သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(158)

by Hla Soewai - Jul 17 2023

တော်လှန်ရေး မဟာဗျူဟာ အဖြစ် လက်နက် စွဲကိုင်လာကြခြင်း (၃)

 

ဇာဘုရင် လုပ်ကြံခံရမှု ကြောင့် ရုရှားတွင် အရေးပေါ် အခြေအနေကို ကျေညာလိုက်သည်။ ကျုးလွန်သည်ဟု ယူဆရသူများကို အပူတပြင်း ရှာဖွေ ကာ လူဖမ်းပွဲကြီး စတင်လာခဲ့သည်။ သို့သော် “ပြည်သူ့ဆန္ဒ အဖွဲ့” သည် ကြောက်ရွံ့ပြီး တိမ်းရှောင်သွားခဲ့ကြခြင်း မရှိ၊ နိုင်ငံရေး အရ ဆွဲအားကြီး အဖြစ် ကျန်ရစ်အောင် ကြံစည်ခဲ့ခြင်း ဖြစ်၍ ထိုအမှု နှင့် ဆက်စပ်ပြီး လူသိရှင်ကြား ဖြစ်သည် ထက် ဖြစ်လာစေမည့် ဝါဒဖြန့်ချီရေး လက်နက်ကြီး ကို လက်လွတ်မခံနိုင်ကြ၍ လည်း ဖြစ်သည်။

 

အဆိုပါ အဖွဲ့သည် အလက်ဇန္ဒား သေဆုံးပြီး တရက်အကြာတွင် ကျေညာချက် တရပ်ကို ထုတ်ပြန်လာခဲ့သည်။ အလက်ဇန္ဒား သည် ငွေကြေးအရ အတိုင်းမသိ ကြွယ်ဝချမ်းသာနေပြီး လက်နက်အင်အား ကောင်းသော စစ်တပ် ကြီး ပိုင်ဆိုင်ထားသော်ငြားလည်း သန်းပေါင်း ၈၀ သော လူထုကြီး တရပ်လုံးသည် သူ၏ လက်ခုပ်ထဲက ရေပမာ နေကြရသည်ဟု ပါရှိခဲ့သည်။ အကယ်၍ သူ့နေရာကို ဆက်ခံမည့် တတိယမြောက် အလက်ဇန္ဒား သည် ဖွဲ့စည်းပုံ နှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှု များ မလုပ်ပါက ယခုထက် ပို၍ ပြင်းထန်သော အကြမ်းဖက်မှု များကို တခါမှ မကြုံဖူးသည့် အတိုင်းအတာ ဖြင့် မကြာခဏ ဆိုသလို ဆက်လက် ဆင်နွှဲသွားမည်ဟုပင် ခြိမ်းချောက်လာခဲ့သည်။

 

နောက်ပိုင်း ရက်သတ္တပတ်များ အတွင်း ပြည်သူ့ဆန္ဒ အဖွဲ့ဝင်များသည် ဆက်တိုက်ဆိုသလို ဖမ်းဆီးခံခဲ့ရ၍ လက်တဆုပ်စာ လူအင်အားမျှ ကျန်‌တော့၍ ၎င်းတို့ ခြိမ်းချောက်ခဲ့သည့် အတိုင်း အကောင်အထည် ဖေါ်နိုင်ခြင်း မရှိခဲ့တော့၊ သို့သော် ထိုသို့ ပြုလုပ်နိုင်သည် ဟူသော ခြိမ်း‌ချောက်မှုများကို ဆက်လက်ထိမ်းသိမ်းထားနိုင်လေ ထို့အဖွဲ့သည် နိုင်ငံရေး အင်အားစုကြီး ဆက်လက် ကျန်ရှိနေလေပင် ဖြစ်သည်။ ၎င်းတို့ မျှော်မှန်းခဲ့သလို လူထု အုံကြွမှု ကြီး လည်း ဖြစ်ပေါ်လာခဲ့ခြင်း မရှိပြန်ပေ၊ ပြည်သူ့ဆန္ဒ အဖွဲ့၏ ခေါင်းဆောင် များထဲမှ တဦး ဖြစ်သူ ဗီရာ ဖစ်ဂနာ မှ လူထုကြီးသည် တိတ်ဆိတ်ငြိမ်သက်နေပြီး ကျေးရွာများသည် အိပ်မောကျလျက် ရှိနေကြသည်ဟု ဝမ်းနည်းပက်လက် ဖြင့် ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

သို့သော် ဇာဘုရင်အား လုပ်ကြံသတ်ဖြတ်ခဲ့မှု ကြီးသည် တကမ္ဘာလုံး ကို တုန်လှုပ်သွားစေခဲ့သည်။ ဗြိတိသျှ ထီးနန်းအား စည်းမျဉ်းခံ ဘုရင်စနစ် ဖြင့် အုပ်ချုပ်နေသော်လည်း အချို့သည် ရုရှား ပြည်သူများ ကဲ့သို့ပင် နိုင်ငံ‌ရေး တွင် တွယ်ရာမဲ့ ဖြစ်နေသည်ဟု ခံစားလာမိကြသည်။

 

၁၈၀၁ ခုနှစ်တွင် ဗြိတိသျှ ပါလီမန် မှ ယူနီယံ အက်ဥပဒေ ဖြင့် ဗြိတိန် ပြည်မ ကြီး နှင့် အိုင်ယာလန် ကို ပေါင်းစည်းက United Kingdom (UK) ဟု တည်ထောင်ခဲ့ကြသည်။ သို့သော် ဗြိတိန်သည် ကက်သိုလစ် ဘာသာဝင် အများစု ဖြစ်သော အိုင်ယာလန် ပြည်သူများအား အုပ်ချုပ်ခံ နိုင်ငံသားများ အဖြစ် ဆက်ဆံခဲ့ကြသည်။ 

 

ထိုကဲ့သို့ နိုင်ငံရေး အာဏာ အရ ခေါက်ချိုး မညီ ဖြစ်လာခဲ့မှု သည် ၁၈၄၀ ကျော် နှစ်များ အတွင်း အိုင်ယာလန် အငတ်ဘေးကြီး ဖြစ်ပေါ်လာစေရန် မြေဩဇာများ ဖြစ်လာခဲ့သည်။ ဗြိတိသျှ အစိုးရ မှ လုံလောက်သည့် တုန့်ပြန်မှု များ မရခဲ့သဖြင့် ထိုအငတ်ဘေးကြီးတွင် လူတသန်းမျှ အသက်ဆုံးရှုံးသွားခဲ့ကြရသည်။ ဤသည်ကို ကြည့်ပြီး လွတ်လပ်သော အိုင်ယာလန် သမ္မတ နိုင်ငံ ထူထောင်နိုင်ရန် တော်လှန်ရေး အဖွဲ့များ အလျိုလျို ထွက်ပေါ်လာခဲ့သည်။

 

ထိုအဖွဲ့များထဲတွင် အတက်ကြွဆုံးသည် ဖီနီယံ ညီနောင် များ အဖွဲ့ပင် ဖြစ်သည်။ ထိုအဖွဲ့အား အငတ်ဘေးကြောင့် အမေရိကန် ပြည်ထောင်စုသို့ ထွက်ပြေး ခိုလှုံသွားခဲ့ကြသော အိုင်းရစ်ချ် များက တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။ ထိုအဖွဲ့အား အမေရိကန် ရှိ ပြည်ပြေး တော်လှန်ရေး သမားတဦး ဖြစ်သူ ဂျရယ်မိုင်ယာ အို ဒိုနိုဗန် ရိုဆာ က ဦးဆောင်ခဲ့သည်။

 

အိုင်ယာလန် ပြည်သူများသည် ဗြိတိသျှ တို့အား သမာရိုးကျ နည်း ဖြင့် စစ်ပွဲဆင်နွှဲကာ တွန်းလှန်နိုင်စွမ်း မရှိကြ၍ အိုဒိုနိုဗန် ရိုဆာ မှ ဗုံးခွဲတိုက်ခိုက်ခြင်း ဖြင့်သာ အင်အား ချင်း ညီမျှ အောင် ပြုလုပ်နိုင်စွမ်း ရှိလိမ့်မည် ဟု ပြောဆိုလာခဲ့သည်။ ထိုသို့ အကြမ်းဖက် နည်းလမ်းဖြင့်သာ မိမိတို့ တော်လှန်ရေး၏ ပေးလိုသော မက်ဆေ့ချ်များ ကြားသည်ထက် ကြားအောင် ပြုလုပ်နိုင်စွမ်း ရှိမည် ဆိုသည်ကို လက်ခံလာခဲ့ကြသည်။

 

ထိုခံယူချက်နှင့် အတူ အမေရိကန်ရှိ ဖိနီယံ ညီနောင် အိုင်းရစ်ချ် များထံ မှ အားပေးထောက်ခံမှု နှင့် ရံပုံငွေများ ရရှိလာခဲ့ကြသဖြင့် အိုင်ယာလန်တွင် “စကားမစ်ရှား” ဟု ခေါ်သည့် အဖွဲ့ကို ဖွဲ့စည်းလိုက်ကြသည်။ ထိုအဖွဲ့၏ ပွဲဦးထွက် သေနတ်သံကို ဇာဘုရင် လုပ်ကြံ မခံရမီ နှစ်လ အလိုတွင် စတင် ကြားလာခဲ့ရသည်။

 

စကားမစ်ရှားများသည် မန်ချက်စတာ ရှိ အင်္ဂလိပ် စစ်တန်းလျား တခု တွင် ဗုံးထောင်လိုက်ခြင်း ဖြင့် တိုက်ပွဲ ခေါ်သံကို စတင် ဟစ်ကြွေးလိုက်ခြင်းပင် ဖြစ်သည်။ ထိုသို့ ပြုမူ လိုက်ခြင်းဖြင့် ဗြိတိသျှ တို့ အိုင်ယာလန် တွင် ကြီးစိုးနေမှု ကို အိုင်ယာလန် ပြည်သူများက လက်ခံလိုစိတ် မရှိဆိုသည့် မက်ဆေ့ချ် ကို ဗြိတိသျှ ကျွန်းမကြီး တွင် ပျံ့နှံ့သွားအောင် လှုံ့ဆော်လိုက်ခြင်းလည်း ဖြစ်သည်။

 

ထိုသို့ မန်ချက်စတာ ရှိ ဆားလ်ဖို့ဒ် စစ်တန်းလျား ကြီးကို ရွေးချယ် တိုက်ခိုက်လိုက်ခြင်းသည် လွန်စွာ မှ ထိရောက်မှု ရှိလာခဲ့သည်။ ထိုလုပ်ရပ်အတွက် နောင်တွင် မန်ချက်စတာ အာဇာနည်များ ဟု သမိုင်းတွင် ကျန်ခဲ့မည် ဖီနီယံ အဖွဲ့ဝင် သုံးဦးသည် ၁၈၆၇ တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရသည်။

 

စကားမစ်ရှား တို့ ထောင်ခဲ့သော ဗုံးသည် လွယ်ကူရိုးရှင်းစွာ ပြုလုပ်ထားခြင်း ဖြစ်ပြီး ညနေခင်းတွင် ပေါက်ကွဲသွားခြင်း ဖြစ်၍ ထိုအချိန်က ကံမကောင်း အကြောင်းမလှစွာ အနီးအနား တွင် ဖြတ်သွားသည့် ခုနှစ်နှစ်သား ကလေးငယ်တဦးသာ သေဆုံးသွားခဲ့သည်။

 

နောက်ပိုင်းတွင် အိုဒိုနိုဗန် ရိုဆာ နှင့် အခြား အိုင်းရစ်ချ် တော်လှန်ရေးသမားများ၏ ထောက်ပံ့ ကူညီမှု များ ဖြင့် အင်္ဂလိပ် မြို့ကြီးများ တွင် ဗုံးများ ဆက်တိုက်ဆိုသလို ဖေါက်ခွဲ နိုင်ခဲ့ကြသည်။ ၎င်းတို့၏ အဓိက ပစ်မှတ်သည် လန်ဒန်ပင် ဖြစ်သည်။ လန်ဒန် မျှော်စင်ကြီးနှင့် ဗြိတိသျှ ပါလီမန် အဆောက်အဦးများသည် ဗြိတိသျှ အုပ်ချုပ်ရေး ၏ အထင်ကရ များ ဖြစ်၍ ပစ်မှတ်ထားလာခဲ့ကြသည်။