တော်လှန်ရေး မဟာဗျူဟာ အဖြစ် လက်နက် စွဲကိုင်လာကြခြင်း (၄)
ထိုစဉ်က အိုင်းရစ်ခ်ျ တော်လှန်ရေး သမားများ အသုံးပြုသော လက်လုပ်ဗုံးများသည် စိတ်မချရပဲ အချိန်မတိုင်မီ ပေါက်ကွဲခြင်း သို့မဟုတ်ကလည်း လုံးဝ ပေါက်ကွဲမှု မရှိသည့် အဖြစ်များ နှင့် မကြာခဏ ဆိုသလို ကြုံနေရသည်။ သို့သော်လည်း ဗုံးခွဲ တိုက်ခိုက်မှုများကြောင့် ကျီးလန့်စာစား ဖြစ်လာကြပြီး ဗြိတိသျှ တို့၏ စီးပွားရေးကို ထိခိုက်လာခဲ့သည်။
ဗြိတိန်သည် နေမဝင် အင်ပိုင်ယာကြီး ကို ပိုင်ဆိုင်လာသည့် အချိန်လည်းဖြစ်၍ ထိုသို့ မမြင်ရသော တော်လှန်ရေး သမားများမှ ရွှေမြို့တော်ကြီးအား တိုက်ခိုက်လာနေမှုကို မနှိမ်နှင်း နိုင် ဖြစ်နေ၍ သိက္ခာ ကျ ရမည့် အဖြစ်နှင့် ရင်ဆိုင်လာခဲ့ရသည်။
အကြမ်းဖက် တိုက်ခိုက်လာမှု အား တော်လှန်ရေး သမားများ လက်စွဲ အဖြစ် အသုံးချ လာနိုင်ခြင်းသည်လည်း ဆယ့်ကိုးရာစု နှစ် အကုန်ပိုင်းတွင် နည်းပညာများ တိုးတက်လာမှုကြောင့်လည်း ဖြစ်သည်။ အထူးသဖြင့် ဖေါက်ခွဲရေး ပစ္စည်းများ၊ သတင်းစာကဲ့သို့ ဆက်သွယ်ရေး ကဏ္ဍများ တိုးတက်လာမှုသည် အဓိက အကြောင်းအဖြစ် ပါဝင်ခဲ့သည်။ သတင်းဖြန့်ဖြူးနိုင်မှုသည် လည်း ကမ္ဘာတဝှမ်းအထိ ပေါက်ရောက်လာခဲ့၍ ၎င်းတို့၏ လုပ်ရပ်များ အား သိရှိနိုင်မည့် ပရိသတ်များ တိုးပွားလာခဲ့သည်။
ဗြိတိသျှ သတင်းစာများက ၁၈၈၀ ကျော် နှစ်များ အတွင်း အိုင်းရစ်ခ်ျ တို့၏ ဗုံးခွဲ တိုက်ခိုက်မှုများကို တဖွဲ့တနွဲ့ ရေးလာကြပြီး လူထု၏ ဒေါသကို ဆွပေးလာကြသည်။ ထိုစဉ်က ဖီနီယံ ဒိုင်းနမိုက် ကမ်ပိန်း အဖြစ် ထင်ရှားခဲ့သော အိုင်းရစ်ခ်ျတို့၏ စစ်ဆင်ရေး ကြောင့် သေဆုံးရသူ စုစုပေါင်း တဒါဇင်ပင် မပြည့်သော်လည်း ထိုအကြောင်းကို လူထု အကြားနှင့် ပါလီမန် တွင် အရေးတကြီး ပြောဆိုဆွေးနွေး ခဲ့ကြသည့် အကြောင်းအရာ ဖြစ်လာခဲ့သည်။
၁၈၈၁ နွေရာသီ အတွင်း လန်ဒန်တွင် မင်းမဲ့ဝါဒီ တို့၏ ကွန်ဖရင့်ကို ခေါ်ယူခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုသည် တော်လှန်ရေး အတွက် သင့်တင့် လျောက်ပတ်သော နည်းလမ်း အဖြစ် ထောက်ခံ ပြောဆိုခဲ့ကြသည်။ ထိုအထဲတွင် ရုရှား ဇာဘုရင်အား မကြာမီက လုပ်ကြံ သတ်ဖြတ်မှုလည်း ပါဝင်ခဲ့သည်။
ထိုအချိန်မှစ၍ ဥရောပ နှင့် အမေရိကား တွင် မင်းမဲ့ဝါဒီများမှ ဝါဒဖြန့်တိုက်ပွဲများ ဆင်နွှဲလာခဲ့ကြသည်။ ၁၈၉၂ နှင့် ၁၈၉၄ အကြားတွင် ပဲရစ် တွင် ဗုံးပေါက်ကွဲ မှု ဆယ်တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ကိုးဦး သေဆုံးသွားခဲ့သည်။ စပိန်တွင် လည်း ဒိုင်းနမိုက်ဖြင့် ဖေါက်ခွဲ တိုက်ခိုက်မှုကြောင့် ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့သည်။
ဆယ်ကိုးရာစု နှစ် အကုန်ပိုင်း အရောက်တွင် ပြင်သစ် သမ္မတ၊ စပိန်ဝန်ကြီးချုပ်နှင့် ဩစတီယား-ဟန်ဂေရီ ဘုရင်မကြီး တို့သည် တော်လှန်ရေး သမားများ၏ လက်ချက်ဖြင့် သေဆုံး သွားခဲ့ရသည်။ အီတလီ ဘုရင် အမ်ဘာတို နှင့် ဂျာမန် ကိုင်ဇာ ဘုရင်သည်လည်း အသက်ဘေးမှ သီသီလေး လွတ်သွားခဲ့ရသည်။
ထိုလုပ်ကြံမှု များ အားလုံးအား မင်းမဲ့ဝါဒီ အဖွဲ့များ၏ အစွယ်အပွား လူငယ်ကလေးများက ကျုးလွန်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ထိုအဖွဲ့များသည် နိုင်ငံရေး ဦးတည်ချက် အဖြစ် အတူ ညှိနှိုင်း ဆောင်ရွက် နိုင်ခဲ့ကြသည်။
ဆယ့်ကိုးရာစု နှစ် အကုန်တွင် အာမေးနီးယန်း အမျိုးသားရေး ဝါဒီများသည် အော်တိုမန် အင်ပိုင်ယာ အား ပုန်ကန်ခဲ့ကြရာတွင် အကြမ်းဖက်ဝါဒကို စွဲကိုင်လာကြသည်။
နှစ်ဆယ်ရာစု နှစ် အစောပိုင်း ကာလများတွင် ဘော်စနီယား နှင့် ဆာဘီယား အား သြစတီယား အင်ပိုင်ယာ ၏ လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းနေသော အစွန်းရောက် "လက်မည်း" အဖွဲ့မှ ဩစတီးယား-ဟန်ဂေရီ အိမ်ရှေ့မင်းသား ဖရန့်ဇ် ဖါဒီနန် နှင့် ဇနီး ဖြစ်သူအား လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ ဤသည်ကို အကြောင်းပြု၍ ဥရောပတွင် ပထမ ကမ္ဘာစစ်မီးကြီး တဟုန်းဟုန်း တောက်လောင်လာခဲ့၍ မရည်ရွယ်ပဲနှင့် အကြမ်းဖက် လှုပ်ရှားမှုများ ယာယီ ရပ်တန့်သွားခဲ့ရသည်။
ဗြိတိန် နှင့် အိုင်ယာလန် အကြား ပဋိပက္ခတွင်အိုင်းရစ်ခ်ျ တော်လှန်ရေး သမားများသည် အကြမ်းဖက် တိုက်ခိုက်နေုမှု မှ ပျောက်ကြားစစ် အသွင်သို့ ကူးပြောင်းနိုင်ခဲ့သဖြင့် ၁၉၂၁ တွင် အိုင်ယာလန် တောင်ပိုင်းသည် အိုင်ယာလန် သမ္မတ နိုင်ငံ အဖြစ် ထူထောင်နိုင်ခဲ့ပြီး အိုင်ယာလန် မြောက်ပိုင်းသည် သာ ဗြိတိသျှ လက်အောက်တွင် ကျန်ရစ်သွားခဲ့သည်။
ပထမ ကမ္ဘာစစ်ကြီး အပြီး ထွက်ပေါ်လာသော ဗာဆိုင်း စာချုပ်ကြောင့် အချို့ဒေသများတွင် အမျိုးသားရေး ဝါဒီ တော်လှန်ရေး သမားများ၏ ရည်မှန်းချက် ဖြစ်သော ကိုယ်ပိုင် ဆုံးဖြတ် ပြဋ္ဌာန်း နိုင်ခွင့် နှင့် လွတ်လပ်ရေး များ ရရှိသွားခဲ့သည်။
အစ္စရေး၊ ကင်ညာ၊ ဆိုက်ပရပ်စ် နှင့် အယ်ဂျီရီယား ကဲ့သို့ ဝေးလံသော ဒေသများတွင်လည်း နောက်ပိုင်း နှစ်များ အတွင်း ကိုလိုနီ စနစ် အား အကြမ်းဖက် ဆန့်ကျင် တိုက်ခိုက်ခဲ့သော အမျိုးသားရေး လှုပ်ရှားမှု များကြောင့် လွတ်လပ်ရေး ရရှိလာခဲ့သည်။
၁၉၂၃ ခုနှစ် အော်တိုမန် အင်ပိုင်ယာကြီး ပြိုလဲသွားပြီးနောက်တွင် ပါလက်စတိုင်း ဒေသတွင် အကြမ်းဖက် လှုပ်ရှားမှုများ စတင်ပေါ်ထွက်လာခဲ့သည်။ ဗြိတိန်သည် နိုင်ငံပေါင်းချုပ် အသင်းကြီးမှ ပေးသော အမိန့် အာဏာဖြင့် ပါလက်စတိုင်းဒေသအား ထိန်းချုပ်ခွင့် ရလာခဲ့သည်။ ထို့အတွက် အာရပ်တို့၏ ပုန်ကန်မှု များ နှင့် အကြမ်းဖက် တိုက်ခိုက်မှု အသေးစားများ ထွက်ပေါ်လာခဲ့သော်လည်း ဗြိတိန်သည် ထိုဒေသအား ချုပ်ကိုင်ထားမှု အား စွန့်လွှတ်မည့် အရိပ်အယောင် ပြသခဲ့ခြင်း မရှိပေ။
ထိုအချိန်တွင် ပိုလန် ဂျုးလူမျိုး တဦး ဖြစ်သည့် မီနာချမ် ဘီဂင် သည် ၁၉၄၂ တွင် ဒုတိယ ကမ္ဘာစစ် အတွင်း ပိုလန် စစ်တပ် တိမ်းရှောင်ခဲ့ရသည့် အတွက်ပါလက်စတိုင်း ဒေသသို့ ပြောင်းရွှေ့လာခဲ့သည်။ ပါလက်စတိုင်း ဒေသတွင် ဂျော်ဒန် မြစ်တလျောက် ဂျူးနိုင်ငံ ထူထောင်ရေး အတွက် လှုပ်ရှားနေကြသော အာဂန် ခေါ်သော အမျိုးသားရေး လှုပ်ရှားမှု အဖွဲ့နှင့် ပူးပေါင်းခဲ့သည်။ ထိုအဖွဲ့သည် ဗြိတိသျှ တို့ သိမ်းပိုက်ထားမှု ကို ခုခံ တွန်းလှန်ရန် အင်အားစုဆောင်းနေသော အဖွဲ့လည်း ဖြစ်သည်။
အိုင်းရစ်ခ်ျ အမျိုးသားရေး ဝါဒီ အိုဒိုနိုဗန် ရိုဆာ ကဲ့သို့ပင် ဘီဂင်သည်လည်း ဗြိတိသျှ တို့အား စစ်ရေး အရ အနိုင်ယူနိုင်စွမ်း မရှိသည်ကို သိထားသူ ဖြစ်သည်။ ထို့အတွက် ပါလက်စတိုင်း ဒေသရှိ ဗြိတိသျှ အုပ်ချုပ်ရေး ရုံးများကို တိုက်ခိုက်ရန် စီစဉ်လာခဲ့သည်။ ထိုသို့ လုပ်နိုင်မှသာ ပါလက်စတိုင်း ဒေသတွင် ဗြိတိသျှတို့ ဆက်၍ တွယ်ကပ်နေခြင်းသည် အမြတ်မထွက်ပဲ အကျိုးယုတ်ဖို့သာ ရှိမည်ဟု သေချာပေါက် တွက်ဆလာကြမည် ဆိုသည်ကို ဘီဂင်က ယုံကြည်ထားသည်။