၁၉၈၉ ခုနှစ် တော်လှန်ရေးများ (၂)
ဝင်စတန် ချာချီ မှ ဥရောပ ကုန်းမြေကြီး ဆီသို့ သံကန့်လန့်ကာ ကြီး ကျလာပြီဟု ပြောဆိုလာချိန်တွင် အရှေ့ဥရောပ နိုင်ငံများကမူ "ပြည်သူ့ ဒီမိုကရေစီ" ပေါ်ထွန်းလာခဲ့ပြီဟု ကြွေးကြော်လာကြသည်။ သို့သော် ထိုပြည်သူ့ ဒီမိုကရေစီ ဆိုသည်က တပါတီ အာဏာရှင် စနစ်မျိုးသာ ဖြစ်သည်။
ထိုစနစ်သည် လူတဦးချင်းစီ၏ အခြေခံ လွတ်လပ်ခွင့်များ နှင့် အရပ်ဖက် လူ့အခွင့် အရေး များ ပေးထားသည် ဆိုသော်ငြားလည်း ယင်းသည် အာဏာပိုင်များက နိုင်ငံတော်၏ အကျိုးစီးပွား နှင့် ကန္တကောစ မဖြစ်သရွေ့ ရပိုင်ခွင့် ရှိရမည်ဟူသော ကန့်သတ်ချက်များ နှင့် ဖြစ်သည်။
ကွန်မြူနစ်တို့၏ ထိုသို့ ချုပ်ကိုင်ထားမှု ကို အာမခံနိုင်မည့် အဓိက အချက်သည် အာဏာရှင် ဆန်သည့် တရားစီရင်ရေး စနစ်ပင် ဖြစ်သည်။ ထိုသို့သော တရားစီရင်ရေး စနစ်၏ ခြေတံ လက်တံများ အဖြစ် လျို့ဝှက် စစ်ပုလိပ် တို့၏ ကွန်ယက်များအားလည်း ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းထားခဲ့ပြီး သဘောထား ကွဲလွဲသူများကို ဖိနှိပ်လာကြသည်။
သတင်း အချက်အလက်များကို ဆင်ဆာလုပ်ခြင်း၊ ခရီးသွားလာခွင့်များကို ကန့်သတ်ချုပ်ချယ်ခဲ့ကြသည်။ အရှေ့ ဥရောပ နိုင်ငံသားများသည် ဆိုဗီယက် အုပ်စုဝင် နိုင်ငံများ သို့ သွားလာခွင့် ရှိကြသော်လည်း အနောက်တိုင်း အရင်းရှင် ဒီမိုကရေစီ နိုင်ငံများကို သွားလာခွင့် ရဖို့ ဆိုသည်ကာ လွန်စွာမှ ခက်ခဲလှပေသည်။
၁၉၅၃ ခုနှစ် တွင် အရှေ့ဂျာမန်သည် ထိုသို့ ဖြစ်ပေါ်လာသည့် အနေအထားသစ်ကို ပြောင်းလဲပစ်ရန် ကြိုးပမ်းလာသည်။ အစိုးရမှ သတ်မှတ်ထားသော ကုန်ထုတ်လုပ်မှု ခွဲတမ်း ကို မြှင့်တင်လိုက်သည့် အခါတွင် ထောင်ပေါင်းများစွာ သော အလုပ်သမားများသည် အစိုးရရုံးများ ရှေ့တွင် စုဝေးပြီး ဆန္ဒပြလာခဲ့ကြသည်။
ဆန္ဒပြသူများသည် "ခွဲတမ်းကို လျော့ပေး"၊ "လွတ်လပ်မှု အလိုရှိသည်" ဟူသော ကြွေးကြော်သံများ ကို ဟစ်ကြွေးခဲ့ကြသည်။ ဆန္ဒပြသူ အရည် အတွက်သည် ၄၀,၀၀၀ နီးပါး အထိ ရှိလာသည့် အခါတွင် ဘာလင် တွင် အခြေစိုက်ထားသည့် ဆိုဗီယက် တပ်များ၏ စစ်ဦးစီးချုပ်သည် အရေးပေါ် အခြေအနေ ကို ကျေညာလိုက်သည်။
ထို့နောက်တွင် ဆိုဗီယက်တပ်များသည် ဆန္ဒပြသူများအား အကြမ်းဖက် နှိမ်နှင်းခဲ့ကြပြီးလူ ၁၈ ဦးအား ဖမ်းဆီး ကွပ်မျက်ခဲ့ကြသည်။ ၁၉၅၆ ခုနှစ်တွင် နီကီတာ ကရူးရှက်သည် ဆိုဗီယက် ယူနီယံ ခေါင်းဆောင် အဖြစ် စတာလင်နေရာ ဆက်ခံခဲ့သည်။ ကရူးရှက်သည် စတာလင်၏ ဖိနှိပ်ချုပ်ချယ်ရေး မူဝါဒ များ ကို စွန့်လွှတ်ပြီး သူ၏ အာဏာကို တည်ဆောက်လာခဲ့သည်။
ကရူးရှက်၏ စတာလင်အား ဝေဖန်ရှုတ်ချလာသည့် အပြောအဆိုများကြောင့် အရှေ့ဥရောပ နိုင်ငံ အချို့သည်လည်း မော်စကိုသည် မိမိတို့အား လွတ်လပ်ခွင့် များ အတိုင်းအတာ တခုထိ ဖြေလျော့ပေးလာနိုင်မည်ဟု မျှော်လင့်လာခဲ့ကြသည်။
သို့သော် ပိုလန် တွင် ပြုပြင်ပြောင်းလဲရေး သမားဟု အထင်ခံရသူ ဂိုလ်မူကာ အား ပါတီ အထွေထွေ အတွင်းရေးမှုး ရာထူးကို ခန့်ထားလာခဲ့သည့် အခါတွင်တော့ ဆိုဗီယက် ခေါင်းဆောင်များ ချက်ခြင်း ဆိုသလို ဝါဆောသို့ ရောက်လာကြသည်။ သူ့ထံမှ ကွန်မြူနစ်စနစ် အား ဆက်လက် ကျင့်သုံးပြီး မော်စအား ဆက်၍ သစ္စာခံမည်ဟူသော ကတိကို ရရှိခဲ့သဖြင့် ပိုလန်အား အနည်းငယ် ပြုပြင်ပြောင်းလဲခွင့် ပေးခဲ့သည်။
ပိုလန် ကို အားကျလာပြီး ဟန်ဂေရီတွင် ဆန္ဒပြပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့သည်။ ကျောင်းသားများ၊ အလုပ်သမားများ၊ တတ်သိပညာရှင်များ လမ်းပေါ်သို့ ထွက်လာခဲ့ကြသည်။ သူတို့အားလုံးသည် ပိုလန်ကဲ့သို့ မဆိုသလောက် ပြုပြင် ပြောင်းလဲမှု များ နှင့် တင်းတိမ်ကြမည့် လူများ မဟုတ်ကြပဲ နိုင်ငံရေး လွတ်လပ်ခွင့် နှင့် ကမ္ဘာအရေး တွင် ကြားနေရန် လိုလားခဲ့ကြသည်။ လစ်ဘရယ် ကွန်မြူနစ် တဦးဖြစ်သော အီမရေး နာဂျေး အား ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ရန်ပါ တောင်းဆိုခဲ့သည်။
နာဂျေးသည် အောက်တိုဘာ ၂၄ ရက်နေ့တွင် ဟန်ဂေရီ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ သူ့အပေါ် လူထု ထောက်ခံမှု ရရှိလာ၍ ညွှန်ပေါင်းအစိုးရ ဖွဲ့စည်းလိုက် ကြောင်းနှင့် ဟန်ဂေရီသည် ဆိုဗီယက် စစ်အုပ်စု ဖြစ်သော ဝါဆော မဟာမိတ် အဖွဲ့မှ နှုတ်ထွက်ကြောင်း ကျေညာလိုက်သည်။
ဆယ်ရက်အကြာ ၁၉၅၆ နိုဝင်ဘာ ၄ ရက် နေ့တွင် ဆိုဗီယက် သတင်းဌာများက ဟန်ဂေရီ တွင် ဖက်ဆစ် တို့ ၏ အာဏာ သိမ်းပွဲ ဖြစ်ပွားနေပြီဟု သတင်းထုတ်ပြန်လာခဲ့သည်။ ထိုကျေညာချက် နှင့် အတူ ဆိုဗီယက် တပ်များသည် ဟန်ဂေရီသို့ ဝင်ရောက်လာခဲ့ကြသည်။ တကယ်တမ်းတွင် လူထုတရပ်လုံး ၏ အမျိူသားရေး လှုပ်ရှားမှု အရေးတော်ပုံကြီး ကို နှိမ်နှင်းရန် အတွက်ပင် ဖြစ်သည်။ (ပုံတွင်ရှု)
ဟန်ဂေရီ နိုင်ငံသားများက အညံ့မခံပဲ ပြန်လည် ခုခံခဲ့ကြသဖြင့် သွေးထွက်သံယိုမှု များ ဖြစ်ပွားလာခဲ့သည်။ ဟန်ဂေရီ နိုင်ငံသား နှစ်သောင်း ခန့် အသက်ဆုံးရှူံးသွားခဲ့ရပြီး နှစ်သိန်းခန့် အနောက်နိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်သွားကြသည်။ ရာထူးမှ ဖြုတ်ချ ခံခဲ့ရသော နာဂျေးသည်လည်း ယူဂိုဆလာဗီယား သံရုံး အတွင်းသို့ ပြေးဝင်ခိုလှုံခဲ့ရသည်။
ထိုသို့ ခိုလှုံနေသည်မှာ တလပင် မပြည့်သေးခင်မှာပင် နာဂျေးသည် သူ့အား လွတ်ငြိမ်ချမ်းသာခွင့် ပေးမည်ဟု လှည့်စားမှူ ကို ယုံကြည်သွားခဲ့သည်။ သို့သော် ၎င်း သံရုံး ဝင်း အပြင်သို့ ရောက်သည်နှင့် ဆိုဗီယက်တို့က ဖမ်းဆီးလိုက်ပြီး ရိုမေးနီးယား သို့ ခေါ်ဆောင်သွားခဲ့သည်။ ၁၉၅၈ တွင် သူ့အား သစ္စာဖေါက် အဖြစ် ကွပ်မျက်ပစ်ခဲ့သည်။
၁၉၆၁ တွင် အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံများ နှင့် ကွန်မြူနစ် နိုင်ငံ များ အား ပိုင်းခြား ထားနိုင်ရန် ၉၆ မိုင် ခန့် ရှည်လျားသည့် ဘာလင် တံတိုင်းကြီး ထွက်ပေါ်လာခဲ့သည်။ ထိုတံတိုင်းကြီးသည် ဥရောပ တိုက်ကြီး နှစ်ခြမ်းကွဲသွားပြီ ဆိုသည်ကို အခိုင်အမာ သက်သေထူပြလိုက်ခြင်းလည်း ဖြစ်ပေသည်။