သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(151)

by Hla Soewai - Jul 04 2023

အသားအရောင် ခွဲခြားမှု အပါသိုက် စနစ် ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှု (၃)

 

အာဏာဖီဆန်ရေး ကမ်းပိန်းကြီး စတင်လာချိန်တွင် အာဖရိကန် အမျိုးသား ကွန်ဂရက် African National Congress (ANC) တွင် အဖွဲ့ဝင်ပေါင်း ၇,၀၀၀ ခန့်သာ ရှိသေးသော်လည်း အဆုံးသတ်သွားသည့် အခါတွင် ၁၀၀,၀၀၀ ခန့်အထိ ရှိလာခဲ့သည်။

 

အစိုးရသည် ထိုသို့ ANC အဖွဲ့ကြီး အင်အား ကောင်းလာသည်ကို ဟန့်တားနိုင်ရန် နယ်ဆင် မင်ဒဲလားနှင့် မကြာသေးမီကမှ ဥက္ကဌ အဖြစ် ရွေးချယ် တင်မြှောက်ခံရသူ အဲလ်ဘတ် လူသူလီ အပါအဝင် ခေါင်းဆောင် ၅၂ ဦးအား နိုင်ငံရေး လှုပ်ရှားခွင့် ပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန်လာခဲ့သည်။ ထိုအမိန့်ဖြင့် အဖွဲ့ကြီး၏ ကန့်ကွက် ဆန္ဒပြပွဲများ စီမံ ဆော်ဩခွင့်ကို ကန့်သတ် နိုင်ခဲ့သည်။

 

မင်ဒဲလား မှ အခြေအနေ ပေးသလောက်သာ အကြမ်းဖက် ဆန့်ကျင့်မှု ကို ကျင့်သုံးသွားမည်ဟု ရှင်းလင်းစွာ ပြောဆိုထားပြီး ဖြစ်သည်။ သို့သော် ၁၉၅၄ ခုနှစ်တွင် ထုတ်ပြန်လာသော ဌာနေ လူမျိုးစု ပြန်လည် နေရာချထားရေး အက်ဥပဒေသည် လူမည်းများအား အသစ်တဖန် နှိမ့်ချ နိုင်အောင် စီမံလာခြင်း ဖြစ်၍ တုန့်ပြန်ရမည် ဟု ဆိုသည်။

 

ထိုဥပဒေ အရ ဂျိုဟန်နက်စဘတ် မြို့ကြီးရှိ အုပ်ချုပ်ရေး ခရိုင် အတွင်း သို့မဟုတ် ထိစပ်‌နေသော နယ်မြေများတွင် နေထိုင်နေသော လူမည်းများအား ဖယ်ရှားပိုင်ခွင့် ရရှိသွားခဲ့သည်။ တနှစ် အတွင်း မှာပင် ထိုဥပဒေဖြင့် အကျုံးဝင်သော ဆိုဖီယာ မြို့ရှိ လူမည်းများအားလုံး နေအိမ်များမှ ဖယ်ရှားခံခဲ့ကြရသည်။

 

လူမည်းများအား ထရပ်ကားများ ပေါ်သို့ အစုလိုက် အပြုံလိုက်တင်ကာ ဂျိုဟန်နက်စဘတ် နှင့် ကပ်နေသော ဆိုဝေတိုး မြို့လေးသို့ ရွှေ့ပြောင်းပစ်ခဲ့သည်။ ယခင်က အိုးအိမ်အတည်တကျ နှင့် နေထိုင်လာခဲ့သော လူမည်း မိသားစုများသည် နေ့ခြင်းညခြင်း ဆိုသလို ကျုးကျော် ရပ်ကွက်သာသာ ခနော်နီ ခနော်နဲ့ ဆောက်ထားသော တဲများတွင် ရေမရှိ၊ မီးမရှိ၊ အိမ်သာမရှိသည့် အဖြစ်ဖြင့် နေရသည့် ဘဝသို့ ရောက်သွားခဲ့ကြသည်။

 

မင်ဒဲလားသည် ထိုအဖြစ်ကို အကြောင်းပြု၍ တောင်အာဖရိကရှိ လူမျိုးရေး ခွဲခြားသော အပါသိုက် စနစ်ကြီးအား ပုန်ကန်ကြရန် တောင်းဆိုလာပြီ ဖြစ်သည်။ (ထိုအချိန်တွင် သူ့အား နိုင်ငံရေး လှုပ်ရှားခွင့် ပိတ်ပင်သည့် အမိန့်သည် သက်တမ်းကုန်ဆုံးကာစလည်း ဖြစ်သည်။) တချိန်တည်း မှာပင် ANC ထီးရိပ်အောက်တွင် ရှိသည့် အိန္ဒိယ နွယ်ဖွားများ၊ သွေးနှောများ နှင့် လူဖြူ အချို့ ပါဝင်သော မဟာမိတ် ကွန်ဂရက် အစည်းအဝေးကြီးကို ခေါ်ယူလိုက်ပြီး လွတ်လပ်ရေး ပဋိညာဉ် စာတမ်းကို ထုတ်ပြန်ခဲ့သည်။ ထိုပဋိညာဉ်စာတမ်းကြီးသည် အရွယ်ရောက်သူတိုင်း မဲပေးပိုင်ခွင့်၊ အမေရိကန်၏ ဖွဲ့စည်းပုံပါ အခွင့်အရေး များ နှင့် တူညီသော ရပိုင်ခွင့်များ အား အာမခံ ထားသည်။

 

သို့သော် ထွက်ပေါ်လာသော ရလဒ်သည်ကား ၁၉၅၆ နှစ်ကုန်ပိုင်းတွင် မင်ဒဲလား နှင့် မဟာမိတ် ကွန်ဂရက် အဖွဲ့ဝင် ၁၅၅ ဦး ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော် ပုန်ကန်မှု နှင့် တရားစွဲခံခဲ့ ရခြင်းပင် ဖြစ်သည်။ အစိုးရသည် ၎င်းတို့အား ရုံးတင်စစ်ဆေးနေမှု အား လေးနှစ်ခွဲ ကြာအောင် ရည်ရွယ်ချက်ရှိရှိ ဆွဲဆန့်လာခြင်းဖြင့် နောက်ထပ် ကန့်ကွက် ဆန္ဒပြပွဲများ မလုပ်နိုင်အောင် ကြံစည်ခဲ့ကြသည်။

 

ထိုကာလများ အတွင်း ANC အဖွဲ့အတွင်းတွင်လည်း အက်ကြောင်းများ ထလာခဲ့သည်။ တဖက်တွင် ANC သည် ၁၉၄၉ ခုနှစ်ထဲတွင် လူမျိုးရေး ခွဲခြား အုပ်ချုပ်နေသော လူနည်းစု လူဖြူ အစိုးရ ဆီမှ နိုင်ငံရေး အာဏာ အကြမ်းဖက် နည်းဖြင့် ရယူ နိုင်ရန် Program of Action ဆောင်ရွက်ရမည့် အစီအစဉ်များကို ချမှတ်ခဲ့ပြီး ဖြစ်သည်။

 

ANC အဖွဲ့ဝင် အချို့က လွတ်လပ်ရေး ပဋိညာဉ် စာတမ်းကြီးသည် ပျော့လွန်းသည်၊ ရင်ကြားစေ့ရေးကို ဦးတည်နေသည်ဟု ယူဆလာကြသည်။ အချို့ကလည်း ၎င်းတို့ အဖွဲ့အတွင်း အခြားလူမျိုးစုများ ရောပါလာနေ၍ လူမည်း တို့၏ အကျိုးအတွက် လူမည်းများသာ တိုက်ပွဲဝင်ရမည်ဟု ပြောဆိုလာကြသည်။ သို့မှသာ ထွက်ပေါ်လာမည့် တောင်အာဖရိက နိုင်ငံ၏ အနာဂတ်သည် လူမည်းများ လက်ထဲတွင်သာ ရှိလာမည် ဖြစ်သည်ဟူသော အယူအဆ ကို စွဲကိုင်လာကြ သည်။ အာဖရိက နွယ်ဖွားများသည်သာ အာဖရိက ၏ ကံကြမ္မာကို ဆုံးဖြတ်ပိုင်ခွင့် ရှိရမည်ဟု ဆိုသည်။

 

ဤသို့ဖြင့် ၁၉၅၉ ဧပြီလထဲတွင် အယူအဆ တင်းမာသူ များသည် ANC အဖွဲ့မှ ခွဲထွက်ပြီး ပို၍ စစ်သွေးကြွ သည့် အာဖရိက တိုက်လုံးဆိုင်ရာ ကွန်ဂရက် Pan-African Congress (PAC) ကို ဖွဲ့စည်းလိုက်ကြသည်။

 

ဒီမိုကရေစီ ရှင်သန် ဖွံ့ဖြိုးနိုင်ရန် လူမျိုးပေါင်းစုံ ပါဝင်ရမည် ဟူသော အယူအဆကို လက်ခံရန် ငြင်းပယ်လိုက်ကြသည်။ သို့မဟုတ်က ဥရောပတိုက်သား တို့၏ တယူသန် လူမျိုးကြီးဝါဒကို အလျော့ပေး ဆက်ဆံသွားရဖို့သာ ရှိပြီး လူဖြူများသည်လည်း ပိုနေမြဲ ကျားနေမြဲ ၎င်းတို့ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်သွား နိုင်စွမ်း ရှိလာလိမ့်မည်ဟု အကြောင်းပြ ပြော‌‌ဆိုခဲ့ကြသည်။

 

၁၉၆၀ မတ်လ တွင် PAC သည် နိုင်ငံတွင်း ပတ်စပို့ ကိုင်ဆောင်သွားနေရသော နယ်မြေဖြတ်သန်းခွင့် ဥပဒေ အား ကန့်ကွက်ရန် ဆန္ဒပြပွဲများ ပြုလုပ်လာကြသည်။ ၎င်းတို့ ကန့်ကွက်လာသည့် ပုံစံသည် ထုတ်ပေးထားသော ပတ်စပို့ စာအုပ်များကို အိမ်တွင် ထားခဲ့ကြပြီး ရဲ စခန်းသို့ သွား၍ အဖမ်းခံကြရန် ပင် ဖြစ်သည်။

 

ထိုသို့ လူများ အစုလိုက် အပြုံလိုက် အဖမ်းခံကြမည် ဆိုက တောင်အာဖရိက စီးပွားရေးသည် အကြီးအကျယ် ပြိုလဲသွားမည်ဟု ယူဆသည်။

 

ထိုအစီအစဉ်အရ လူအုပ်ကြီးသည် မြို့အသီးသီးရှိ ရဲစခန်းများသို့ စုဝေး ရောက်ရှိလာကြသည်။ ပြဿနာသည် ဂျိုဟန်နက်စဘတ် တောင်ပိုင်းရှိ ရှာပီးဗီးလ် မြို့မှ စတင်လာခဲ့သည်၊ ရဲများ၏ ပစ်ခတ်မှု ကြောင့် လက်နက်မဲ့ အရပ်သား ၆၉ ဦး ပွဲချင်းပြီး သေဆုံးသွားကာ အနည်းဆုံး ၁၈၀ ခန့် ဒဏ်ရာရရှိသွားခဲ့သည်။

 

ထိုအဖြစ်ဆိုးကြီးကြောင့် အပါသိုက် ဆန့်ကျင်ရေး ရုန်းကန်လှုပ်ရှားမှုကြီးသည် လမ်းကြောင်းပြောင်းလဲသွားခဲ့ရပေတော့သည်။