၁၉၈၉ တော်လှန်ရေးများ (၆)
လွတ်လပ်သော ရွေးကောက်ပွဲတွင် ပိုလန် သွေးစည်း ညီညွတ်ရေး အဖွဲ့ အောင်ပွဲခံလာခဲ့စဉ် တွင် ဘီဂျင်းရှိ တီယန်မင် ရင်ပြင်ကြီးတွင် မူ ငြိမ်းချမ်းစွာ ဆန္ဒပြသူများ အား အကြမ်းဖက် နှိပ်ကွပ်လာခဲ့သည်။ ထို အဖြစ်အပျက်များ ပိုလန် နှင့် တရုတ်ပြည်တွင် တရက်တည်းလိုလို ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရှေ့ဥရောပတွင် အပြောင်းအလဲများ စတင်နေပြီ ဖြစ်ကြောင်း အချက်ပေး သံချောင်း ခေါက်လိုက်ခြင်းပင် ဖြစ်သည်။
ပိုလန် ရှိ နိုင်ငံရေး ချိန်ခွင်လျှာသည် ဒီမိုကရေစီ ဖက်သို့ ဆက်၍ ယိမ်းထိုး လှုပ်ရှားလာနေပြီ ဖြစ်သည်။ ၁၉၉၀ ခုနှစ် အကုန်ပိုင်းတွင် လက်ခ်ျ ဝေလက်ဆာ အား သမ္မတအဖြစ် မဲအပြတ်အသတ်ဖြင့် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။ ပိုလန်၏ အတွေ့အကြုံများကို ကြည့်၍ အရှေ့ဥရောပ နိုင်ငံများသည်လည်း မိမိတို့ ဖာသာ လမ်းသစ် ဖေါက်ထွင်ပါက မဖြစ်နိုင်စရာ မရှိဟု ယူဆလာကြသည်။
ဟန်ဂေရီတွင် ပြုပြင်ပြောင်းလဲရေးများသည် ကွန်မြူနစ် ပါတီ အတွင်းမှာပင် ပေါ်ပေါက်လာခဲ့သည်။ ၁၉၈၈ နွေရာသီ အတွင်း ကွန်မြူနစ်များသည်အသက် ၇၆ နှစ် ရှိပြီဖြစ်သော ပါတီ အထွေထွေ အတွင်းရေးမှုး ဂျာနို့စ် ကာဒါ နေရာတွင် လူစားထိုးရန် ဆုံးဖြတ်ခဲ့ကြသည်။ ဂျာနို့စ် ကာဒါသည် ၁၉၅၆ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော လူထု အုံကြွမှု ကို နှိမ်နှင်း ခဲ့ပြီးချိန်မှစ၍ ထိုရာထူးတွင် တည်မြဲ နေခဲ့သူ ဖြစ်သည်။
ဟန်ဂေရီ၏ လူနေမှု အဆင့်အတန်းသည် ကျန် အရှေ့ဥရောပ နိုင်ငံများထက် မြင့်မားနေသည်ဟု ပြော၍ရပေသည်။ သို့သော် ၁၉၈၀ ကျော် နှစ်များတွင် တော့ စီးပွားရေး အခြေအနေသည် ယိမ်းယိုင်လာခဲ့သည်။ ဟန်ဂေရီ ကွန်မြူနစ် ပါတီ ခေါင်းဆောင်ပိုင်းရှိ လစ်ဘရယ် အယူအဆ ရှိသူများသည် ပြုပြင်ပြောင်းလဲရေး များကို အကောင်အထည် ဖေါ်နိုင်ရန် ကာဒါ ကို ဘေးဖယ်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
၁၉၈၉ ဇန်နဝါရီလတွင် ဟန်ဂေရီ အမျိုးသား ညီလာခံမှ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့်၊ စုရုံးခွင့် နှင့် အသင်းအဖွဲ့များ ထူထောင်ခွင့် ပြုသည့် ဥပဒေများကို ပြဋ္ဌာန်းပေးလာခဲ့သည်။ ဟန်ဂေရီ ပြုပြင်ပြောင်းလဲရေး သမားများသည် မေလ တွင် စကားအရာ နှင့် မဟုတ်တော့ပဲ လက်တွေ့ အကောင်အထည် ဖေါ်နိုင်ရန် ဩစတီယား နှင့် နယ်ခြား တလျောက် ကာရံထားသော ခြံစည်းရိုးကို ဖြိုဖျက် ပစ်ခဲ့ကြသည်။ ချက်ခြင်းလိုပင် ဆိုဗီယက် အုပ်စုဝင် နိုင်ငံများရှိ လူများ အတွက် အနောက်နိုင်ငံများသို့ သွားရန် ဟန်ဂေရီသည် ဆန်ခါကြီး အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သို့သော် အရေးပါသော အလှည့်အပြောင်းကြီးကား ၁၉၈၉ ဇွန်လတွင် စတင် ထွက်ပေါ်လာခဲ့သည်၊ အင်အား နှစ်သိန်းခန့် ရှိသော လူထု ကြီးသည် ၁၉၅၆ လူထု အုံကြွမှု ကြီးတွင် ကျဆုံးသွားခဲ့ရသူ များကို ဂါဝရ ပြုရန် ဘူဒါပက်စ် မြိုလယ်ရှိ သူရဲကောင်း ရင်ပြင်ကြီး ရှိရာသို့ စုရုံးရောက်ရှိလာကြသည်။ (ပုံတွင် ရှု)
ထိုသို့ ဂါဝရ ပြုရမည့် သူများ ထဲတွင် ကွပ်မျက် ခံခဲ့ရသည့် အီမရေး နာဂျေးသည် ထိပ်ဆုံးမှ ပါဝင်လာခဲ့သည်။ နှစ်ပေါင်း လေးဆယ် နီးပါး မျိုသိပ်ခဲ့ရမှု များသည် သူရဲကောင်းရင်ပြင်ကြီးတွင် ပွင့်အံ ထွက်လာခဲ့သည်။ လူထုကြီးအား အပြီးသတ် မိန့်ခွန်းပြောသူသည် မကြာမီကမှ ဖွဲ့စည်းလာသည့် Young Democrats ဟု အမည်ပေးထားသည့် လစ်ဘရယ် ပါတီ ခေါင်းဆောင် ဖြစ်ပြီး သူသည် အတိတ်က တော်လှန်ရေး နှင့် ပစ္စုပန်ကို ဆက်စပ်ပြီး "ကျွန်တော်တို့ရဲ့ စိတ်ဓါတ် နဲ့ ခွန်အားကို အပြည့်အဝ ယုံကြည်ကြမယ် ဆိုရင် ကွန်မြူနစ် အာဏာရှင် စနစ်ကို အဆုံးသတ် ပေးနိုင်မှာ ဖြစ်ပါတယ်" ဟု လူထုကြီးကို ပြောကြားသွားခဲ့သည်။
ထိုသို့ လူထု ကြီးအား လွတ်လပ်မှု အတွက် တိုက်ပွဲဝင်ရန် ပြောကြားသွားသည့် Young Democrats ခေါင်းဆောင်သည် ဗစ်တာ အော်ဘန်း ပင် ဖြစ်သည်။ ယခု အခါတွင်တော့ လက်ယာစွန်း အာဏာရှင် တဦး အဖြစ် ဟန်ဂေရီ ကို အုပ်ချုပ်နေသူ ဖြစ်လာခဲ့သည်။
သို့သော် ၁၉၈၉ တွင် သူသည် လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်သူ ဖြစ်နေခဲ့သည်။ ဟန်ဂေရီ လူထု အုံကြွမှုကြီး၏ ၄၃ နှစ်မြောက် နှစ်ပတ်လည် နေ့ဖြစ်သည့် ၁၉၈၉ အောက်တိုဘာ ၂၃ ရက်နေ့တွင် ဟန်ဂေရီ သည် လွတ်လပ်ပြီး အမှီအခိုကင်းသည့် ဒီမိုကရေစီ နိုင်ငံ ဖြစ်ကြောင်း ကျေညာလိုက်ပြီ ဖြစ်သည်။