သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(157)

by Hla Soewai - Jul 15 2023

တော်လှန်ရေး မဟာဗျူဟာ အဖြစ် လက်နက် စွဲကိုင်လာကြခြင်း (၂)

 

တော်လှန်ရေး မဟာဗျူဟာ အဖြစ် လက်နက်စွဲကိုင်ခြင်း ဆိုသည်ကို အီတာလျံ လူမျိုး ဆင်းရဲမွဲတေနေသော် လည်း မျိုးချစ်စိတ် ရှိသည့် မြို့စားကြီး ကာလို ပီဆာကိန်း ၏ အဆို နှင့် စတင်ရမည် ဖြစ်သည်။

 

သူသည် ဝါဒဖြန့်ချီ မှု ထိရောက်စေရန် အလုပ်နှင့် သက်သေပြနိုင်ဖို့ အရေးကြီးဆိုသည့် အယူအဆကို အလေးပေး ပြောဆိုခဲ့သည်။ အလုပ်မှ ထွက်ပေါ်လာသော အိုင်ဒီယာများ ဖြစ်ဖို့လိုပြီး အိုင်ဒီယာမှ ထွက်လာသော အလုပ်မျိုး မဖြစ်စေရဟုလည်း ဆိုပြန်သည်။

 

ထို့အတွက် အကြမ်းဖက်မှုသည် မိမိတို့ နိုင်ငံရေး အရ တိုက်ပွဲဝင်နေသည့် အရေးတော်ပုံ အား လူသိများလာစေရန် ဖေါ်ဆောင်ရမည့် ကိရိယာ တန်ဆာပလာ သာ ဖြစ်သည်ဟု ‌ဆိုသည်။ ၁၈၄၈ ခုနှစ် အတွင်း အီတလီ ပြည်နယ်များတွင် ဖြစ်ပွားခဲ့သော တော်လှန်ရေး များ ကို နမူနာ ယူ၍ ဥရောပ ကုန်းမြေကြီး တခွင်တွင် တော်လှန်ရေးများ ဆင့်ကဲ ဆင့်ကဲ ဖြစ်ပွားလာခဲ့သည်။ ပီဆာကိန်းသည် အကွဲကွဲ အပြားပြား ဖြစ်နေသော အီတလီ ပြည်နယ်များ တစုတစည်းတည်း ဖြစ်လာရန် ကွယ်လွန်သွားချိန်အထိ ကြိုးပမ်းသွားခဲ့သူ ဖြစ်သည်။

 

နောက်ပိုင်း နှစ် အနည်းငယ် အကြာတွင် ပီဆာကိန်း၏ သဘောတရားကို လက်‌တွေ့ အကောင်အထည် ဖေါ်လာသည့် တော်လှန်ရေး အဖွဲ့ ပေါ်ထွက်လာခဲ့သည်၊ ယင်းသည် ရုရှားရှိ Narodnaya Volya ခေါ် ပြည်သူ့ ဆန္ဒ ဟု အမည်ပေးထားသည့် အဖွဲ့ပင် ဖြစ်သည်။ ထိုအဖွဲ့အား ၁၈၇၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး လူငယ်များ၊ ပညာတတ် အမျိုးသား အမျိုးသမီးများ ပါဝင်လာခဲ့သည်။

 

ထိုအဖွဲ့သည် လယ်သမား များအား ထမင်းရှင်များ အဖြစ် သတ်မှတ်ကာ ၎င်းတို့၏ ကျေးဇူးကို သိတတ်သည့် အနေဖြင့် တတ်နိုင်သမျှ အကူအညီ ပေးသွားရမည်ဟူသော ခံယူချက် ဖြင့် ဖွဲ့စည်းလာခဲ့ခြင်း ဖြစ်သည်။ အဖွဲ့ဝင် အချို့သည် ကျေးရွာများ အထိ ကွင်းဆင်းပြီး ပညာရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု များ ဖြင့် ကူညီပေးခဲ့ကြသည်။ ထို့အတူ စီးပွားရေး နှင့် လူမှုရေး တွင် တန်းတူ ညီမျှ မှု ရှိရမည် ဆိုသည့် သဘောတရားများကိုလည်း ပို့ချပေးခဲ့သည်။ သို့သော် သူတို့၏ စေတနာ ဝန်ထမ်း ဆောင်ရွက်နေမှု များကို ဇာဘုရင်၏ ပုလိပ်တပ်ဖွဲ့မှ အနှောက်အယှက်များ ပေးလာပြီး ကန့်သတ် ချုပ်ချယ်လာခဲ့သည်။

 

ရုရှားကဲ့သို့ ကံကျွေးချ မြေရှင်ပဒေသရာဇ် စနစ်၏ အကြွင်းအကျန် များ ရှိနေဆဲ ဖြစ်သော နိုင်ငံတွင် ထိုကဲ့သို့ စီးပွားရေး နှင့် လူမှုရေး တို့တွင် တန်းတူ ညီမျှ မှု ရှိရမည်ဟု ဟောပြောပို့ချနေမှူ များအား အာဏာပိုင်များ အဘယ်သို့ များ လက်ပိုက်ကြည့်နေ နိုင်ကြပေမည်နည်း။

 

ရုရှား ကျေးလက်ဒေသများ သို့ ခဏတာမျှ သွားရောက်ပြီး လုပ်အားပေးခဲ့သူများ၊ ထိုသို့သော အကြောင်းအရာများ ရေးသားထားသည့် စာစောင်များ ဖြန့်ဝေခဲ့ကြသော လူငယ် တက်ကြွ လှုပ်ရှားသူများသည် အကျဉ်းထောင်များ ထဲတွင် နှစ်ပေါင်းများစွာ အကျဉ်းချ ခံရခြင်း၊ ပြည်နှင်ဒဏ် ပေးခံရခြင်း များ ကြုံတွေ့လာခဲ့ရသည်။

 

ဤသည်ကို ကြည့်ပြီး လူထုအား ငြိမ်းချမ်းစွာ အသိပညာ ပေးခြင်းမျိုးသည် ရိုမာနော့ ဇာဘုရင်၏ လက်အောက်တွင် မည်သို့မျှ မဖြစ်နိုင်တော့ဟု ‌လက်ခံလာခဲ့ကြသည်။ ထို့အတွက် ပြည်သူ့ဆန္ဒ အမှု ဆောင် ကော်မီတီ အား အဖွဲ့ဝင် နှစ်ဒါဇင်ခန့်ဖြင့် ဖွဲ့စည်းလိုက်ပြီး ၎င်းတို့ လတ်တလော ရည်ရွယ်ထားသော ကိစ္စကို ဖြစ်သည့်နည်းဖြင့် အကောင်အထည် ဖေါ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

 

ထိုကိစ္သသည်ကား ဇာဘုရင် ဒုတိယမြောက် အလက်ဇန်ဒါးကို လုပ်ကြံသတ်ဖြတ်ရန်ပင် ဖြစ်သည်။ ထိုကိစ္စ အထမြောက်သွားမည် ‌‌ဆိုလျှင် အစိုးရထံ မှ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များ ထွက်ပေါ်လာမည်၊ သို့မဟုတ်ကလည်း လူထု တရပ်လုံး အုံကြွတော်လှန်လာအောင် နှိုးဆော်ပြီးသား ဖြစ်သွားလိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။

 

ဤသို့ဖြင့် ၁၈၇၉ ဩဂုတ်လ နှင့် ၁၈၈၁ မတ်လ အကြားတွင် ဇာဘုရင်အား လုပ်ကြံနိုင်ရန် အကွက်ချ စီမံလာကြသည်။ ထိုသို့ လုပ်ကြံရာတွင်လည်း ပြောစမှတ် တွင်ကျန်ရစ်အောင် လုပ်နိုင်မှ ဖြစ်မည်ဟုလည်း ခံယူထားသည်။ ထိုစဉ်က ပေါ်ကာစ ဖြစ်‌သော ဖေါက်ခွဲရေး ပစ္စည်းများကို လက်နက် အဖြစ် အသုံးပြုရန် ရွေးချယ်လိုက်သည်။

 

ပြည်သု့ဆန္ဒ အဖွဲ့သည် ၎င်းတို့လုပ်ရပ်အား လူအများ မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရရေး သည် မည်မျှ အထိ အရေးကြီးကြောင်းကို သဘောပေါက်ထားကြသည်။ အနီးကပ် ဓါးဖြင့်ထိုးခြင်း၊ သေနတ်နှင့် ပစ်ခြင်းများသည် ဗုံးခွဲတိုက်ခိုက်ခြင်းလောက် လူထု အာရုံကို ဖမ်းစားနိုင်ခြင်း မရှိ၊ ဝုန်း ဆိုသည့် အသံကျယ် ကြီး ဖြင့် တိုက်ခိုက်နိုင်မှသာ လူထု အာရုံ ကို ဖမ်းစားနိုင်ပြီး ပြောစမှတ် တွင် ကျန်ရစ်မည် ဟု ယူဆခဲ့ကြသည်။ ထို့သို့သော အယူအဆ ကို မျက်မှောက်ခေတ် အထိ ဆက်၍ အကောင်အထည် ဖေါ်လာခဲ့ကြသည်။

 

နှစ်နှစ်ကျော် ကာလ အတွင်း ထိုအဖွဲ့သည် လမ်းများ တလျှောက်၊ မီးရထား လမ်းများ တွင် မိုင်းများ ထောင်ခြင်း၊ ဇာဘုရင်၏ ဆောင်းရာသီ နန်းတော်ကို ဒိုင်းနမိုက်ဖြင့် ခွဲခြင်းများ ဖြင့် တိုက်ခိုက်ခဲ့ကြသော်လည်း အစောင့်များသာ သေဆုံးသွားခဲ့ပြီး သူတို့၏ အဓိက ပစ်မှတ် နှင့် လွဲချော်နေဆဲပင် ဖြစ်သည်။

 

ဤသို့ဖြင့် ၁၈၈၁ မတ်လ ၁၃ ရက်နေ့တွင် ဇာဘုရင် မကြာခဏ သွားလေ့သွားထ ရှိသည့် လမ်းတလမ်းပေါ်တွင် ဗုံးထောင်ခဲ့ကြသည်။ ထိုနေ့က တနင်္ဂနွေ နေ့ ညနေခင်းလည်း ဖြစ်ပြီး ပြည်သူဆန္ဒ အဖွဲ့ဝင်အချို့ သည် စနက်တံကို မီးရှို့ရန် အသင့် စောင့်ဆိုင်းနေကြသည်။ အချို့ကလည်း လမ်းကြောင်း ပြောင်းသွားမည် စိုး၍ အခြားလမ်းတလမ်းတွင် စောင့်နေကြပြန်သည်။ ထိုသူများလက်ထဲတွင် တော့ အရံသင့် ပစ်နိုင်သည့် မီးလောင်ဗုံးများ ကိုင်ထားကြသည်။

 

ဇာဘုရင်သည် ၎င်းတို့ အပိုင်တွက်ထားသည့် လမ်းမှ မလာပဲ အခြားလမ်းမှ လာနေသဖြင့် စီစဉ်ထားသည့် အတိုင်း လှုပ်ရှားခဲ့ကြသည်။ ပထမဆုံး ပစ်သွင်းလိုက်သော မီးလောင်ဗုံးသည် ဇာဘုရင် လိုက်ပါလာသော ရထားလုံးကို မီးစွဲလောင်သွားခဲ့ပြီး၊ ဒုတိယ ဗုံးသည် ပစ်မှတ်ကို ထိမှန်သွားခဲ့သည်။ ဤသို့ဖြင့် ရုရှား၏ ဒုတိယမြောက် အလက်ဇန်ဒါး ဘုရင်သည် နာရီပိုင်း အတွင်းမှာပင် သေဆုံးသွားခဲ့ရသည်။