အီရန်၏ အစ္စလမ် တော်လှန်ရေး (၂)
၁၉၂၆ ခုနှစ် တွင် ယခင် ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်ခဲ့သည့် ယခင် စစ်ဖက် အရာရှိ တဦး ဖြစ်သူ ရီဇာ ခန် ဆိုသူသည့် ၎င်းကိုယ်၎င်း ရှား ဘွဲ့ကို ခံယူ၍ ပါလာဗီ ဆိုသည့် ထီးနန်း ကို စိုက်ထူလာခဲ့သည်။
သို့သော် သူသည် မင်းမျိုးမင်းနွယ် မှ ဆင်းသက်လာသူ တဦး မဟုတ်ပေ။ အီရန်အား တည်ငြိမ်မှု နှင့် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရန် လုပ်ဆောင်သွားမည်ဟူသော ကတိဖြင့် မင်း တက်လုပ်ခဲ့သူ ဖြစ်သည်။ သူ့မတိုင်မီ မင်းများလက်ထက်တွင် ပါရှားသည် ဗြိတိသျှ နှင့် ရုရှား တို့၏ နယ်လုပွဲ "Great Game" တွင် နယ်ရုပ်လေး တရုပ်သာသာမျှသာ ရပ်တည်ခဲ့ရသည်။
ရီဇာ ရှားသည် ထီးနန်း အရိုက်အရာ ကို ဆက်ခံပြီးနောက်တွင် အီရန်၏ အချုပ်အခြာ အာဏာကို လူရိုသေ ရှင်ရိုသေ ဖြစ်အောင် ကြိုးစားလာခဲ့သည်။ ထိုသို့ လုပ်နိုင်ရန် စစ်ဖက် တွင် ရင်းနှီးမြုပ်နှံလာခဲ့သည့် အပြင် ပညာရေး နှင့် စက်မှု လုပ်ငန်းပိုင်းဆိုင်ရာ များ တွင် အရည်အသွေး မြှင့်တင်နိုင်အောင် အစီအစဉ်များ ချမှတ်လာခဲ့သည်။ အီရန်အား အနောက်တိုင်း ပုံစံ အတိုင်း ခေတ်မီ တိုးတက်အောင်လုပ်ရန် သံန္နိဋ္ဌာန် ချခဲ့သည်။ တချိန်တည်း တွင် အမျိုးသားရေး ဝါဒကိုလည်း ရှေ့တန်းတင်လာခဲ့ပြန် သည်။
သူ၏ စီမံကိန်းများသည် သိသိသာသာ အောင်မြင်မှုများ ရလာခဲ့သည်။ မီးရထား လမ်းများနှင့် စက်မှု လုပ်ငန်းများ တည်ဆောက်လာပြီး ပညာရေး နှင့် ကျန်းမာရေး ကဏ္ဍများလည်း ဖွံ့ဖြိုး တိုးတက်လာခဲ့သည်။ သူ၏ လုပ်ရပ်များကြောင့် တိုင်းပြည်၏ အချုပ်အခြာ အာဏာ ခိုင်မာ တောင့်တင်းလာခဲ့သော်လည်း တဖက်တွင် အနောက်တိုင်း ယဉ်ကျေးမှုများ စိမ့်ဝင်လွှမ်းမိုးခြင်း ခံခဲ့ရသည်။ သူ၏ ဩဇာအာဏာသည်လည်း ကြီးထွားလာခဲ့သည်။
(ပုံတွင် ရီဇာ ရှား အား မီးရထား လမ်း ဖွင့်ပွဲ တခုတွင် တွေ့ရစဉ်)
ရီဇာ ရှားသည် ကနဦး တွင် လူထု ထောက်ခံမှု ရလာခဲ့သည်။ သို့သော် သူ၏ လူမှု ပြုပြင်ပြောင်းလဲရေး များ တွင် အမျိုးသမီးများ မျက်နှာကို ဖုံးအုပ်ခြင်းကို ပိတ်ပင်လာခဲ့၍ "အူလဲမား" ခေါ်သော ဘာသာရေး ဖက်ရှိ ကျမ်းတတ်ပုဂ္ဂိုလ်များ၏ ထောက်ခံမှု ကျဆင်းလာခဲ့ရသည်။ အဆိုပါ အူလဲမား ကျမ်းတတ် ပုဂ္ဂိုလ်များသည် လူထုကြားတွင်အရှိန်အဝါ ကြီးမားသူများလည်း ဖြစ်သည်။
ဘာသာရေး အား လေးစား ကြည်ညိုသူများသည် ၎င်းတို့၏ ဘဝ တည်ငြိမ်မှု ရှိရေး အတွက် ဘာသာရေး ဆရာများ၏ ဆုံးမ လမ်းညွှန်မှု ကို တလေးတစား လိုက်နာ ကျင့်သုံးကြသူ များ ဖြစ်သည်။ ထို့အတွက် ဘာသာရေး အကြီးအကဲများ သည် ပစ်ပယ်ထား၍ မရသော အင်အားစု အဖြစ် ရပ်တည်နေခဲ့သည်။
၁၉၃၀ ကျော် နှစ်များ အတွင်း ရီဇာ ရှားသည် ဂျာမဏီရှိ နာဇီများ နှင့် ပလူးပလဲ လုပ်ခဲ့မှုသည်လည်း သူ့အတွက် တပန်းရှုံးဖို့ ဖြစ်လာခဲ့ရသည်။ ထိုသို့ လုပ်ခဲ့ရသည်မှာလည်း သူ့တွင် ခိုင်လုံသော အကြောင်းက ရှိနေပြန်သည်။ နိုင်ငံ၏ စီးပွားရေး ကို ဂုတ်သွေးစုတ်ဖို့ အတွက်သာ သိသော ဗြိတိသျှ တို့အား တဖန်ပြန်၍ ထိန်းညှိပေးနိုင်ရန် အတွက် ဖြစ်သည်။
ဤသို့ဖြင့် ဒုတိယ ကမ္ဘာစစ်ကြီး အစတွင် အီရန်သည် ကြားနေကြောင်း မဖြစ်မနေ ကျေညာရဖို့ ဖြစ်လာခဲ့သည်။ နိုင်ငံတွင်း ရောက်ရှိနေသော ဂျာမန် များကိုလည်း ဆက်လက်နေခွင့် ပေးထားနိုင်ခဲ့သည်။
ထိုသို့ ကျေညာခဲ့ရခြင်းကြောင့် မထင်မှတ်သော အလှည့်အပြောင်းကြီး ဖြစ်လာခဲ့ရသည်။ ဂျာမန်တို့အား တဖက်တွင် ကျားကုတ်ကျားခဲ ရင်ဆိုင်နေရသော ဗြိတိန် နှင့် ဆိုဗီယက် သည် အီရန် နိုင်ငံ အတွင်းရှိ ၎င်းတို့ ရေနံစခန်းများကို ဂျာမန်တို့ ဖေါက်ခွဲ ဖျက်ဆီးလာမည့် အရေးကို စိုးရိမ်လာကြသည်။
ဤသို့ဖြင့် ကြားနေပါသည်ဟု ကျေညာထားသော အီရန်အား ဆိုဗီယက် နှင့် ဗြိတိသျှ တို့မှ လက်ဦးမှူ ယူကာ ဝင်ရောက်သိမ်းပိုက်လိုက်ကြသည်။ ရီဇာ ရှားသည်လည်း အခြား နည်းလမ်း မရှိတော့၍ ထီးနန်းကို သားဖြစ်သူ မိုဟာမက် ရီဇာ ပါလာဗီအား လွှဲပေးကာ နိုင်ငံမှ ထွက်ခွာသွားခဲ့ရသည်။
ပြည်ပ အင်အားကြီး နိုင်ငံများ ၏ သိမ်းပိုက်ခံထားရသည့် ကြားတွင် နန်းတက်လာရသော ရှား ဘုရင် အသစ်သည် နိုင်ငံရေး ဩဇာ အာဏာ ချွတ်ခြုံကျခဲ့ရသည့် အဖြစ်နှင့် ရင်ဆိုင်လာခဲ့ရသည်။ ထိုသို့ အနေအထား အကြားတွင် တိုင်းပြည်အား တည်ငြိမ်မှု နှင့် လူထု အကြား လုံခြုံမှု ရှိရေး တို့တွင် ရှားဘုရင် မှ ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်း မရှိတော့သဖြင့် အယူအဆ အမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။
ဤသို့ဖြင့် ၁၉၄၁ မှ ၁၉၅၃ အကြား ကာလအတွင်း ရှားဘုရင် လက်အောက်တွင် ဝန်ကြီးချုပ်များ တယောက်ပြီး တယောက် ပြောင်းသွားခဲ့ရသည်။ အစိုးရ အဖွဲ့ဝင် ဝန်ကြီး တဦး၏ သက်တမ်းသည် ပျမ်းမျှ အားဖြင့် ရှစ်လ သာ ခံခဲ့သည်။
ရှားဘုရင်ကိုယ်တိုင်လည်း သူ၏ အာဏာကို ဆန့်ကျင်လာသည့် စိန်ခေါ်မှု ပေါင်းစုံ နှင့် ရင်ဆိုင်ခဲ့ရ ပြန်သည်။ ထိုစိန်ခေါ်လာမှု များထဲတွင် မိုဟာမက် မိုဆာဒက်၏ ရန်သည် အကြီးမားဆုံး ထွက်ပေါ်လာခဲ့သည်။ မိုဆာဒက်သည် ယခင် ပါရှား ဘုရင် ၏ အနွယ်တော် တဦးလည်း ဖြစ်သည်။ သူသည် အီရန်အား ပို၍ လစ်ဘရယ်ကျသည့် ဖွဲ့စည်းပုံ မျိုးဖြင့် အစိုးရ တရပ် ထူထောင်ရန် တက်ကြွစွာ လှုပ်ရှားနေသည့် နိုင်ငံရေး ခေါင်းဆောင်တဦး အဖြစ် ပေါ်ထွက်လာခဲ့သည်။