သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(154)

by Hla Soewai - Jul 15 2023

အသားအရောင် ခွဲခြားမှု အပါသိုက် စနစ် ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှု (၆)

 

ဘီကို ၏ "လူမည်း တို့၏ အသိတရား" ဆိုသည့် ဝါဒသည် မိမိတို့သည် စွမ်းဆောင်မှု ကင်းမဲ့နေခြင်း နှင့် သိမ်ငယ်စိတ်များကို ဖယ်ရှားနိုင်မည် ဆိုလျှင် မည်မျှပင် ဘေးထုတ်ခံနေရပါစေ တိုင်းပြည် အာဏာကို ရယူ နိုင်စွမ်း ရှိသည် ဟူသော သဘောတရားကို အခြေပြု ထားသည်။ လူဖြူအစိုးရသည် ဘီကို ၏ လူမည်း မာန ဆိုသည်အား တိုင်းပြည် တည်ငြိမ်ရေးအား ဖျက်လို ဖျက်ဆီး လုပ်မှု အဖြစ် ရှုမြင်လာခဲ့ကြသည် နှင့်အမျှ တောင်အာဖရိက ကျောင်းသား အစည်းအရုံး ခေါင်းဆောင်များအား ရဲများက အနှောက်အယှက် ပေးလာကြသည်။

 

ထိုအချိန်တွင် အစိုးရမှ တောင်အာဖရိက နိုင်ငံသား အားလုံး ကျောင်းများတွင် အာဖရိကန်နား ဘာသာစကားကို မဖြစ်မနေ သင်ယူရမည်ဟု အမိန့်ထုတ်ပြန်လာခဲ့ပြန်၍ တင်းမာမှု များ မြင့်တက်လာနေခဲ့သည်။

 

အာဖရိကန်နားသည် ဒပ်ခ်ျ ကိုလိုနီ သမားများထံမှ ဆင်းသက်လာသော ဘာသာစကားလည်း ဖြစ်၍ ရွံ့မုန်းနေကြသည့်အပြင် ယင်းအား ကျောင်းသင်ခန်းစာ အဖြစ် ပြဋ္ဌာန်းလာ၍ ထိုဘာသာစကားကို တလုံးတပါဒမျှ မသိသော လူမည်း ကလေးများ အဖို့ အခက်အခဲများ နှင့် ကြုံလာခဲ့ကြရသည်။ လူမည်းများသည် မိမိတို့အား ထားရာနေ စေရာသွား များ အဖြစ် သဘောထားကာ စော်ကားလာခြင်း ဖြစ်သည်ဟု ယူဆခဲ့သည်။

 

၁၉၇၆ ခုနှစ် ဇွန်လတွင် ‌ဆိုဝေတိုး မြို့ရှိ အထက်တန်းကျောင်းသားများသည် ဘီကို၏ ကျောင်းသား အစည်းအရုံး မှ လှုံ့ဆော်မှု ဖြင့်ပညာရေး အမိန့်သစ် ကို ဆန့်ကျင် ဆန္ဒပြလာကြသည်။ အင်အား ၁၀,၀၀၀ မှ၂၀,၀၀၀ အကြားရှိ ကျောင်းသားထုကြီးသည် ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြခဲ့ကြသည်။ လက်ထဲတွင် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး အာဖရိက ရိုးရာတေးသီချင်းများကို သီဆိုလာကြသည်။ သို့သော် အသင့်စောင့်နေသော ရဲများက လူအုပ်ကြီးထဲသို့ ‌ပစ်ခတ်လိုက်ခြင်းဖြင့် တုန့်ပြန်လိုက်သည်။

 

ထွက်ပေါ်လာသော ဓါတ်ပုံ တပုံထဲတွင် သေလုမျောပါး ဒဏ်ရာ ရသွား‌သော အသက် ဆယ့်သုံးနှစ် အရွယ်ရှိ ကလေးငယ်တဦး အား ပွေ့ချီကာ အသက်ကယ်၍ ရလိုရငြား ကမန်းကတန်း ပြေးလွှားနေသော လူငယ်တဦး ကို တွေ့ခဲ့ကြရသည်။ ထိုကလေး၏ အမ ဖြစ်သူလည်း ဘေးမှ ပြေးလိုက်လာသည်။ သို့သော် ထိုကလေးသည် တရားဝင် အစီရင်ခံစာအရ ထွက်ပေါ်လာသော သေဆုံးသူ အရည်အတွက် ၂၀၀ ထဲတွင် ပါဝင်သွားခဲ့ပြီ ဖြစ်သည်။ ထိုအရေးအခင်းကြီးသည်လည်း ဆိုဝေတိုး ပုန်ကန်မှု ကြီး အဖြစ် ဟိုးလေးတကျော်ကျော် ထင်ရှားသွားခဲ့သည်။

 

ထိုဓါတ်ပုံကြောင့် နိုင်ငံတကာ၏ သဘောထားသည် တောင်အာဖရိက အစိုးရ အပေါ် ပို၍ တင်းမာလာခဲ့သည် နှင့် အမျှ လူမည်း အာဖရိက နိုင်ငံသားများအားလည်း လွတ်လပ်မှု အတွက် လှုပ်ရှား ရုန်းကန်နေသူများ အဖြစ် အသိအမှတ် ပြုလာခဲ့ကြသည်။

 

ဆိုဝေးတိုး အရေး အခင်းကြီးသည် အပါသိုက် စနစ် ဆန့်ကျင်ရေး တွင် ကြီးမားသော အလှည့်အပြောင်းကြီး ဖြစ်လာခဲ့သည်။ ထိုမျှနှင့် ရပ်မသွားသေးပဲ နောက်ထပ် ကြေကွဲဖွယ် အဖြစ်ဆိုးကြီး ထပ်မံ ပေါ်ထွက်လာခဲ့ပြန်သည်။ ဤသည်ကား ကျောင်းသား ခေါင်းဆောင် စတီဗ် ဘီကို အသတ်ခံခဲ့ရခြင်းပင် ဖြစ်သည်။

 

၁၉၇၇ နွေရာသီ တရက်တွင် အသက် သုံးဆယ် အရွယ်ရှိ စတိဗ် ဘီကိုအား ရဲများက ဖမ်းဆီးလိုက်ကြသည်။ သူ့အား နယ်ကျော် သွားလာခြင်း မပြုရဟု ပိတ်ပင်ထားသည်ကို ဖေါက်ဖျက်ပြီး ကိတ်တောင်းသို့ ခရီးသွားခဲ့မှု နှင့် ဖမ်းဆီးလိုက်ခြင်းလည်း ဖြစ်သည်။ ဖမ်းဆီးပြီးနောက်တွင် သူ့အား ရုံးတင် စစ်ဆေးခြင်း မရှိပဲ ချုပ်နှောင်ထားခဲ့သည်။

 

ဘီကိုသည် ရဲများ၏ မေးမြန်းချက်များကို တလုံးတပါဒမျှ ဖြေဆိုခဲ့ခြင်း မရှိ၍ ရေပိုက် ခေါင်း နှင့် ရိုက်နှက်ကြသည့် အပြင် ခေါင်းကို လည်း နံရံ နှင့် တိုက်ခဲ့သည်။ ရရှိသည့် ဒဏ်ရာများက ပြင်းထန်လှသော်လည်း ဆေးဝါး ကုသပေးခြင်း မရှိပဲ လက်ထိပ်ခတ်ကာ ရဲ အချုပ်ကားထဲသို့ ပစ်ထဲ့ထားခဲ့သည်။ ဘီကိုသည် ရရှိသော ဒဏ်ရာများနှင့် အချုပ်ကားထဲ၌ သေဆုံးသွားခဲ့ရသည်။

 

အဝတ်ဗလာ နှင့် သူ၏ အလောင်းအား အကျဉ်းထောင် နှင့် မိုင် ၅၀၀ ခန့် ဝေးသည့်နေရာတွင် စွန့်ပစ်ထားခဲ့သည်။ ရဲများက ပထမတွင် အစာငတ်ခံ၍ သေဆုံးသွားသည်ဟု သတင်းထုတ်ပြန်ခဲ့ကြသော်လည်း ခန္ဓာကိုယ်ပေါ်တွင် တွေ့ရသော ဒဏ်ရာဒဏ်ချက်များနှင့် ပတ်သက်၍မူ မည်သည့် ရှင်းလင်းချက် မှ မပေးခဲ့ကြပေ။ သို့သော်လည်း ၁၉၉၀ ကျော်နှစ်များ အတွင်းတွင် ရဲအရာရှိ ငါးဦးမှ ဖြစ်ပျက်ခဲ့သမျှ ကို ဝန်ခံ ပြောဆိုခဲ့ကြသည်။

 

ဘီကိုသည် ဖမ်းဆီးခံထားရစဉ် အတွင်း သေဆုံးသွားခဲ့ပြီ ဆိုသော သတင်းသည် ကမ္ဘာတဝှမ်းသို့ တမဟုတ်ခြင်း ပျံ့နှံ့သွားခဲ့သည်။ ထို သတင်းကြောင့် ဒေါသ အမျက် ချောင်းချောင်း ထွက်လာကြပြီး တောင်အာဖရိက လူဖြူ အစိုးရ‌အပေါ် သံတမန်ရေး နှင့် စီးပွားရေးအရ ဖိအားပေးမှုများ မြင့်တက်လာခဲ့သည်။

 

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှလည်း တောင်အာဖရိက အား လက်နက် ရောင်းချမှု ပိတ်ပင်ရန် ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း ချမှတ်လာခဲ့သည်။ ပီတာ ဂေဘရီရယ် ကဲ့သို့ အနုပညာရှင်များကလည်း လူမည်းတို့၏ အခြေခံ လူ့အခွင့်အရေး များ ပိတ်ပင်ခံထားရမှု နှင့် လူ့ဂုဏ်သိက္ခာ နှင့် လျှော်ညီစွာ နေထိုင်နိုင်ခွင့် မရှိဖြစ်နေမှု များအား ကမ္ဘာသိ ထုတ်ဖေါ်ခဲ့ကြသည်။

 

ထိုသို့ နိုင်ငံတကာမှ တညီတညွတ်တည်း ဆန့်ကျင်လာမှုများကြောင့် တောင်အာဖရိက ရှိ အဖွဲ့အစည်းများသည် အားတက်လာကြပြီး အချင်းချင်း တိုင်ပင်ကာ စတင် လှုပ်ရှား လာကြသည်။

 

ဤသို့ဖြင့် လူမျိုးစုံ ပါဝင်သော စည်းလုံးသော ဒီမိုကရက် တပ်ဦးသည် သပိတ်မှောက်မှုများ၊ ဆန္ဒပြမှုများ၊ လုပ်ငန်းခွင် သပိတ်များ ဆင်နွှဲလာခဲ့ကြသည်။ ထို့အပြင် နယ်ဆင် မင်ဒဲလား အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ရည်ရွယ်သော လှုပ်ရှားမှု များ စတင်လာခဲ့သည်။

 

အဝေးရောက် အာဖရိကန် အမျိုးသား ကွန်ဂရက် ANC မှလည်း ထောက်ခံ ပံ့ပိုးပေးလာခဲ့သည်။ ဤသို့ဖြင့် နယ်ဆင် မင်ဒဲလား လွတ်မြောက်ရေး ကမ်ပိန်းသည် ကမ္ဘာအနှံ့သို့ ပျံ့ပွားသွားခဲ့ပေတော့သည်။

 

မင်ဒဲလား၏ ပုံတူ ပိုစတာများသည် တက္ကသိုလ်ကျောင်းများ၏ နံရံများ ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ ကမ္ဘာတဝှမ်းတွင် ပြုလုပ်လာ‌သော အသားအရောင် ခွဲခြားမှု အပါသိုက် စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် မင်ဒဲလား၏ အမည် အား အထိမ်းအမှတ် သင်္ကေတအဖြစ် အသုံးပြုလာကြသည်။ ၁၉၈၄ တွင် The Special ဆိုသော ဗြိတိသျှ တေးဂီတ အဖွဲ့မှ "Free Nelson Mandela" သီချင်းကို ထုတ်လွှင့်ခဲ့ရာ အရောင်းရ အကောင်းဆုံး ပေါ့ သီချင်း တပု‌ဒ် အဖြစ် နေရာယူလာခဲ့သည်။