ရက်တွင် လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပပေးရန် အထွေထွေ သပိတ်တိုက်ပွဲကြီး ဆင်နွှဲလာခဲ့၍ ပရပ်ဂ် မြို့တော် တဝှမ်း လုပ်ငန်းများ ရပ်တန့်သွားခဲ့ရသည်။

 

ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပင် ကွန်မြူနစ် ပါတီသည် တခုတည်းသော နိုင်ငံကို ဦးဆောင်သည့် အဖွဲ့အစည်း ဖြစ်သည်ဟူသော အပိုဒ်အား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှ ပယ်ဖျက်ပေးခဲ့သည်။ ယခင်က ပိတ်ဆို့ထားသော ဩစတီယား နှင့် အနောက်ဂျာမဏီ နယ်စပ်များကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။

 

ဟေဗယ်သည် ချက်ကိုစလိုဗက်ကီယား၏ သမ္မတ ဖြစ်လာခဲ့သည်။ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရဲအဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်ခံခဲ့သည်မှ လွဲ၍ ချက်ကိုစလိုဗက်ကီယား၏ တော်လှန်ရေး သည် ငြိမ်းချမ်းစွာ ပြီးဆုံးသွားခဲ့ရသည်။ တော်လှန်ရေး တလျောက်လုံး အထစ်အငေါ့ မရှိ ချော‌မွေ့စွာ ပြီးဆုံးသွားခဲ့သည်ကို အစွဲပြုပြီး "ကတ္တီပါ တော်လှန်ရေး" ဟု အမည်ပေး ခေါ်ဝေါ်ခဲ့ကြသည်။

 

သမိုင်း သုတေသီ တင်မိုသီ ဂါတွန် အက်ရှ် မှ ပိုလန် တွင် တော်လှန်ရေးကြီး အထမြောက်ရန် ဆယ်နှစ်၊ ဟန်ဂေရီ တွင် ဆယ်လ၊ အရှေ့ ဂျာမဏီတွင် ဆယ်ပတ်၊ ချက်ကိုစလိုဗက်ကီယား တွင် ဆယ်ရက် ဟု မှတ်မှတ်သားသား ပြောဆိုခဲ့သည်။

 

၁၉၈၉ ခုနှစ် အစပိုင်းတွင် ဆိုဗီယက်တို့ ဩဇာလွှမ်းမိုးထားရာ အရှေ့အုပ်စုဝင် နိုင်ငံများရှိ ပြည်သူများသည် ထိုသို့ ဖြစ်လာလိမ့်မည်ဟု လုံးဝ တွေးဆနိုင်ခြင်းပင် မရှိခဲ့ပဲ သူတို့ အပေါ် လွှမ်းခြုံထားသည့် သံကန့်လာကြီးသည် ခိုင်မြဲလျက် ရှိနေဆဲဟုပင် ယုံကြည်ထားဆဲပင် ဖြစ်သည်။

 

ယခုတကြိမ် သူတို့အားလုံး ဟစ်ကြွေးလာကြသည့် ပြုပြင်ပြောင်းလဲရေး နှင့် လွတ်မြောက်ရေး တောင်းဆိုသံများအား တိတ်ဆိတ်သွားအောင် ပြုလုပ်ခွင့် မပေးကြတော့သဖြင့် သံကန်လန့်ကာကြီးသည် ၁၉၈၉ ခုနှစ် မကုန်မီမှာပင် ပြိုလဲသွားခဲ့ရပြီ ဖြစ်သည်။

 

တော်လှန်ရေးသည် ဥရောပ ကုန်းမြေကြီး ရှိရာသို့ တကျော့ ပြန်လာခဲ့ခြင်းပင် ဖြစ်ပေတော့သည်။

 

(ဆက်လက်ပြီး "ဧည့်ခန်းဆောင်များရှိ ရုပ်မြင်သံကြား တော်လှန်ရေး" ကို တင်ပြသွားပါမည်။)