သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(165)

by Hla Soewai - Aug 13 2023

အီရန်၏ အစ္စလမ် တော်လှန်ရေး (၄)

 

၁၉၅၃ ဩဂုတ်လ တွင် ကာမစ် ရုစ်ဘဲလ်၏ အကူအညီ ဖြင့် နိုင်ငံရေး လေတိုက်ခတ်ရာ လမ်းကြောင်းသည် အမေရိကန် တို့ ဖန်တီးသည့် အတိုင်း ပြောင်းလဲလာပေတော့သည်။ လူထု၏ ဒေါသများ ပေါက်ကွဲထွက်လာမှု နှင့် အတူ အယာတိုလာ ကာရှနီ အပါအဝင် အစ္စလမ် ဘာသာရေး ခေါင်းဆောင်များက မိုဆာဒက် မရှိမှ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်ကြသည်။

 

အခြေအနေများက ဘုရင်ကို ဖြုတ်ချပြီး သမ္မတ နိုင်ငံ ထူထောင်လိုသူများက တဖက်၊ တဖက်တွင်လည်း ကွန်မြူနစ် များ အာဏာရကာ မူဆလင် လူထု အား ဘာသာရေး လွှမ်းမိုးမှု အောက်မှ ဆွဲထုတ်လာမည့် အရေး များ ဆီ ဦးတည်နေသည်ကို မြင်လာကြသော ဘာသာရေး ခေါင်းဆောင်များက လက်ရှိ ဘုရင်စနစ် ကို ကာကွယ်မည့် ဖက်မှ ရပ်တည်လာခဲ့သည်။

 

မိုဆာဒက်အား ဖမ်းဆီးလိုက်ပြီး နောက် ရက် အနည်းငယ် အကြာတွင် ရှားဘုရင်သည် အခြေအနေများကို ပြန်၍ ထိန်းချုပ်နိုင်ရန် ပြည်တော် ပြန်လာခဲ့ပြီ ဖြစ်သည်။ ဤသို့ဖြင့် အီရန် တွင် ဘုရင်စနစ်သည် နောက်ထပ် နှစ်ပေါင်း နှစ်ဆယ်ကျော် သက်တမ်း ကြာရှည်ခဲ့သည်။ အီရန် ပါလီမန်သည်လည်း ရှား လုပ်ချင်သည် မှန်သမျှ ကို ခေါင်းငြိမ့် ထောက်ခံပေးနေရသည့် အဆင့်သို့ လျောကျ သွားခဲ့ရပေတော့သည်။

 

ရှားသည် အောင်ပွဲခံ နိုင်ခဲ့သည် ဆိုသော်လည်း တကယ်တမ်းတွင် ဘာသာရေး ခေါင်းဆောင်များ ချုပ်ကိုင်ထားသော နိုင်ငံရေးအာဏာကို လျစ်လျူရှူ၍ မရသည့် အနေအထား နှင့် ရင်ဆိုင်လာခဲ့ရသည်။ ၁၉၅၃ အာဏာသိမ်း ခဲ့မှုသည် ဘာသာရေး ခေါင်းဆောင်များ လက်ထဲသို့ နိုင်ငံရေးရာ များကို ဝင်ရောက် စွက်ဖက်ခွင့် ပေးလိုက်သလို ဖြစ်သွားခဲ့သည်။ သို့သော် ရှား သည် ထိုအဖြစ်ကို ကြာကြာ အောင့်အီး မနေပဲ သူ၏ ရန်သူများ ဖြစ်လာနိုင်သူများ အပေါ် လက်တံခြေတံများ ဆန့်ထုတ်လာခဲ့သည်။

 

နှစ်အနည်းငယ် အတွင်း မှာပင် မိုဆာဒက် ၏ မဟာမိတ်များ၊ တူဒေး ပါတီဝင်များ အား အရေးပါ အရာရောက်သည့် နေရာများမှ ဖယ်ရှား နိုင်ခဲ့သည်။ လစ်လပ်လာသော အာဏာ လေဟာနယ်ထဲသို့ ဘာသာရေး ခေါင်းဆောင်များ ဝင်ရောက် နေရာယူ လာခဲ့သည်။

 

မိုဟာမက် ရီဇာသည် ယခုလို ထီးနန်း ပြန်ရသည့် အရေး တွင် ဘာသာရေး ခေါင်းဆောင် အာယာတိုလာ ကာရှနီ၏ ထောက်ခံမှု ကြောင့် ဖြစ်၍ သူ့အပေါ် ကျေးဇူး များစွာ ရှိနေပြန်သည်။ သို့သော် နောက်ပိုင်း နှစ်နှစ်ဆယ် အကြာတွင်မူ နောက်ထပ် ပေါ်လာသော ဘာသာရေး ခေါင်းဆောင် တဦး၏ ဩဇာ အရှိန်အဝါ ကြောင့် ထီးနန်းကို လက်လွှတ်ပေးခဲ့ရသည်။

 

ထိုသို့ အီရန်တို့ ကြမ္မာဆိုး နှင့် ကြုံခဲ့ရခြင်း၏ နောက်ထပ် တရားခံသည် အမေရိကန် ပြည်ထောင်စု ပင် ဖြစ်သည်။ ၁၉၅၃ တွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းပွဲ တွင် အမေရိကန်၏ ခြေရာလက်ရာ များ ပါနေသည် ကို သိရှိလာသဖြင့် အီရန် နိုင်ငံသား များ နာကြည်းဒေါသထွက်ခဲ့ကြသည်။ အနောက်အုပ်စု မှ ဆက်လက် ပါဝင် စွက်ဖက် နေခြင်းသည် ရှား အတွက် အကျိုးရှိရာ ရှိကြောင်း ဖြစ်မလာခဲ့ပြန်ပေ။

 

သူသည် ပြည်ပမှ ဝင်ရောက် စွက်ဖက် ခြင်းကြောင့် သူ့အဖို့ အမြတ် ထွက်ခဲ့သူ ဖြစ်၍ အားလုံးက အမေရိကန်၏ ရှား ဟု ယူဆလာကြသည်။ ဟင်နရီ ကစ်ဆင်ဂျား မှ ရှား သည် အမေရိကန် တို့ အတွက် ရှားရှားပါးပါး ခေါင်းဆောင်တဦး ဖြစ်ပြီး အကြွင်းမဲ့ မဟာမိတ် တဦး ဖြစ်သည်ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။ ‌ဤသို့ဖြင့် သူလုပ်သမျှ အား အီရန် နိုင်ငံသားများက သံသယ ဖြင့် စောင့်ကြည်လာကြသည်။

 

ရှားသည် အီရန် အား 'အလယ်ခေတ်' မှ ရုန်းထွက်လာစေရမည်ဟု ကြွေးကျော်သံဖြင့် အနောက်တိုင်း ပုံစံ သွင်းပြီး ခေတ်မီအောင် ဆောင်ရွက်လာသည်။ ရေနံ မှ ဝင်ငွေ ဖြင့် ချမ်းသာကြွယ်ဝလာသည် နှင့် အမျှ အီရန်သည် ကြေးနန်းဆက်သွယ်ရေး၊ လူထု ဆက်သွယ်ရေး နှင့် အခြား ဝန်ဆောင်မှု လုပ်ငန်းများတွင် အကြီးအကျယ် ရင်းနှီးမြုပ်နှံလာခဲ့သည်။ မြေယာ ပြုပြင်ပြောင်းလဲရေး များ ဖေါ်ဆောင်ပြီး စက်မှု နှင့် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပညာရေး တိုးတက်မှု ရှိရန် အကောင်အထည် ‌ဖေါ်လာခဲ့သည်။ သူ၏ လုပ်ဆောင်မှု များ အား အဖြူရောင် တော်လှန်ရေးဟုပင် ‌အမည်ပေးလာခဲ့သည်။

 

သို့သော် ထိုအဖြူရောင်‌ တော်လှန်ရေး ဆိုသည်ကပင် ရှား နှင့် သူ၏ အပေါင်းအပါ များ အဖို့ ကြွယ်ဝ ချမ်းသာဖို့ ဖြစ်လာခဲ့ရပြန်သည်။ သို့သော် လူထု အတွက်ကား ဆင်းရဲမြဲ ဆင်းရဲနေဆဲပင် ဖြစ်သည်။ ထိုသို့ လူတန်းစား အဆမတန် မညီမျှ မှု များ ကြောင့် လူငယ် မျိုးဆက်သစ်များ အကြား မကျေနပ်မှု များ တိုးပွားလာသည်။

 

၁၉၆၂ ခုနှစ်တွင် တီဟီရန် တက္ကသိုလ်တွင် ဆန္ဒပြမှုများ ဖြစ်ပွားလာခဲ့သည်။ ကျောင်းသားများက "မိုဆာ‌ဒက် သက်တော်ရာကျော် ရှည်ပါစေ၊ ရှားဘုရင် ကျဆုံးပါစေ" ဆိုသော ကြွေးကျော်သံများ အော်ဟစ် ချီတက်ခဲ့ကြသည်။ ရဲများ ဝင်ရောက် လူစု ခွဲသဖြင့် ကျောင်းသား ရာနှင့် ချီ၍ ဒဏ်ရာ ရသွားခဲ့သည်။

 

၁၉၆၂ တွင် အယာတိုလာ ကက်ရှနီ ကွယ်လွန် ခဲ့ပြီး နောက်တွင် အနောက်တိုင်း ယဉ်ကျေးမှု များ လွှမ်းမိုးလာခြင်းကို တန်ပြန်နိုင်ရန် အစ္စလမ် ဘာသာရေး အယူဝါဒ ဖြင့်သာ တန်ပြန်နိုင်တော့မည် ဆိုကာ အယာတိုလာ ခိုမေနီ သည် ထင်ရှား ကျော်ကြားလာခဲ့သည်။

 

အသက် ၆၀ ရှိသည့် ခိုမေနီသည် ရှား နှင့် သူ၏ အဖြူရောင် တော်လှန်ရေး ဆိုသည်အား ရှီးယိုက် ယဉ်ကျေးမှု ထုံးစံ စဉ်လာများကို ခြိမ်းချောက်လာနေမှု အဖြစ် ပြောဆိုလာခဲ့သည်။ ဤသို့ဖြင့် အစိုးရ အပေါ် မကျေမနပ် ဖြစ်လာသူများက ခိုမေနီ အား ထောက်ခံလာကြသည်။

 

၁၉၆၃ ခုနှစ်တွင် တင်းမာမှု များ ထပ်မံ ပေါ်ပေါက်လာပြန်သည်။ ခိုမေနီ သည် ရှား စီစဉ်လာသည့် နိုင်ငံတော် အဆင့် ပျော်ပွဲ ရွှင်ပွဲများအား သပိတ်မှောက်ကြရန် ဆော်ဩလာခဲ့သည်။ ထိုအခါတွင်တော့ ရှား၏ လျို့ဝှက် စစ်ပုလိပ် ဆားဗက် SAVAK အဖွဲ့သည် ဘာသာရေး ခေါင်းဆောင်များဖက် လှည့်လာခဲ့သည်။

 

ကမ် မြို့ရှိ ထင်ရှားသော ဘာသာရေး တက္ကသိုလ် ကျောင်းတိုက်ကြီးအား ဝင်ရောက်စီးနင်းပြီး အစ္စလမ် ဘုန်းတော်ကြီး ဒါဇင်ပေါင်း များစွာကို ဖမ်းဆီး လိုက်ကြသည်။ ဖမ်းဆီးရန် အမိန့်ပေးခဲ့သူသည် ရှား မှ လွဲ၍ အခြား ဘယ်သူမှ မဖြစ်နိုင်၍ လူထု ၏ ကန့်ကွက်ဆန္ဒပြမှု များ အုံနှင့် ကျင်းနှင့် ဖြစ်လာခဲ့သည်။ (ခိုမေနီအား ကျောင်းသားများ နှင့် အတူ တွေ့ရစဉ်)

 

ရှားသည် ပုံမှန် အားဖြင့် ဆိုလျှင် အတိုက်အခံ ခေါင်းဆောင်များကို သေဒဏ်စီရင်လေ့ ရှိသော်လည်း ခိုမေနီသည် လူသိများ ထင်ရှားသူ ဖြစ်၍ ၎င်းအား ကွပ်မျက်ခြင်း၊ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခြင်း တို့ လုပ်လာပါက သူ့အတွက် အကျိုးများ ဖွယ် မရှိသည်ကို သိနေ၍ ၎င်းတို့မှ နိုင်ငံရေး လှုပ်ရှားမှု များ တွင် ထပ်မံ ပါဝင် ပတ်သက်ခြင်း မပြု လုပ်တော့ပါဟု သဘောတူ ခဲ့ကြသဖြင့် ဩဂုတ်လ တွင် ခိုမေနီ အပါအဝင် ဘာသာရေး ခေါင်းဆောင်များကို ပြန်လွှတ်‌ ပေးခဲ့သည်။