သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(161)

by Hla Soewai - Aug 02 2023

တော်လှန်ရေး မဟာဗျူဟာ အဖြစ် လက်နက် စွဲကိုင်လာကြခြင်း (နိဂုံးပိုင်း)

 

အမေရိကန် ရုပ်သံ ABC ၏ Wide World of Sports အစီအစဉ်၏ နာမည်ကြီး အားကစား သတင်း တင်ဆက်သူ ဂျင် မက်ကေး အဖို့ ထိုနေ့က အလုပ်အားရက်လည်း ဖြစ်သည်။ သို့သော် အစ္စရေး အားကစား သမားများ ဓါးစာခံ လုပ်ခံထားရသည့် သတင်းကို ကြားရသည့် အခါတွင်တော့ မြူးနစ်ရှိ ABC စတူဒီယို သို့ ချက်ခြင်း သတင်းပို့ပြီး အလုပ်ခွင် ဝင်ခဲ့သည်။

 

နောက်ပိုင်း ၁၆ နာရီ လုံးလုံး မက်ကေးသည် ဆက်တိုက်ဆိုသလို ဖြစ်ပျက်နေသည်များကို သတင်းထုတ်လွှင့်ခဲ့သည်၊ သူ့အတွက် အနားရသည့် အချိန်ဟူ၍ တခါတရံ လေသာဆောင်ဖက် ထွက်လာသော ပါလက်စတိုင်း လက်နက်ကိုင် တဦး တလေကို မြင်ရသည့် အခါတွင်သာ ဖြစ်သည်။

 

နောက်ဆုံးတွင် ပါလက်စတိုင်းတို့သည် စေ့စပ်ညှိနှိုင်းသူများ နှင့် အပေးအယူ တည့်သွားခဲ့သည်။ ဓါးစာခံ ဖမ်းဆီးထားသူများအား တူနစ်ရှားသို့ လေယာဉ် နှင့် ပို့ဆောင်ပေးပြီးနောက် ဓါးစာခံများ ပြန်လွှတ်ပေးရန်ပင် ဖြစ်သည်။

 

ညဆယ်နာရီ ထိုးပြီးနောက်တွင် ပါလက်စတိုင်းတို့သည် ဓါးစာခံများ အား မျက်နှာအဝတ်စီးကာ တည်းခိုဆောင်မှ ထွက်လာကြပြီး အသင့်စောင့်ဆိုင်းနေသော ရဟတ်ယာဉ် ရှိရာသို့ လမ်းလျှောက် လာကြသည်။ ၎င်းတို့အား ရဟတ်ယာဉ် ဖြင့် လေဆိပ်သို့ ခေါ်ဆောင်သွားပြီး လူသန်ဆာ ၇၃၇ လေယာဉ်ကြီးဖြင့် တူနစ်ရှားသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။

 

တခဏ အတွင်း မှာပင် လေဆိပ်ရှိ အဖြစ်အပျက်အား တိုက်ရိုက် ထုတ်လွှင့်နေသော ဂျင် မက်ကေး ထံမှ "ငရဲပွက်သလို ယောက်ယက်ခပ်ကုန်ပြီ" ဟု အော်ဟစ်သံကြီး နှင့် အတူ ပစ်ခတ်သံများ ထွက်ပေါ်လာခဲ့သည်။ အကြမ်းဖက် သမားတဦးမှ ပစ်ထဲ့လိုက်သည့် လက်ပစ်ဗုံး ပေါက်ကွဲသံကြီး နှင့် အတူ အနောက်ဂျာမန် အာဏာပိုင်များ‌ ၏ လေဆိပ်တွင် ဓါးစာခံများအား ကယ်ထုတ်ရန် အစီအစဉ်များ ပျက်ပြားသွားခဲ့ရသည်။

 

အသင့် နေရာယူထားသော ဂျာမန်လက်ဖြောင့် တပ်သားများ နှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်တွင် ဓါးစာခံ ကိုးဦးစလုံးအပြင် အကြမ်းဖက်သမား ငါးဦးနှင့် အနောက်ဂျာမန် ရဲအရာရှိတဦးလည်း သေဆုံးသွားခဲ့သည်။

 

ထိုအဖြစ်အပျက် အစအဆုံးကို ကမ္ဘာတဝှမ်းရှိ ရုပ်မြင်သံကြား ကြည့်ရှုနေသူ သန်း ၉၀၀ ခန့် မျက်ဝါးထင်ထင် ‌တွေ့ခွင်ရခဲ့ကြသည်။ လေ့လာသူ များက အစ္စရေး အားကစား သမားများကို သတ်ဖြတ်ခဲ့မှု သည် ပါလက်စတိုင်း အရေးတော်ပုံကြီး အတွက် ဖျက်မရတော့သော အမည်းစက်ကြီး စွန်းထင်းသွားခဲ့ခြင်း ဖြစ်သည်ဟု မှတ်ချက်ချခဲ့ကြသည်။ သို့သော် ထိုစစ်ဆင်ရေး ကြီးအား ညွှန်ကြားခဲ့သည့် ဖာတာ နှင့် ပီအယ်အို အဖွဲ့ကြီးကတော့ အကြီးအကျယ် အောင်မြင်မှု ကြီး အဖြစ် မှတ်ယူခဲ့ကြသည်။ (မော့ဆက်၏ "သမိုင်းမတွင်ခဲ့သော စစ်ဆင်ရေး" စာအုပ်တွင် အသေးစိတ် ဖတ်ရှု နိုင်ပါသည်။)

 

နောက်ပိုင်းလများ အတွင်း ပီအယ်အို အဖွဲ့သို့ ပါလက်စတိုင်း လူငယ် ထောင်ပေါင်းများစွာ ဝင်ရောက်လာခဲ့ကြသည်။ ယင်းနှင့် အတူ ယာဆာ အာရာဖတ် နှင့် ပီအယ်အို အဖွဲ့ကြီးသည်လည်း ယခင်ကမရရှိခဲ့သော နိုင်ငံတကာ၏ အသိအမှတ်ပြု ခြင်းကို ရရှိလာကြသည်။

 

၁၉၇၄ ခုနှစ်တွင် ကုလသမဂ္ဂ အ‌ထွေထွေ ညီလာခံ ကြီးမှ အာရာဖတ်အား ဖိတ်ခေါ်၍ မိန့်ခွန်း ပြောခွင့်ပေးခဲ့ကြသည်။ မကြာမီမှာပင် ပီအယ်အိုအား အထူး လေ့လာသူ အဆင့်အတန်း သတ်မှတ်ပေးလာခဲ့သည်။ ထိုဆယ်စုနှစ် မကုန်ဆုံးမီမှာပင် ပီအယ်အိုသည် အစ္စရေး ထက် ပို၍ပင် နိုင်ငံအများအပြား နှင့် သံတမန် ဆက်ဆံရေး ထူထောင်လာနိုင်ခဲ့သည်။ ဤသို့ဖြင့် ပါလက်စတိုင်းတို့သည် တရားဝင် နိုင်ငံ မရှိသေးသော်လည်း ဘူမိနိုင်ငံရေး တွင် အရေးပါသော အနေအထားတွင် ရပ်တည်လာခဲ့ပြီ ဖြစ်သည်။

 

ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ အချို့မှ မြူးနစ် အရေးအခင်း ကို ရှုတ်ချရန် နှင့် နောက်ပိုင်းတွင် ထိုသို့ အကြမ်းဖက်မှုများ ထပ်မံ မပေါ်ပေါက်ရေး အတွက် ပြင်ဆင် လာခဲ့သော်လည်း အာရှ နှင့် အာဖရိက နိုင်ငံ အများ၏ အပြင်းအထန် ဆန့်ကျင်မှု နှင့် ရင်ဆိုင်ခဲ့ရသည်။

 

အနောက်အုပ်စု ဝင် နိုင်ငံများမှ လွဲ၍ ကျန်နိုင်ငံ အများစုသည် တိုင်းတပါးသားတို့၏ ဖိနှိပ်အုပ်ချုပ်မှု တံပိုး အောက်မှ ရုန်းထွက်ရန် ကြိုးပမ်းနေကြသော အဖိနှိပ်ခံ ပြည်သူများသည် ၎င်းတို့ လွတ်မြောက်ရေး အတွက် မည်သည့် နည်းလမ်းကို မဆို အသုံးပြုခွင့် ရှိသည်ဟု စောဒက တက်လာကြသည်။ ၎င်းတို့အတွက် ငြိမ်းချမ်း‌သော နည်းလမ်းဖြင့် ဖြေရှင်းမှု မှန်သမျှ ငြင်းပယ်ခံခဲ့ရလျှင် အကြမ်းဖက် နည်းလမ်းကို ကျင့်သုံးခြင်းသည် တရားနည်းလမ်းကျသည်ဟု ဆိုသည်။

 

အစ္စရေး အားကစားသများအား ပါလက်စတိုင်းတို့ သတ်ဖြတ်ခဲ့မှု အား အနောက်နိုင်ငံများတွင် ထိတ်လန့်တကြား ရှုတ်ချခဲ့ကြသော်လည်း အနောက်အုပ်စုအား မုန်းတီးနေသော နိုင်ငံများကမူ စာနာစိတ်ဖြင့် တုန့်ပြန်ခဲ့ကြသည်။ ထိုနိုင်ငံများရှိ လူများသည် စနစ်တကျ ဖိနှိပ်အုပ်ချုပ်မှု များ နှင့် ရင်ဆိုင်ရသည့် အခါတိုင်း အကြမ်းဖက်မှု များကို ဂမူးရှုးထိုး ဖြင့် ကျင့်သုံးလာကြရစမြဲ ဆိုသည်ကို သိနားလည် ထားကြပြီး ဖြစ်သည်။ မိမိတို့ အနေဖြင့် ကမ္ဘာ နေရာ အတော်များများတွင် အကြမ်းဖက်မှုကို တော်လှန်ရေး နည်းလမ်း အဖြစ် အသုံးချခဲ့မှုသည် မည်မျှ အထိ အစွမ်းထက်ခဲ့သည်ကို သိမြင် နိုင်ခွင့် ရခဲ့ကြသည်။

 

ထိုနည်းလမ်းဖြင့် တော်လှန်ရေး၏ ရည်မှန်းချက်များ အောင်မြင်ခဲ့သည်က အတော်ပင် ရှားပါးလှသော်လည်း အကြမ်းဖက်ဝါဒသည် ခေတ်သစ် ကမ္ဘာကြီးကို ပြောင်းလဲသွားစေခဲ့သည်။ ယင်းနှင့် အတူ ဘူမိ နိုင်ငံရေး အခင်းအကျင်းတွင် မဖြစ်မနေ ထည့်သွင်း စဉ်းစားလာရသည့် အကြောင်း

ခြင်းရာ တရပ်လည်း ဖြစ်လာခဲ့ရသည်။

 

အကြမ်းဖက် ဝါဒကြောင့် ရာစုနှစ်နှင့် ချီ ကြာသော စစ်ပွဲများ ဖြစ်ပွားလာခဲ့ရသည်။ တခါတရံ တွင် အင်အားလွန် နိုင်ငံကြီးများ သည် ၎င်းတို့ အတွက် မဟာဗျုဟာအရ အရေးပါသည်ဟု သတ်မှတ်ထားသော ဒေသများ မှပင် ဆုတ်ခွာပေးခဲ့ကြရသည်။

 

ဒီမိုကရေစီ နိုင်ငံများသည်လည်း နိုင်ငံ ပို၍ လုံခြုံမှု ရှိရေး အတွက် နိုင်ငံသား တို့၏ လူမှု အခွင့်အရေး အချို့ကို ရုပ်သိမ်းပစ်ခဲ့ရပြန်သည်။

 

ထို့အတွက် အကြမ်းဖက်ဝါဒသည် ထိရောက်မှု ရှိသော တော်လှန်ရေး မဟာဗျူဟာ၊ နည်းဗျုဟာ တရပ် ဖြစ်ခဲ့သည်ကို သက်သေထူနိုင်ခဲ့ပြီ ဖြစ်၍ ယနေ့ခေတ် တွင်လည်း ဆက်၍ တည်ရှိ နေဦးမည်သာ ဖြစ်ပေသည်။

 

(အီရန်၏ အစ္စလမ် တော်လှန်ရေး ကို ဆက်လက် တင်ပြသွားပါမည်။)