သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(168)

by Hla Soewai - Aug 24 2023

အီရန်၏ အစ္စလမ် တော်လှန်ရေး (၇)

 

ရှားသည် ၎င်း၏ စစ်ပုလိပ် အဖွဲ့ ဆားဗက် နှင့် စစ်တပ်ကို အသုံးချ၍ ဆန့်ကျင်လာမှု များကို နှိမ်နှင်းရန် လိုလိုလားလား အသုံးချနေမှု၊ အမေရိကန် တိူ့ အကျိုးရှိရာ ရှိကြောင်း လုပ်ပေးနိုင်ရန် အမြဲလို အားသန်နေမှု၊ နိုင်ငံတွင်း တနေ့တခြား ယို့ယွင်းလာနေသည့် အခြေအနေများ၏ ဖိစီးခံနေရမှု၊ ဩဇာအာဏာ ကြီးထွားလာနေ သော အစ္စလမ် ဘာသာရေး အသိုက်အဝန်း ၏ အပြင်းအထန် ဝေဖန် ရှုတ်ချခံလာရမှု အစရှိသည့် အကြောင်းခြင်းရာ များ ပေါင်းစပ်လာနေ၍ ရှား ဘုရင် သည် မည်သို့မျှ ရှေ့ဆက် အုပ်ချုပ်၍ မဖြစ်နိုင်တော့ပေ။

 

ဒီဇင်ဘာလ တွင် သန်းပေါင်းများစွာ သော အီရန် လူထုသည် လမ်းများ ပေါ် ထွက်လာကြပြီး ရှားဘုရင် ဖြုတ်ချရေး၊ ခိုမေနီ ပြည်တော်ဝင်ရေး များကို တောင်းဆိုလာကြသည်။ ၁၉၇၉ ဇန်နဝါရီ ၁၂ ရက် နေ့တွင် ခိုမေနီသည် အစိုးရ အဖွဲ့ ပြိုပျက်လာတော့မည်ကို ရိပ်စားမိလာ၍ ပဲရစ် ၌ တော်လှန်ရေး ကောင်စီကို ဖွဲ့စည်းလိုက်သည်။

 

ထိုကောင်စီအား အီရန် အား အုပ်ချုပ်သွားမည့် ယာယီ အစိုးရ အဖွဲ့ အဖြစ် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ လေးရက် အကြာတွင်တော့ ရှားဘုရင် နှင့် မိသားစုသည် လေယာဉ်တစီး ဖြင့် နိုင်ငံမှ ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။ သို့သော် သူသည် အပန်းဖြေ ခရီး ထွက်ခြင်းသာ ဖြစ်သည်ဟု လူသိရှင်ကြား ပြောဆိုခဲ့သော်လည်း သူ၏ အုပ်ချုပ်မှု သည် အဆုံးသတ် သွားပြီ ဆိုသည်ကို အားလုံးက ယူဆခဲ့ကြပြီး ဖြစ်သည်။ ရှားသည်ပင် အီရန်မြေ ပေါ်သို့ မည်သည့် အခါမျှ ပြန်နင်းခွင့် ရတော့မည် မဟုတ် ဆိုသည်ကို သိထားခဲ့၍ မြေမှုန်များကို ပုလင်း နှင့် ထည့်ယူခဲ့သည်။ ဤသို့ဖြင့် နိုင်ငံကို ၃၇ နှစ် နီးပါး အုပ်ချုပ်ခဲ့သည့် ရှားဘုရင်၏ အခန်းကဏ္ဍသည် ပြည်ဖုံးကား ချသွားခဲ့ပြီ ဖြစ်သည်။

 

ရှားသည် အစိုးရ တာဝန်များအား ဝန်ကြီးချုပ် ရှာပူး ဘာတီယာ လက်သို့ လွှဲပြောင်းပေးခဲ့သည်။ တဖြေးဖြေးနှင့် အင်အား ကြီးထွားလာနေသည့် အတိုက်အခံများက ခိုမေနီ ပြန်လာရန် တောင်းဆိုလာနေကြသည်။

 

၁၉၇၉ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် ပြင်စစ် လေကြောင်းမှ ငှားရမ်းခဲ့သည့် ဘိုးအင်း ၇၄၇ လေယာဉ် ကြီးဖြင့် တီဟီရန် သို့ ဆိုက်ရောက်လာခဲ့သည်။ အီရန် နိုင်ငံသား သန်းပေါင်းများစွာ သည် လမ်းပေါ်ထွက်၍ ခိုမေနီအား သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။ ထိန်းမနိုင် သိမ်းမရ ဖြစ်လာသော လူအုပ်ကြီးကြောင့် ခိုမေနီ စီးနင်းလိုက်ပါလာသော ကား ပင် တိမ်းမှောက်လု မတတ် ဖြစ်သွားခဲ့သည်။

 

ခိုမေနီသည် မိန့်ခွန်းပြောကြားခဲ့ရာတွင် အီရန်ပြည်သူ တို့၏ စွန့်လွှတ် အနစ်နာ ခံခဲ့မှု များ နှင့် သူ့အား ချစ်ခင် ကြည်ညိုခဲ့မှု အတွက် ကျေးဇူးတင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ အရင်းရှင် နယ်ချဲ့ လက်ပါးစေ ရှား၏ အုပ်ချုပ်ရေးသည် အတိတ်တွင် ကျန်ခဲ့ပြီ ဖြစ်၍ မည်သို့မျှ တပတ်ပြန်လည်လာစရာ အကြောင်း မရှိတော့ဟုလည်း ဆိုသည်။

 

သုံးရက်အကြာ တွင် ခိုမေနီသည် ဒီမိုကရေစီ ဘက်တော်သား တဦး ဖြစ်သည့် မာဒီ ဘာဇာဂန် အား ကြားဖြတ် အစိုးရ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခဲ့သည်။ သို့သော် ရှား မှ တာဝန် လွှဲပေးခဲ့သည့် ရှာပူး ဘာတီယာမှ သူသာလျှင် တရားဝင် ဝန်ကြီးချုပ် ဖြစ်ကြောင်း ကျေညာပြီး ဘာဇာဂန် အား ခန့်အပ် ခဲ့မှု အား စိမ်ခေါ်လာခဲ့သည်။ သို့သော် စောစောပိုင်း ရက်များက ဆန္ဒပြသူများအား ပစ်ခတ် နှိမ်နှင်းရန် အမိန့်ပေးခဲ့မှု ကို လိုက်နာကြခြင်း မရှိကြတော့သည်ကပင် ဘာတီယာ၏ အာဏာသည် ပြန်၍ အဖတ်ဆယ်၍ မရတော့အောင် မှေးမှိန် သွားခဲ့ပြီး ဖြစ်သည်။

 

ခိုမေနီသည် အီရန် လက်နက်ကိုင်တပ်ဖွဲ့များအား တော်လှန်ရေး တွင် ပါဝင်လာကြရန် တိုက်တွန်းခဲ့သည်။ အမျိုးမျိုး အဖုံဖုံ ကွဲပြားနေသော အုပ်စု များ အားလည်း အစ္စလမ် တရား နှင့် အညီ စည်းလုံးညီညွတ်စွာဖြင့် အီရန် နိုင်ငံတော်သစ်ကြီး တည်ဆောက်ကြပါရန် ပန်ကြားခဲ့သည်။

 

ယခု ဖွဲ့စည်းလိုက်သည့် အစိုးရသည် ဘုရားသခင်၏ အလိုတော် အတိုင်း ရှာဟီရာ ဥပဒေ အညီ အုပ်ချုပ်သွားမည်ဟု ဖေါ်ပြလာခဲ့သည်။ ထို့အစိုးရမျိုးကို ပြည်သူလူထု၏ ထောက်ခံမှု ရသင့် သည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။

 

တော်လှန်ရေး အင်အားစု များသည် စစ်တပ်မှ ခိုလှုံလာသူများကို ကြိုဆိုခဲ့ကြသည်။ ၎င်းတို့အား အရပ်ဝတ် အရပ်စား များ နှင့် ဘတ်စ်ကားခ များ ထုတ်ပေးပြီး အိမ်ပြန်၍ ရအောင် ကူညီပေးခဲ့ကြသည်။ ရှားဘုရင်၏ လက်ကိုင်တုတ် ဆားဗက် စစ်ပုလိပ် အဖွဲ့သည်လည်း ရုတ်ခြည်းဆိုသလိုပင် အာဏာမဲ့သွားသည့် အဖြစ် ရောက်သွားခဲ့သည်။

 

လူများသည် ရှား၏ နန်းတော်အား ဝင်ရောက်လုယက်ခဲ့ကြပြီး အကျဉ်းထောင်များကို ဖွင့်၍ အကျဉ်းသား များကို လွှတ်ပေးခဲ့သည်။ ခိုမေနီ အီရန်သို့ ပြန်ရောက်ပြီး ဆယ်ရက် အကြာတွင် ဝန်ကြီးချုပ် ဘာတီယာ သည် ပြင်သစ် သို့ ထွက်ပြေးသွားခဲ့တော့သည်။

 

ထို့အတွက် အီရန် ပြည်သူ တို့သည် ဖေဖေါ်ဝါရီ ၁၁ ရက်နေ့အား ၎င်းတို့ တော်လှန်ရေးကြီး အပြီးသတ် အောင်ပွဲ ခံသည့် နေ့အဖြစ် သတ်မှတ်လာခဲ့ကြသည်။ သို့သော် ခိုမေနီသည် ထိုမျှလောက်နှင့် သူလုပ်ရမည့် အလုပ်များ ပြီးပြည့်စုံ သွားပြီဟု မယူဆခဲ့ပေ။ သူသည် အစ္စလမ် ဘာသာရေး ခေါင်းဆောင်များ နိုင်ငံရေး အာဏာများ ယုတ်လျော့မသွားအောင် လုပ်မှ ဖြစ်မည်ဟု စိတ်ပိုင်းဖြတ် လာခဲ့သည်။ ထိုသို့ အဖြစ်မျိုးက ၁၉၀၆ တွင် တကြိမ်၊ ၁၉၅၃ တွင် တကြိမ် ကြုံခဲ့ပြီးလည်း ဖြစ်သည်။

 

ထို့အတွက် အီရန် အား အစ္စလမ် သမ္မတနိုင်ငံ ထူထောင်ရန် နှင့် ယင်းအား မတ်လ ကုန်ပိုင်းတွင် လူထု ဆန္ဒခံယူပွဲ ပြုလုပ်၍ အတည်ပြုသွားမည် ဟူသော သူ၏ ရည်ရွယ်ချက်ကို ထုတ်ဖေါ်ပြောဆိုခဲ့သည်။ ထိုဆန္ဒခံယူပွဲတွင် လူထု တရပ်လုံး နီးပါးက တခဲနက် ထောက်ခံ ပေး ခဲ့ကြသည်။

 

မေလ တွင် ခိုမေနီသည် တော်လှန်ရေး အစောင့်တပ် ခေါ် လူထု လက်နက်ကိုင် တပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး ယခုထိ အောင်မြင်မှု ရလာခဲ့မှု များအား တန်ပြန် တော်လှန်ရေး အင်အားစု များမှ ဖျက်လို ဖျက်စီး လုပ်လာမည့် အရေးကို ကာကွယ်လာခဲ့သည်။

 

ထို့နောက်တွင်တော့ ရှား အစိုးရ အဖွဲ့ဝင်များအား ခုံရုံးတင် စစ်ဆေးပြီး ကွပ်မျက်မှုများ စတင်လာခဲ့သည်။ "ဘုရားသခင် အလိုတော်ရ အစိုးရ" သည် တော်လှန်ရေးအတွက် တရားမျှတမှု များ ရရှိရန် ဒဏ်ခတ် ဖေါ်ဆောင်ပေးမည့် ခြေတံလက်တံ ကြီး ဖြစ်လာခဲ့သည်။

 

နိဂုံးပိုင်းကို ‌ဆက်လက် တင်ပြသွားပါမည်။