သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(153)

by Hla Soewai - Jul 15 2023

အသားအရောင် ခွဲခြားမှု အပါသိုက် စနစ် ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှု (၅)

 

နိုင်ငံ လှံသွား အဖွဲ့သည် ယခင်ကထက် ပို၍ လက်နက်စွဲကိုင် တုန့်ပြန်လာခဲ့ချိန်တွင် အာဖရိကန် အမျိုးသား ကွန်ဂရက် (ANC) ဥက္ကဌ ဖြစ်သူ အယ်ဘတ် လူဟူလီ အား အကြမ်းမဖက် ဆန့်ကျင်ရေး အပေါ် စွဲမြဲစွာ ယုံကြည်ခဲ့သူ အဖြစ် နိုဘဲလ် ငြိမ်းချမ်းရေး ဆုကြီး ချီးမြှင့်ခြင်း ခံခဲ့ရသည်၊ လူဟူလီသည် ဆုလက်ခံရယူစဉ် အောက်ပါအတိုင်း ပြောဆိုခဲ့သည်။

 

“ကမ္ဘာတဝှမ်းရှိ တိုးတက်သော ပြည်သူများ နှင့် အစိုးရများ၏ အံ့မခန်း ထောက်ခံအားပေးမှုများ ဖြင့် တောင်အာဖရိက နိုင်ငံသားတို့၏ လွတ်မြောက်ရေး ရုန်းကန်လှုပ်ရှားမှု ကြီး အတွက် အင်အားများ ဖြစ်လာခဲ့ရပါတယ်”

 

ရှတ်ပါဗီးလ် လူသတ်ပွဲကြီး ကြောင့် ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီသည် မနေသာတော့ပဲ ပထမဆုံး အကြိမ် အဖြစ် တောင်အာဖရိက အစိုးရ အပေါ် အရေးယူလာခဲ့သည်၊ ၎င်းတို့ ကျင့်သုံးနေသော အပါသိုက် အသားအရောင် နှင့် လူမျိုးရေး ခွဲခြားမှု စနစ်ကြီးကို စွန့်လွတ်ရန် တောင်းဆိုလာခဲ့သည်။ သို့သော် တောင်းဆိုယုံသက်သက်မျှသာ ဖြစ်ပြီး မလိုက်နာပါက အရေးယူမည့် ဆုံးဖြတ်ချက်မျိုးတော့ ထွက်မလာခဲ့ပေ။

 

တောင်အာဖရိက အစိုးရ ၏ လုပ်ရပ်များ အပေါ် တကမ္ဘာလုံး နီးနီးက ဝိုင်းဝန်း ရှုတ်ချနေကြသော်လည်း ကွန်မြူနစ် ဝါဒ ဆန့်ကျင်ရေး စစ်မျက်နှာ တွင် မဟာဗျူဟာမြောက် ခံတပ် ကြီး လို ဖြစ်နေသဖြင့် လုံခြုံရေး ကောင်စီ အဖို့ ထိုထက်ပို၍ စီးပွားရေးအရ ပိတ်ဆို့ အရေးယူ နိုင်ရန် မစွမ်းဆောင်နိုင်ပဲ ဖြစ်နေသည်။ ကုလ ၏ ပါးစပ်ဖြင့်သာ ပြစ်တင် ရှုတ်ချနေခြင်းသည် အဘယ်သို့များ လုံလောက်သည့် အရေးယူမှု ဖြစ်လာပေမည်နည်း။

 

ထိုအချိန်တွင် နယ်ဆင် မင်ဒဲလားသည် ပြည်ပ မှ ပြန်လည် ရောက်ရှိလာခဲ့သည်၊ ထိုသို့ ပြန်ရောက်လာသည်ကို သိလျှင်သိချင်း တောင်အာဖရိက ရဲအဖွဲ့သည် မင်ဒဲလား အား ပိုက်စိတ်တိုက် ရှာဖွေကာ ဖမ်းဆီးခဲ့သည်။ သူ့အား သပိတ်မှောက်ရန် အလုပ်သမားများအား လှုံ့ဆော်ခဲ့မှု ဖြင့် ချက်ခြင်း ဆိုသလို ထောင် ငါးနှစ် အပြစ်ပေးခဲ့ပြီး နောက်တမှု ဖြစ်သော အစိုးရ အား ဖြုတ်ချရန် ကြိုးပမ်းမှု၊ ဖောက်ခွဲ မှုများ ကျုးလွန်မှု များ ဖြင့် စွဲချက်တင် စစ်ဆေးရန် တရားခွင်ကို ၁၉၆၄ ဧပြီလ တွင် စတင်ခဲ့သည်။

 

မင်ဒဲလားသည် ၎င်းအား စွဲချက်တင်သော အမှုသည် သေဒဏ်အထိ စီရင်နိုင်သည်ကို သိထားပြီး ဖြစ်၍ “သူပြောသည့် စကားများသည် တော်လှန်ရေး အသွင်ဆောင်နေသည်ဟု ယူဆကောင်း ယူဆနိုင်သည်၊ ထိုသို့ ယူဆခြင်းမှာလည်း လူဖြူများသည် အာဖရိကန် လူမည်း အများစု နေထိုင်နေသည့် နိုင်ငံတနိုင်ငံတွင် ဒီမိုကရေစီ အပေါ် အလိုလိုနေရင်း သွေးလန့် ကြောက်ရွံ့နေသော ကြောင့်ပင် ဖြစ်သည်” ဟု တရားခွင်တွင် ပြောကြားခဲ့သည်။

 

သို့သော် လူသားတို့၏ ဂုဏ်သိက္ခာ ပြန်လည် ရရှိရေး အတွက် လူဖြူများ အထက်စီးမှ ရှိနေမှု ကို အဆုံးသတ်ရမည်သာ ဖြစ်သည်ဟု လည်း ဆိုသည်။ “ကျွနုပ် အသက်ရှင်နေသမျှ ကာလ ပတ်လုံး အာဖရိကန် လူထု အတွက် ရုန်းကန် တိုက်ပွဲ ဝင်သွားမည်ဟု စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်... ကျွနုပ်သည် လူသားအားလုံး တန်းတူ အခွင့်အရေး ရပြီး သဟဇာတ ဖြစ်စွာ နေထိုင်သွားနိုင်မည့် လွတ်လပ်သော ဒီမိုကရေစီ လူ့ဘောင်ကြီး တည်ထောင်နိုင်ရေး ဆိုသည့် ခံယူချက်ကို မြတ်နိုးစွာ ‌ထွေးပိုက်ထားပြီး ဖြစ်သည်၊ ထိုအယူ အဆ အတိုင်း အကောင်အထည် ဖေါ်နိုင်ရန် ကျွနုပ် အသက်ရှင် နေသမျှ ကြိုးပမ်းသွားမည်သာ ဖြစ်သည်၊ ထိုခံယူချက် အတွက် အသက်စွန့်ရမည် ဆိုလျှင်လည်း ကျွနုပ် အသင့် ပြင်ဆင်ထားပြီး ဖြစ်သည်။”

 

တရားရုံးမှ မင်ဒဲလား အား သေဒဏ်ချမှတ်နိုင်သော်လည်း ၎င်းအား ကြိုးပေးလိုက်မည် ဆိုက အာဖရိက တတိုက်လုံး မှ အာဇာနည် သူရဲကောင်းကြီး သဖွယ် သတ်မှတ်ကောင်း သတ်မှတ်လာနိုင်သည်ဟု တွေးဆမိလာကြသည်။ ထို့အတွက် မင်ဒဲလား အား တသက်တကျွန်း အပြစ်ဒဏ် ချမှတ်ကာ ကိတ်တောင်း ကမ်းလွန်တနေရာတွင် ရှိ ရော်ဘင် ကျွန်း အကျဉ်းထောင်သို့ ပို့ခဲ့သည်၊ ဤသို့ဖြင့် မင်ဒဲလားသည် ရော်ဘင်ကျွန်း တွင် နှစ်ပေါင်း ၂၇ နှစ်မျှ အကျဉ်းစံ ဘဝ ဖြင့် နေထိုင်သွား ခဲ့ရသည်။

 

မင်ဒဲလား အား ထောင်သွင်း အကျဉ်းချခဲ့ကြပြီးနောက် မြေအောက် တော်လှန်ရေး ကြီးကို စတင်ရန် တောင်အာဖရိက နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား များ သမဂ္ဂ မှ ဦးဆောင်လာခဲ့သည်။ ထိုကျောင်းသား အဖွဲ့အစည်းအား လူမျိုးရေး ခွဲခြားမှု မရှိသည့် လူ့အဖွဲ့အစည်းတရပ် ထွက်ပေါ်လာရေးကို ယုံကြည်သည့် လူဖြူ လစ်ဘရယ် ကျောင်းသား များ ဦးဆောင်ခဲ့သည့်အတွက် လူမည်းများကို အဖွဲ့ဝင် အဖြစ် လက်ခံခဲ့သည်။

 

သို့သော် နောက်ပိုင်းတွင် ကျောင်းသား အဖွဲ့ကြီး အပေါ် လူဖြူများ လွှမ်းမိုးနေမှု ကို လူမည်း ကျောင်းသား အချို့မှ မကျေမနပ် ဖြစ်လာကြသည်၊ ထိုသို့ မကျေမနပ် ဖြစ်လာသူများထဲတွင် စတိဗ် ဘီကို ဆိုသူသည် ခေါင်းတလုံး ပြူထွက်လာခဲ့သည်။ ၎င်းသည် တောင်အာဖရိက ကျောင်းသား အစည်းအရုံး The South African Students Organization (SAO) ခေါ် လူမည်းကျောင်းသားများ သီးသန့် အဖွဲ့အစည်း တခု ဖွဲ့စည်းရန် အဆိုပြုလာခဲ့သည်။ ဤသို့ဖြင့် ၁၉၇၀ တွင် စတိဗ် ဘီကို မှ ဥက္ကဌ အဖြစ် ဦးဆောင်သည့် လူမည်း ကျောင်းသား အဖွဲ့အစည်းကြီး ပေါ်ပေါက်လာခဲ့သည်။