၁၉၈၉ တော်လှန်ရေးများ (၇)
ဟန်ဂေရီ သည် လွတ်လပ်လာသော နိုင်ငံ အဖြစ်သို့ ရွေ့လျားလာသည်နှင့် အမျှ အစိုးရ ပိုင်းမှ တာဝန်ရှိသူများက ယခင် ကာရံထားသော နယ်ခြား ရှိ အတားအဆီးများအား ဆက်၍ ဖြိုဖျက်လျှက် ရှိနေသည်။ ယခင်က ဟန်ဂေရီ သို့ ခရီးသွား ဗီဇာ ဖြင့် အလည်အပတ် လာရောက်ခွင့် ရှိနေသော အရှေ့ဂျာမဏီ နိုင်ငံသား ထောင်ပေါင်းများစွာသည် ဟန်ဂေရီ မှ တဆင့် အနောက်ဥရောပ နိုင်ငံများသို့ ဖြတ်ကျော် ဝင်ရောက်ကုန်ကြတော့သည်။
၁၉၈၉ စက်တင်ဘာ ၁၀ ရက်နေ့တွင် ဟန်ဂေရီ အစိုးရ မှ အရှေ့ဂျာမဏီ မှ ဝင်ရောက်လာသူ များကို ဒုက္ခသည် အဆင့်အတန်း သတ်မှတ်ပေးပြီး နိုင်ငံတွင်း မည်သည့် နေရာမှ မဆို သွားလိုသည့် နိုင်ငံများသို့ လွတ်လပ်စွာ သွားလာခွင့် ပေးမည်ဟု တရားဝင် ကျေညာလိုက်သည်။
ဟန်ဂေရီ၏ လုပ်ရပ် အပေါ် ကွန်မြူနစ် အရင့် အမာ ကြီး ဖြစ်သော အရှေ့ ဂျာမဏီ ခေါင်းဆောင် အဲရစ် ဟွန်နက်ကာ မှ ဒေါသတကြီး တုန့်ပြန်ခဲ့သည်၊ ၎င်းအနေဖြင့် နိုင်ငံ အပေါ် ဆက်၍ တင်းကျပ်စွာ ချုပ်ကိုင်ထားလိုဆဲ ဖြစ်ပြီး အနောက်ဖက်သို့ ခိုလှုံမှု များကို ဆက်၍ ပိတ်ပင်သွားမည်ဟု ကြွေးကြော်လာခဲ့သည်။
၎င်း၏ အပြောကို အရှေ့ဂျာမဏီ လူထုသည် ထောင်နှင့် သောင်းနှင့် ချီ၍ ကန့်ကွက် ဆန္ဒပြလာခဲ့ကြသည်။ ဟွန်နက်ကာ မှ ထိုသို့ ကန်ကွက်မှု များကို "တရုတ်နည်း" အတိုင်း ဖြေရှင်းသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်၊ ဆိုလိုသည်မှာ တီယန်မင် ရင်ပြင် တွင် တရုတ် အစိုးရ လုပ်ခဲ့သလို လူထုကို အကြမ်းဖက် သတ်ဖြတ် နှိမ်နှင်းသွားရန်ပင် ဖြစ်သည်။
သို့သော် ဂေါဘာချော့မှ ထိုလုပ်ရပ်မျိုးကို ဆိုဗီယက် တပ်များ အနေဖြင့် ပံ့ပိုးပေးသွားမည် မဟုတ်ဟု ပြတ်သားစွာ ပြောလာခဲ့သည်။ အောက်တိုဘာ ၉ ရက် တွင် အရှေ့ဂျာမန် ပြည်သူ ၉,၀၀၀ ခန့်သည် လိုက်ပဇစ် မြို့တွင် ဆန္ဓပြခဲ့ကြသည်။ သို့သော် ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နှင်း ခဲ့ခြင်း မရှိခဲ့ပေ။ ဤသည်က အရှေ့ဂျာမဏီ အတွက် အလှည့်အပြောင်းကြီး ဖြစ်လာခဲ့ရပေတော့သည်။ ဆန္ဒပြပွဲများ ဆက်တိုက် ဆိုသလို နိုင်ငံ အနှံ့အပြား တွင် ဖြစ်ပွားလာခဲ့ပြီး အောက်တိုဘာ ၁၈ ရက်နေ့တွင် အဲရစ် ဟွန်နက်ကာ သည် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။
နိုဝင်ဘာလ အရောက်တွင် အရှေ့ဂျာမန် လူထုကြီးသည် သန်းနှင့်ချီ၍ လမ်းပေါ်သို့ ထွက်လာခဲ့ကြသဖြင့် ကွန်မြူနစ် အစိုးရ အပေါ် ဖိအား များသည်ထက် များလာခဲ့သည်။ ၁၉၈၉ နိုဝင်ဘာ ၉ ရက်နေ့တွင် အရှေ့ ဂျာမဏီ အစိုးရ ပြောခွင့်ရသူ ၏ အမှားကြောင့် ဘာလင်တံတိုင်းကြီး ပြိုလဲသွားခဲ့ရပြီ ဖြစ်သည်၊ ၎င်းမှ အနောက်နိုင်ငံများသို့ သွားရန် ကန့်သတ်ထားမှုများကို ဖယ်ရှားလိုက်ပြီ ဖြစ်သည်ဟု ပြောလာခဲ့သည်။ ထိုအကြောင်းကို ကြားလျှင် ကြားချင်း လူထု ကြီးသည် ၁၉၆၁ ခုနှစ် ကတည်းက အနားသို့ ကပ်ခွင့်မရခဲ့သော ဘာလင်တံတိုင်းကြီး ရှိရာသို့ အပြေးအလွှား ရောက်ရှိ လာကြသည်။
ပိုလန်၊ ဟန်ဂေရီ နှင့် အရှေ့ဂျာမဏီ ရှိ ကွန်မြူနစ် အစိုးရများကို ဆက်တိုက်ဆိုသလို ပြိုလဲသွာစေခဲ့သည် လေမုန်တိုင်းကြီးအား ချက်ကိုစလိုဗက်ကီယား သည် ကြံ့ကြံ့ခံလျက် ရှိနေဆဲပင် ဖြစ်သည်။ တနှစ်ပတ်လုံးလိုလို ချက် လုံခြုံရေး တပ်ဖွဲ့များသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ထပ်တလဲလဲ အင်အားသုံး ဖြိုခွင်းနေဆဲပင် ဖြစ်သည်။
၁၉၈၉ နိုဝင်ဘာ ၁၇ ရက်နေ့တွင် နာဇီတို့ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည့် ကျောင်းသား များ အား ချီတက် အလေးပြုရန် အစိုးရ ခွင့်ပြုချက် ဖြင့် စုရုံးလာကြသည့် ကျောင်းသားများ ချီတက်ပွဲ သည် မထင်မှတ်ပဲ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ အဖြစ် ရုတ်ခြည်းဆိုသလို ကူးပြောင်းသွားခဲ့သည်။
ရက်အနည်းငယ် အကြာတွင် ပရပ်ဂ်သို့ ရောက်ရှိခဲ့သည့် သမိုင်း သုတေသီ တင်မိုသီ ဂါတွန် အက်ရှ် မှ လူအုပ်ကြီးသည် တနေ့တခြား ကြီးထွားလာနေပြီး "ရဲတိုက်ကြီးထဲရှိ အာဏာရှင်များ"ကို ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေး လာကြသည်ဟု ဖေါ်ပြခဲ့သည်။ ပရပ်ဂ် ရှိ ဝင်ဆလာ ရင်ပြင်ကြီး ရှိရာသို့ ချီတက်လာကြသည့် ဆန္ဒပြ လူထုကြီးနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ထိတ်တိုက်ရင်ဆိုင် တွေ့လာခဲ့သည်။
ဆန္ဒပြသူများက ၎င်းတို့ လက်များကို မြှောက်ပြပြီး လက်နက်တစုံတရာ ကိုင်ဆိုင်ခဲ့ခြင်း မရှိကြောင်း ပြခဲ့ကြသည်။ သို့သော် ရဲများက နံပတ်တုတ်များနှင့် ကလေး၊ လူကြီး မိန်းမ မရှောင် ဝင်ရောက် ရိုက်နှက်ခဲ့ကြသော်လည်း ဆန္ဒပြသူများ က အလျော့မပေးပဲ ဆက်၍ ချီတက်ခဲ့ကြသည်။ ဤသို့ဖြင့် လူထု လူတန်းစား ပေါင်းစုံ ပူးပေါင်း ပါဝင်လာခဲ့ကြပေတော့သည်။