၁၉၈၉ တော်လှန်ရေးများ (၃)
ဘာလင် တံတိုင်းကြီး တည်ဆောက်ပြီး နောက်ပိုင်းတွင် ဆိုဗီယက် အုပ်စုဝင် နိုင်ငံများ အတွင်း ပြဿနာဟူ၍ ထူးထူးခြားခြား မရှိပဲ ကျိုးနွံစွာ နေလာခဲ့ကြသည်မှာ ၁၉၆၈ ခုနှစ်အထိ ဖြစ်သည်။
၁၉၆၈ တွင် ချက်ကိုစလိုဗက် ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှုး အလက်ဇန်ဒါး ,ဒူချက်သည် ပရပ်ဂ် နွေဦး ဟု အမည်ပေးထားသည့် လှုပ်ရှားမှု ကို ဦးဆောင်လာခဲ့သည်။ သူသည် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းပိုင်းတွင် လွတ်လပ်ခွင့် ရှိလာရေး နှင့် ကွန်မြူနစ် စနစ် အတွင်းမှာပင် ကန့်သတ်ထားမှုများ လျော့ပေါ့ပေးရန် အတွက် ဖြစ်သည်။
လူထုသည် ထိုမျှ နှင့် မကျေနပ်၊ ပါတီစုံ စနစ် ကို တောင်းဆိုလာသည်၊ သို့သော် ဒူချက်သည် လက်တွေ့ကျကျ စဉ်းစားတတ်သူ ဖြစ်၍ ဆိုဗီယက်တို့ ဖက်က တုန့်ပြန်လာမည့် အရေးကို စိုးရိမ်နေခဲ့သည်။ လွတ်လပ်စွာ စုရုံးခွင့်၊ ဆင်ဆာ လုပ်မှုများ နှင့် ခရီးသွားလာခွင့်များ လျော့ပေါ့ပေးလာခဲ့သော်လည်း ဝါဆော စာချုပ် အဖွဲ့ဝင် နိုင်ငံ အဖြစ် သစ္စာရှိစွာ ဆက်လက်ရပ်တည်သွားမည်ဟု ကတတိပေးခဲ့သည်။
သို့သော် သူ၏ လုပ်ရပ်များသည် အပျော့စား ပြုပြင်ပြောင်းလဲရေး မျှသာ ဖြစ်သော်လည်း ဆိုဗီယက်ခေါင်းဆောင် ဖြစ်သူ လီယိုနစ် ဘရက်ဇညက် ကတော့ လွန်ကျုးလာပြီဟု ယူဆခဲ့သည်။
ဤသို့ဖြင့် ၁၉၆၈ ဩဂုတ်လ ၂၁ ရက်တွင် ဆိုဗီယက် ဦးဆောင်သော ဝါဆော စာချုပ် အဖွဲ့ဝင် ငါးနိုင်ငံ မှ တပ်များသည် ပရပ်ဂ်နွေဦး လှုပ်ရှားမှု အား ဖြိုဖျက်ရန် ချက်ကိုစလိုဗက်ကီယား နယ်ခြားကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြသည်။ ဒူချက်အား ထိန်းသိမ်း လိုက်ကြပြီး မော်စကိုသို့ ခေါ်ဆောင်သွားခဲ့သည်။
ဒူချက်သည် ပရပ်သို့ ပြန်ရောက်လာသည့် အခါတွင်တော့ အစိုးရသည် ယခင်က ခွင့်ပြုခဲ့သော ဒီမိုကရေစီ နှင့် လူတဦးချင်းစီ၏ ကိုယ်ပိုင် အမြင်ကို လွတ်လပ်စွာ ထုတ်ဖေါ်ခွင့် များကို ယာယီ ပြန်လည် ကန့်သတ်ဖို့ လိုအပ်လာပြီဟု နိုင်ငံသားများကို မျက်ရည်လည်ရွှဲဖြင့် မိန့်ခွန်း ပြောခဲ့သည်။
ထို့နောက်တွင် ဒူချက်အား ၎င်းတို့ အပေါ် မည်သို့မျှ အန္တရာယ် မပေးနိုင်သည့် အလုပ်မျိုး ဖြင့် ဘရာတီဆလာဗာ သို့ ပို့လိုက်ခြင်းဖြင့် လူထုမြင်ကွင်းမှ အပြီးအပိုင် ကွယ်ပျောက်သွားခဲ့ရသည်။ ထို့နောက်တွင်တော့ ဆိုဗီယက်သည် အရှေ့ဥရောပ ရှိ ၎င်းတို့ လက်အောက်ခံ နိုင်ငံများ အား ယခင်ကထက် ပို၍ တင်းကျပ်စွာ ချုပ်ကိုင်လာခဲ့ကြသည်။
ထိုသို့သော အန္တရာယ်များကို လက်တွေ မြင်သိ နေကြသော်လည်း ဆိုဗီယက် အုပ်စုဝင် နိုင်ငံများရှိ တတ်သိပညာရှင်များ၊ အနုပညာရှင်များ၊ စာရေးဆရာများသည် ၎င်းတို့၏ သုံးသပ် ထင်မြင်ချက်များ ကို လျို့ဝှက် ပုံနှိပ်ဖြန့်ချီသည့် ဆာမားစ်ဒက် ဟု အမည်ပေးထား သော လုပ်ငန်းစဉ်ကို စတင်လာခဲ့ကြသည်။
ထိုအထဲတွင် ပရပ်ဂ်နွေဦး အား ဆိုဗီယက်တို့၏ ဖြိုခွဲခံခဲ့ရမှု ကြောင့် ဘဝတွင် ကြီးမားသော အလှည့်အပြောင်းကြီးနှင့် ကြုံခဲ့ရသူ ပြဇာတ်ရေးဆရာ ဗား ဆလပ် ဟာဗယ် သည် အထူး ထင်ရှားလာခဲ့သည်။ ဟာဗယ်သည် လူအခွင့်အရေး အတွက် တိုက်ပွဲဝင်သူ ဖြစ်လာခဲ့၍ ချက် အစိုးရ၏ မျက်မှန်တော် ရှ ခံရပြီး သူ၏ စာပေ လက်ရာများကို ပုံနှိပ်ထုတ်ဝေခြင်းကို ပိတ်ပင်လိုက်ကြပြီး သူ့အားလည်း စာပေအနုပညာ နှင့် ပတ်သက်သော အလုပ်ဟူသမျှ ဝင်ရောက်လုပ်ကိုင်ခွင့်ပင် မရခဲ့တော့ပေ။
ဟာဗယ်သည် အသက်ရှင် ရပ်တည်နိုင်ရေး အတွက် အရက်ချက်စက်ရုံတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။ သို့သော် သူရေးသားသမျှ အား လျို့ဝှက် ဖြန့်ချီခဲ့သည်။ သူသည် ဖြစ်ပျက်နေသည်များကို ကောင်းစွာ ရှုမြင် သုံးသပ်တတ်သူ ဖြစ်၍လည်း ကွန်မြူနစ် အစိုးရများသည် "တဖြေးဖြေး ဆွေးမြေ့လိုက်လာနေသော အပုပ်ကောင်ကို ရုပ်ဆောင်နေသူများ" ဟု ရေးသားလာခဲ့သည်၊ ယင်းသည် ဆိုဗီယက် အုပ်စုဝင် နိုင်ငံများ ရင်ဆိုင်နေရသော ပြဿာနာများ ကို အပိုအလို မရှိ တိကျပြတ်သားစွာ သုံးသပ်လိုက်ခြင်းပင် ဖြစ်သည်။
၁၉၇၅ တွင် အမေရိကန်၊ ကနေဒါ၊ ဥရောပရှိ အယ်ဘေးနီးယားမှ လွဲ၍ နိုင်ငံ စုစုပေါင်း ၃၅ နိုင်ငံမှ လွန်စွာ အရေးပါလာမည့် ဟယ်ဆင်ကီ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုသဘော တူညီချက်သည် စစ်ပြီးနောက်ပိုင်း ဥရောပရှိ နိုင်ငံရေး နယ်နမိတ်များ ကို အသိအမှတ် ပြုရေး၊ လူ့အခွင့်အရေး နှင့် လူတဦးချင်းစီ၏ အခြေခံ လွတ်လပ်ခွင့်များကို လေးစားလိုက်နာရေး တို့ ပါရှိသည်။ ထိုအချက်များ လေးစားလိုက်နာမှု ရှိမရှိ စောင့်ကြည့်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်၊ ထိုသဘောတူညီချက်ကြောင့် ဆိုဗီယက် အုပ်စုဝင် နိုင်ငံများရှိ အစိုးရနှင့် သဘောကွဲလွဲသူများ ယခင်ကထက် ပို၍ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ရလာခဲ့ကြသည်။
ထိုသဘောတူညီချက် ထွက်ပေါ်လာခြင်းသည် အမြဲလို ဆင်ဆင်ခြင်ခြင် ပြောနေရသော ဟာဗယ်အား ကောင်းစွာ အကျိုးပြုခဲ့သည်။ ၁၉၇၇ ဇန်နဝါရီ လ တွင် သူနှင့် ချက်နိုင်ငံသား တွေးခေါ်ပညာရှင် ယန် ပါတော့ချကာ တို့ နှစ်ဦး ပူတွဲ၍ Chapter 77 ဆိုသည့် ပဋိညာဉ်စာတမ်းကို ရေးသား ထုတ်ပြန်ခဲ့သည်။
ထိုစာတမ်းတွင် ချက်ကိုစလိုဗက် လူ့အခွင့်အရေးသည် "စက္ကူပေါ်တွင်သာ ရှိသည်" ဟု ပါရှိလာခဲ့သည်။ ထိုပဋိညာဉ် စာတမ်းအား ချက် တတ်သိပညာရှင် ၂၄၃ ဦးက လက်မှတ်ရေးထိုးခဲ့ကြသည်။ နောက်ပိုင်းတွင် လက်မှတ်ရေးထိုးခဲ့သူများ ဖမ်းဆီး ခံခဲ့ရသည်၊ ထိုအထဲတွင် ယန် ပါတော့ချကာလည်း ပါဝင်ခဲ့ပြီး စစ်ကြောရေး စခန်းတွင် သေဆုံးသွားခဲ့သည်။