သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(174)

by Hla Soewai - Sep 12 2023

၁၉၈၉ တော်လှန်ရေးများ (၅)

 

၁၉၈၀ စက်တင်ဘာ ၁၇ ရက်နေ့တွင် ဒေသဆိုင်ရာ သပိတ် ကော်မတီမှ လွတ်လပ်ပြီး ကိုယ်ပိုင် ဆုံးဖြတ် အုပ်ချုပ်ခွင့်ရ အလုပ်သမား သမဂ္ဂကို ဖွဲ့စည်းလာခဲ့သည်။ ထိုအလုပ်သမား သမဂ္ဂ သည် နောင်တွင် "သွေးစည်းညီညွတ်ရေး အဖွဲ့" ဟု ထင်ရှားလာခဲ့သည်။ လက် ဝေလက်ဆာ အား ဥက္ကဌ အဖြစ် ရွေးချယ်တင်မြှောက် ခဲ့ကြသည်။

 

တနှစ်အတွင်း သိန်းပေါင်းများစွာ အရည်အတွက် ရှိသော ကွန်မြူနစ်များ အပြင် ပိုလန် ပြည်သူ ဆယ်သန်း ခန့် အဖွဲ့ကြီးသို့ တဖွဲဖွဲ ဝင်ရောက်လာခဲ့ကြသည်။

 

ဘရက်ဇညက် နှင့် ဆိုဗီယက် ခေါင်းဆောင်ပိုင်းသည် ပိုလန် တွင် ဖြစ်ပေါ်ပြောင်းလဲလာနေသည် များကို ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးစားလာခဲ့သည်။ သို့သော် ထိုအချိန်က အမေရိကန် နှင့် ရရှိထားသော တင်းမာမှု လျော့ပါးရေး နှင့် ငြိမ်းချမ်းစွာ အတူ ယဉ်တွဲ နေထိုင်ရေး ကို ဆက်လက်ထိန်းသိမ်း ထားလိုသဖြင့် ယခင်ကလို အင်အားသုံး ဝင်ရောက်ရေး လမ်းစဉ်ကို စွန့်လွှတ်ခဲ့ကြသည်။ ထိုအစား လူမသိ သူမသိ တဖြေးဖြေး ချည်းကပ် ဖြေရှင်းသွားနိုင်မည့် လမ်းကို ရွေးချယ်ခဲ့ကြသည်။

 

ပထမဆုံး အဖြစ် ပိုလန် ကွန်မြူနစ် ပါတီ ခေါင်းဆောင်ပိုင်းကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ ၁၉၈၁ ဖေဖေါ်ဝါရီလတွင် ကရင်မလင်အား သစ္စာခံသူလည်း ဖြစ်သည့် ကာကွယ်ရေး ဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး ဂျာရူရယ်စကီး အား ပိုလန် ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှုးချုပ် အဖြစ် ခန့်အပ်လိုက်သည်။ ၎င်းအား ခန့်အပ်လိုက်ခြင်းကပင် ရှေ့လျောက် ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမည်ဟု အချက်ပြလိုက်ခြင်းလည်း ဖြစ်သည်။

 

ထိုသို့ အချက်ပေးခဲ့ခြင်းအား ၁၉၈၁ ဒီဇင်ဘာလတွင် အကောင်အထည် ဖေါ်လာခဲ့ကြသည်။ ဂျာရူရယ်စကီးသည် နိုင်ငံ အနှံ မာရှယ်လော ထုတ်ပြန်လိုက်ပြီး နိုင်ငံရေး နှင့် လူမှုရေး အသင်း အဖွဲ့များ အားလုံးကို ပိတ်ပင်ပစ်ခဲ့သည်။သွေးစည်း ညီညွတ်ရေး အဖွဲ့မှ တက်ကြွ လှုပ်ရှားသူများ ထောင်ပေါင်းများစွာကိုလည်း ဖမ်းဆီးလိုက်သည်။ ထိုအထဲတွင် လက်ခ်ျ ဝေလက်ဆာ လည်း ပါဝင်သွားပြီး အကျဉ်းထောင်ထဲတွင် ၁၉၈၂ နှစ်ကုန်ပိုင်းအထိ နေခဲ့ရသည်။

 

တော်လှန်ရေး ဆိုသည်က လူထု ၏ ‌ဟစ်အော် တောင်းဆိုမှု များ အကောင်အထည် ဖေါ်နိုင်ရေး အတွက် လိုအပ်ချက် တခုပင် ဖြစ်သည် မဟုတ်ပါလော၊ ဆိုဗီယက် အုပ်စုဝင် နိုင်ငံများတွင် ကာလကြာမြင့်စွာ အတွင်းမှ လှိုက်စားလာနေသည့် အကျပ်အတည်း ကို လက်နက် ဖြင့် ဖုံးဖိ ထိန်းချုပ်ထားခဲ့ကြခြင်းသာ ဖြစ်သည်။ ၁၉၆၈ တွင် ဆိုဗီယက် ခေါင်းဆောင် ဘရက်ဇညက်သည် ချက်ကိုစလိုဗက်ကီယား နိုင်ငံ အတွင်းသို့ တင့်ကားများ စေလွှတ်ကာ ပရပ်ဂ် နွေဦး တော်လှန်ရေး ကို နှိမ်နှင်းခဲ့ပြီး ဖြစ်သည်။

 

ယင်းအား နောက်ပိုင်း တွင် ဘရက်ဇညက် ဝါဒ အဖြစ် ခံယူ ကျင့်သုံးလာခဲ့သည်။ ထိုဝါဒအရ ဆိုဗီယက်တို့ ဩဇာလွှမ်းမိုးရာ မည်သည့် ဒေသတွင် မဆို ဆိုရှယ်လစ် စနစ်အား ခြိမ်းခြောက်ခံလာရသည်ဟု ယူဆပါက အင်အားသုံး စွက်ဖက်ပိုင်ခွင့် ရှိသည် ဆိုခြင်းပင် ဖြစ်သည်။

 

ဘရက်ဇညက်သည် ၁၉၈၂ နိုဝင်ဘာလ တွင် ကွယ်လွန်သွားခဲ့သည်။ သူ့နေရာတွင် ယခင် ကေဂျီဘီ အကြီးအကဲ ယူရီ အင်ဒရိုပေါ့က ဆက်ခံခဲ့သည်။ သို့သော် ၁၉၈၄ တွင် အင်ဒရိုပေါ့ ကွယ်လွန်သွားပြန်၍ ကွန်စတန်နင် ချာနင်းကိုးသည် ဆိုဗီယက် ခေါင်းဆောင် ဖြစ်လာခဲ့သည်။ သူသည် ၁၉၅၆ ခုနှစ် ဟန်ဂေရီ တော်လှန်ရေး ဖြစ်ပွားစဉ်ကာလ အတွင်း ဆိုဗီယက် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ သိုသော် ချာနင်းကိုးသည်လည်း တနှစ်မျှသာ တာဝန်ထမ်းဆောင်နိုင်ခဲ့ပြန်ပြီး ၁၉၈၅ မတ်လ တွင် ကွယ်လွန်သွားခဲ့ပြန်သည်။

 

ထို့နောက်တွင်တော့ အသက်အားဖြင့် ငယ်ရွယ်နုပျိုသူ မီးခေးလ် ဂေါ့ဘာချော့အား ခေါင်းဆောင် အဖြစ် ရွေးချယ် ခန့်အပ်လာခဲ့သည်။ ဂေါဘာချောသည် လမ်းကြောင်းသစ်ကို ဦးတည်လာခဲ့၍ သူတို့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့တော့ပေ။

 

ဂေါဘာချော့ သည် ၁၉၈၈ ဒီဇင်ဘာလ အတွင်း ကုလသမဂ္ဂ စင်မြင့်တွင် ပြောကြားခဲ့သော မိန့်ခွန်း၌ အရှေ့အုပ်စုဝင် နိုင်ငံများရှိ ဆိုဗီယက် တပ်အင်အားကို ငါးသိန်းခန့် ဖြတ်တောက်သွားမည် ဖြစ်ပြီး တင်ကား တပ်မကြီး ၆ ခုအားလည်း ပြန်လည် ခေါ်ယူသွားမည်ဟု ဆိုင်းမဆင့် ဗုံမဆင် ထုတ်ဖေါ်ပြောဆိုလိုက်ခြင်းဖြင့် ဘရက်ဇညက် ဝါဒအား ဖုတ်ကြည်း မီးသင်္ဂြိုလ် ပစ်လိုက်သည်။ 

 

အရှေ့ ဥရောပ တွင် ဆိုဗီယက်တို့၏ အင်အားသုံး ခြိမ်းခြောက်ခံရမှု မရှိတော့ပြီ ဖြစ်၍ ဆိုဗီယက် အုပ်စုဝင် နိုင်ငံများသည် ဒိုမိနို အချပ်များလို တချပ်ပြီး တချပ် ပြိုလဲလာအောင် ဂေါဘာချော့သည် ဖန်တီးပေးလိုက်သလို ဖြစ်သွားခဲ့ရသည်။

 

ပထမဆုံး စတင်လာခဲ့သည်က ပိုလန်ပင် ဖြစ်သည်၊ နိုင်ငံတွင်း သပိတ်တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သည်။ ဆက်လက် ရင်ဆိုင်နေရသော စီးပွားရေး အကျပ်အတည်းကြီး ကြောင့် ပိုလန် ကွန်မြူနစ် အစိုးရသည် အလုပ်သမားများ၏ တောင်းဆိုချက်ကို အတတ်နိုင်ဆုံး ဖြေရှင်းပေးရန် ကြိုးစားဖို့သာ ရှိတော့သည်။ နောက်ဆုံးတွင် သွေးစည်း ညီညွတ်ရေး ခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးရန် သဘောတူခဲ့ရသည်။

 

ထိုအချိန်တွင် သွေးစည်းညီညွတ်ရေး အလုပ်သမား သမဂ္ဂအား တရားဝင် ပိတ်ပင်ထားဆဲ ခံထားရသဖြင့် မြေအောက် အဖွဲ့အစည်း အသွင် လှုပ်ရှားနေ၍ ပိုလန် ပြည်သူများ အကြားတွင် ဩဇာတက္ကိမ ကြီးထွားနေဆဲ ဖြစ်သည်။

 

၁၉၈၉ ဖေဖေါ်ဝါရီလတွင် စားပွဲဝိုင်း ဆွေးနွေးပွဲ စတင်လာခဲ့သည်။ (ပုံတွင်ရှု့) ပိုလန် အစိုးရသည် သွေးစည်း ညီညွတ်ရေး အဖွဲ့အား တရားဝင် ရပ်တည်ခွင့်ပေးရန် သဘောတူခဲ့ပြီး လွတ်လပ်သော ပါလီမန် ရွေးကောက်ပွဲများကို ဇွန်လတွင် ကျင်းပပေးမည်ဟု ကျေညာခဲ့သည်။

 

သို့သော် ပိုလန် အစိုးရသည် လုံးဝ အလျော့ပေးသွားခြင်းမျိုးတော့ မရှိသေးပေ။ ပိုလန် အောက်လွှတ်တော် ဆေးမ် တွင် လူများစု နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်မှု ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် လူထု၏ ၎င်းတို့ အပေါ် ဆန့်ကျင်မှု အတိုင်းအတာ မည်မျှထိ ကြီးမားနေသည်ကို သဘောပေါက်နိုင်စွမ်း မရှိ ဖြစ်နေသည်။ သွေးစည်းညီညွတ်ရေး အဖွဲ့သည်ရွေးကောက်တင်မြှောက်ရန် ခွင့်ပြုထားသော နေရာ ၁၆၁ နေရာ အားလုံးတွင် အနိုင်ရရှိခဲ့ပြီး အသစ် ဖွဲ့စည်း ပေးလာသည့် အထက်လွှတ်တော် နေရာ ၁၀၀ တွင် ၉၉ နေရာ အနိုင်ရရှိ သွားပြန်သည်။

 

ဤသည်ကပင် ကွန်မြူနစ် အစိုးရ အပေါ် လူထုက တရားစီရင် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။ ထိုသို့ လူထု၏ ပြင်းထန်စွာ ဆန့်ကျင်တွန်းလှန်လာသည့် ဒီရေလှိုင်းကြီးကို ပိုလန် ကွန်မြူနစ် များ နှင့် ဆိုဗီယက်တို့ မည်သို့မျှ ထိန်းချုပ်နိုင်စွမ်း မရှိခဲ့တော့ပေ။