သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(155)

by Hla Soewai - Jul 15 2023

အသားအရောင် ခွဲခြားမှု အပါသိုက် စနစ် ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှု (နိဂုံးပိုင်း)

 

တောင်အာဖရိက ရှိ လူမည်း အင်ဂလီဂန် ဂိုဏ်းအုပ် ဘုန်းတော်ကြီး ဒက်စမွန် တူတူးသည် အပါသိုက် အုပ်ချုပ်ရေး စနစ်အား ငြိမ်းချမ်း‌သော နည်းလမ်းများ ဖြင့် ကန့်ကွက် ဆန္ဒပြရေးကို မဆုပ်မနစ် ကြိုးပမ်းခဲ့သူ ဖြစ်သည်။ ထို့အတွက် ၁၉၈၄ ခုနှစ် တွင် နိုဘယ် ငြိမ်းချမ်းရေး ဆု ချီးမြှင့် ခံခဲ့ရသည်။

 

ဆုလက်ခံ ရယူသည့် အခမ်းအနားတွင် တက်ရောက်လာသူများ အား မိန့်ခွန်းပြောကြားခဲ့ရာတွင် လူမည်းများအား အုပ်ချုပ်နေရ၍ အပါသိုက် စနစ် ဖြင့် လူမျိုးရေး ခွဲခြားထားမှ ဖြစ်မည်ဟူသော ဝါဒရေးရာ အိမ်မက်များဖြင့် သန်းပေါင်းများစွာသော ဘုရားသခင်၏ သားသမီးများအား လူသား များ အဖြစ် မဟုတ်ပဲ အမှိုက်သရိုက် များ အဖြစ် ဆက်ဆံအုပ်ချုပ်နေခြင်းမျိုးသာ ဖြစ်သည်ဟု ပြောခဲ့သည်။

 

အပါသိုက်စနစ် အား အလွန်တရာမှ ကြမ်းကြုတ်လှသော ဥပ‌ဒေ အမျိုးမျိုး ဖြင့် ပြဋ္ဌာန်းကာ ထိန်းချုပ်ထားရပုံများကို ရှင်းလင်းပြောဆိုသွားခဲ့ပြီး သူပြောလိုသည်များကို ပို၍ ထိမိစေရန် ပျက်လုံးတခုကို ယခုလို ထည့်ပြောသွားခဲ့သည်။

 

ဇမ်ဘီယာ နိုင်ငံသား တဦး နှင့် တောင်အာဖရိက နိုင်ငံသား တဦးတို့ စကားလက်ဆုံ ကျခဲ့သည်။ ဇမ်ဘီယာ သည် ကုန်းပိတ် နိုင်ငံ ဖြစ်သော်လည်း သူတို့ အစိုးရ အဖွဲ့ဝင် ရေတပ်ဝန်ကြီး ရှိကြောင်း ခပ်ကြွားကြွား ထည့်ပြောလာသည့် အခါတွင်တော့ တောင်အာဖရိက နိုင်ငံသားက "ခင်ဗျားတို့ နိုင်ငံမှာ ရေတပ်လည်း မရှိ၊ ပင်လယ် ထွက်ပေါက်လည်း မရှိပဲနဲ့ ဘယ်လိုများ ရေတပ် ဝန်ကြီး ဆိုတာမျိုး ရှိနေရတာလဲ" ဟု မေးခွန်းထုတ်လိုက်သည်။ ထိုအခါ ဇမ်ဘီယာ နိုင်ငံသားက "ကောင်းပြီ၊ ဒါဆိုရင် ခင်ဗျားတို့ နိုင်ငံမှာ ကော တရားရေး ဝန်ကြီး ဆိုတာ မရှိဘူးလား၊ ရှိတယ်မဟုတ်လား ပြောလေ" ဟု ပြန်ပြောလိုက်သည်ဟူ၍ ဖြစ်သည်။

 

တူတူး ပြောလိုသည့် အချက်က "တောင်အာဖရိက တွင် ငြိမ်းချမ်းမှု ဆိုသည် မရှိ၊ ထိုသို့ မရှိခြင်းမှာလည်း တရားမျှတမှု မရှိခြင်းကြောင့်" ဖြစ်သည်။

 

၁၉၈၀ ကျော် နှစ်များ အလယ်ပိုင်းတွင် နိုင်ငံခြား ကုမ္ပဏီ အမြောက်အများသည် တောင်အာဖရိက မှ တဖြေးဖြေး ထွက်ခွာကုန်ကြသည်။ နိုင်ငံတကာ ဘဏ်တိုက် အများအပြားသည်လည်း လူဖြူ အစိုးရ အား ငွေချေးငှားရန် ငြင်းဆိုလာခဲ့သည်။ တောင်အာဖရိက အစိုးရသည် ထိုသို့ အကျပ်အတည်းများ ဖြစ်လာချိန်တွင် ၎င်းတို့ လုပ်နည်းလုပ်ဟန် အတိုင်း အရေးပေါ် အခြေအနေ ကျေညာကာ ထင်ရှားသည့် လူမည်း တောင်အာဖရိက နိုင်ငံသားများအား ထောင်နှင့် ချီ၍ ဖမ်းဆီးလိုက်သည်။

 

ထိုသို့ ကမ်းကုန်အောင် ဖိနှိပ်လာမှု များအား နိုင်ငံတကာ အသိုက်အဝန်းမှ လက်ပိုက်ကြည့် မနေ နိုင်တော့ပဲ ပြင်းပြင်းထန်ထန် တုန့်ပြန်လာခဲ့ကြသည်။ ၁၉၈၆ ခုနှစ်တွင် အမေရိကန် ကွန်ဂရက်မှ သမ္မတ၏ ဗီတိုအာဏာ ကို ကျော်လွှားကာ တောင်အာဖရိက အား စီးပွားရေး ပိတ်ဆို့မှုများ ပြဋ္ဌာန်းလိုက်ကြသည်။

 

နိုင်ငံတွင်း တွင်လည်း အလုပ်သမား သပိတ်များ၊ လမ်းပေါ် ဆန္ဒပြပွဲများ အရှိန်မြှင့်လာခဲ့၍ အစိုးရသည် စီးပွားရေး အကျပ်အတည်း ကြီးများ နှင့် ရင်ဆိုင်လာရတော့သည်။ ထိုအခြေအနေများကို ယခင် အတိုင်း အင်အား သုံး၍ တုန့်ပြန်ခဲ့ကြပြန်သော်လည်း ၁၉၈၀ နှစ်များ အကုန်တွင်တော့ ပြည်တွင်း ပြည်ပ ၏ ဆန့်ကျင်လာမှုများကြောင့် အပါသိုက်စနစ် သည် မည်သို့မျှ ဆက်၍ ရပ်တည် နိုင်စွမ်း မရှိတော့သည့် အဖြစ်သည် ထင်ရှားလာခဲ့ပေတော့သည်။

 

တောင်အာဖရိက သမ္မတ ပီ ဒဗလျု ဘိုသာ သည် ရင်ဆိုင်နေရသော အကျပ်အတည်းများမှ သက်သာရာ ရလိုရငြား နယ်ဆင် မင်ဒဲလားအား အကျဉ်းထောင်မှ လွှတ်ပေးမည်ဟု ကမ်းလှမ်းလိုက်သည်။ မင်ဒဲလား ဖက်ကလည်း လက်နက်ကိုင် ဆန့်ကျင်မှု ကို စွန့်လွှတ်ရမည်ဟူသော အ‌ပေးအယူ သဘောမျိုး နှင့် ဖြစ်သည်။ သို့သော် မင်ဒဲလားက ထိုသို့ အပေးအယူ လုပ်လာသည်ကို လက်မခံခဲ့ပေ။

 

နောက်ပိုင်း နှစ်အနည်းငယ်အကြာ ၁၉၈၈ တွင် မင်ဒဲလားတွင် တီဘီ ရောဂါ စွဲကပ်နေပြီ ဆိုသော သတင်းများ အပြင်သို့ ပေါက်ကြားလာခဲ့သည်။

 

ANC သည် မင်ဒဲလား၏ အသက် ၇၀ ပြည့် မွေးနေ့အား ကမ္ဘာတဝှမ်း တွင် အထိမ်းအမှတ် ပွဲများ ကျင်းပရန် ပြင်ဆင်လာခဲ့သည်။ ထိုကဲ့သို့ ပွဲမျိုးကို ပြည်တွင်း တွင် ပြုလုပ်ရန် အစိုးရက ပိတ်ပင်ထားခဲ့သည်။ နိုင်ငံတကာကလည်း တက်တက်ကြွကြွ ပါဝင်လာခဲ့သည်။

 

လန်ဒန် ရှိ ဝင်ဘယ်တန် အားကစားရုံကြီး အတွင်း ဂီတ ပဒေသာ ပွဲတော်ကြီးကို တရက်ကြာ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၆၀ ကျော် သို့ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။ ဂီတ နှင့် ရုပ်ရှင် နယ်ပယ်မှ ကျော်ကြားသူများ ပါဝင်ကာ ကမ္ဘာ နာမည်ကျော် နိုင်ငံရေး အကျဉ်းသားကြီးအား ဂုဏ်ပြုခဲ့ကြသည်။ ထိုအထဲတွင် ပါဝင်လာသည့် အမေရိကန် ရုပ်ရှင် သရုပ်ဆောင် ရစ်ချတ် ဂီရိ မှ "အခု ကွင်းထဲရောက်နေသူ တွေ ဆိုရင် သူတို့ တခါမှ လူကိုယ်တိုင် မြင်တွေ့ဖူးခြင်း မရှိတဲ့ ပုဂ္ဂိုလ်ကြီးကို ဂုဏ်ပြုဖို့ ရောက်လာကြတာ ဖြစ်ပါတယ်၊ မမြင်တွေ့ဖူးကြတာလည်း အဆန်းတော့ မဟုတ်ပါဖူး၊ သူဟာ လွတ်‌လပ်ခွင့် အတွက် တိုက်ပွဲဝင်ရင်း ရာစု နှစ်ရဲ့ လေးပုံတပုံကို အကျဉ်းထောင်ထဲ နေ နေ ရတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်"

 

ဘိုသာသည် ၁၉၈၉ ဖေဖေါ်ဝါရီ လ တွင် လေဖြတ်ဝေဒနာ စွဲကပ်လာသဖြင့် သမ္မတ ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။ သူ့ နေရာ အား အက်ဖ် ဒဗလျူ ဒီ ကလပ် နှင့် အစားထိုးခဲ့သည်။ သူသည် လအနည်းငယ် အကြာတွင် အာဖရိကန် အမျိုးသား ကွန်ဂရက် ANC အား ပိတ်ပင်ထားခြင်းကို ပယ်ဖျက်ပေးလာခဲ့သည်။

 

ထို့နောက် ၁၉၉၀ ဖေဖေါ်ဝါရီလ ၁၁ ရက်တွင် မင်ဒဲလား နှင့် အခြား နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့သည်။ (ပုံကို ရှု)၊ ထိုမျှသာမကသေး ဒီ ကလပ်သည် အပါသိုက် ဥပဒေများကို အဆုံးသတ်နိုင်ရန် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှူ များကိုပါ လုပ်လာခဲ့သည်။

 

ပြုပြင်ပြောင်းလဲမှုများ တွင် အဓိက အဖြစ် ၁၉၉၄ အထွေထွေ ရွေးကောက်ပွဲတွင် အရွယ်ရောက်သူ တောင်အာဖရိက နိုင်ငံသား အားလုံးကို မဲပေးခွင့် ပြုခဲ့ခြင်းပင် ဖြစ်သည်။

 

ထိုရွေးကောက်ပွဲသည် တောင်အာဖရိက သမိုင်းတွင် ပထမဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲကြီးလည်း ဖြစ်ပြီး ANC သည် စုစုပေါင်း မဲအရည်အတွက် ၆၃ ရာနှုန်း ဖြင့် အနိုင်ရရှိသွားခဲ့သည်။ မင်ဒဲလားသည်လည်း တောင်အာဖရိက၏ ပထမဆုံး လူမည်း သမ္မတ ဖြစ်လာခဲ့သည်။

 

တောင်အာဖရိကသည် လူ လူခြင်း အဆင့်အတန်း ခွဲခြားထားသော နိုင်ငံ အဖြစ်မှ အားလုံးတူညီသော နိုင်ငံရေး အခွင့်အရေး ရရှိလာသည့် အဖြစ်သို့ ရောက်ရန် တော်လှန် ပြောင်းလဲခဲ့ရသော ခရီးသည် ရှည်လျားသည် နှင့် အမျှ ခက်ခဲလွန်းလှပေသည်။

 

သို့သော် ပီတာ ဂေဘရီယယ် သီချင်းထဲက ကဲ့သို့ပင် "မီးတောက်တခု စွဲလောင်ကျွမ်းလာလျှင် လေက မီးအရှိန် မြင့်သထက် မြင့်အောင် တိုက်ခတ်ပေးလာမည်သာ ဖြစ်သည်" ဆိုသော စာသားအတိုင်းပင် ဖြစ်လာခဲ့ပေတော့သည်။

 

(ဆက်လက်ပြီး တော်လှန်ရေး မဟာဗျူဟာ အဖြစ် လက်နက် စွဲကိုင်လာကြခြင်း ကို တင်ပြသွားပါမည်)