သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(150)

by Hla Soewai - Jun 23 2023

အသားအရောင် ခွဲခြားမှု အပါသိုက် စနစ် ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှု (၂)

 

၁၉၁၂ ခုနှစ်တွင် တောင်အာဖရိက လူမည်း များသည် ၎င်းတို့အချင်းချင်း စည်းလုံးညီညွတ်မှု ရှိရေး နှင့် အခြေခံရပိုင်ခွင့်များ အတွက် တိုက်ပွဲဝင်ရန် တောင်အာဖရိက ဌာနေ အမျိုးသား ကွန်ဂရက်ကို ဖွဲ့စည်းလာကြသည်။ ထိုအဖွဲ့သည် နောက်ပိုင်း ၁၁ နှစ် အကြာတွင် အာဖရိကန် အမျိုးသား ကွန်ဂရက် African National Congress (ANC) အဖြစ် အမည် ပြောင်းခဲ့သည်။ ထိုအဖွဲ့ကြီးမှ အစိုးရထံ ကိုယ်စားလှယ် အဖွဲ့များ စေလွှတ်ပြီး ၎င်းတို့၏ နစ်နာချက်များ နှင့် အခြေခံ ရပိုင်ခွင်များ အတွက် အရေး ဆိုခဲ့ကြသော်လည်း အစိုးရက ပေလျာလကံ ပြုမြဲ ပြုနေဆဲပင် ဖြစ်သည်။

 

စစ်ကြီး ပြီးဆုံးသွားပြီးနောက် ကမ္ဘာကြီး တွင် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်လာနေမှု သည် တောင်အာဖရိက သို့ ကူးစက်လာမည့် အရေးကို ကြောက်ရွံလာကြသော အာဏာရ အာဖရိကန်နား နေရှင်နယ်လစ် ပါတီသည် ၁၉၄၈ တွင် လူမည်းများအား နိုင်ငံရေး တွင် လုံးဝဥဿုံ ပါဝင်လာခြင်း မရှိစေရန် အသားအရောင် ခွဲခြားထားသည့် အပါသိုက် စနစ် ကို ပြဋ္ဌာန်းလာခဲ့သည်။

 

ထို့ပြင် မြို့ကြီး များ ရှိ အချို့ ဧရိယာ များအားလည်း လူမည်းများ ဝင်ရောက်ခွင့် မရှိဟု ပိတ်ပင်ခဲ့သည်။ ထို‌‌ဧရိယာ များ အတွင်း နေထိုင်လျက် ရှိပြီးသား လူမည်း မိသားစု များအား လူဖြူများ အတွက်သာ ဆိုကာ အတင်းအကျပ် ဖယ်ရှားခဲ့ကြပြန်သည်။ ထိုသို့ ဖယ်ရှားခံရ၍ နေစရာ ပျောက်ကုန်သော လူမည်း များအား ဘန်တူစတန် ဟု ခေါ်သည့် ၎င်းတို့ အတွက် သတ်မှတ်ပေးထားသော ‌နယ်မြေများသို့ ရွှေ့ပြောင်းပေးခဲ့သည်။ ထိုနယ်မြေများတွင် လူမည်းများအား ၎င်းတို့အရေး ၎င်းတို့ဖာသာ စီမံ ခန့်ခွဲပိုင်ခွင့်ကို ခွင့်ပြုခဲ့သည်။ သို့သော် လူမည်းများအား တင်းပြည့်ကျပ်ပြည့် တောင်အာဖရိက နိုင်ငံသား အခွင့်အရေး များ ပေးရန်ကိုမူ ငြင်းပယ်နေဆဲပင် ဖြစ်သည်။

 

ANC သည် ဘန်တူစတန် နယ်မြေ သတ်မှတ်ပေးခြင်းကို ရှုတ်ချခဲ့ကြပြီး အပါသိုက် စနစ် အား ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြလာခဲ့သည်၊ သို့သော် အစိုးရက ထိုသို့ ဆန္ဒပြခြင်းကိုပင် ဥပဒေအရ အကျုံးမဝင်ဟု သတ်မှတ်ခဲ့ကြသည်။

 

လူမည်းများသည် သူတို့နိုင်ငံတွင် တခါက လာရောက် နေထိုင်သွားခဲ့သော မဟတ္တမ ဂန္ဒီကြီး၏ အကြမ်းမဖက် အာဏာဖီဆန်ရေး လမ်းစဉ်ကို အတုယူလာခဲ့ပြီး သပိတ်မှောက်ခြင်း၊ ဆန္ဒပြခြင်း၊ တနိုင်ငံလုံး အနှံ့ အလုပ်မဆင်းရေး တိုက်ပွဲများကို ဆင်နွှဲလာခဲ့ကြသည်။

 

ANC သည် အရင်ကတည်းက ၎င်းတို့၏ အခြေခံ ရပိုင်ခွင့်များ ပေးပါရန် အကြိမ်ကြိမ် အရေးဆိုခဲ့ပြီး ဖြစ်သော်လည်း အစိုးရမှ မလိုက်‌ လျော ခဲ့သည့် အပြင် အပါသိုက် စနစ် ပြဋ္ဌာန်းပြီး ပို၍ပင် ဖိနှိပ်လာသဖြင့် ANC အဖို့ အခြား ရွေးစရာ လမ်း မရှိတော့ပဲ အကြမ်းဖက်သည့် နည်းလမ်းကို ရွေးချယ်လာခဲ့ရသည်။

 

အပါသိုက် အစိုးရသည် ၁၉၅၀ တွင် ကွန်မြူနစ် ဝါဒ တားဆီး နှိမ်နှင်းရေး ဆိုသည့် အက်ဥပ‌ဒေကို ထုတ်ပြန်ပြီး ANC ၏ လှူပ်ရှားမှု များကို တုန့်ပြန်ရန် ပြင်ဆင်လာခဲ့သည်။ ထိုဥပဒေအရ ကွန်မြူနစ် အသင်း အဖွဲ့များကို မတရားအသင်း အဖြစ် သတ်မှတ်ခဲ့‌သော်လည်း အပါသိုက် ဝါဒ ဆန့်ကျင် လှုပ်ရှားသူများကိုပါ ထိုဥပဒေဖြင့် ဖိနှိပ်လာခဲ့သည်။မည်သို့သော ဆန္ဒပြမှုမျိုး မဆို ကွန်မြူနစ်တို့၏ အဖျက် အမှောင့်လုပ်ရပ်များ ဖြစ်သည်ဟု ဆိုကာ နိုင်ငံတကာ အလယ်တွင် ၎င်းတို့၏ လုပ်ရပ်များသည် လုပ်သင့်လုပ်ထိုက်မှု အဖြစ် ခုခံ ပြောဆိုလာခဲ့သည်။

 

ထိုအချိန်တွင် ANC ၏ ခေါင်းဆောင်ပိုင်းတွင် ရှေ့နေ ပေါက်စ တဦး ဖြစ်သူ နယ်ဆင် မင်ဒဲလား ပါဝင်လာပြီ ဖြစ်သည်။ သူသည် ANC သို့ ၁၉၄၄ နှစ်တွင် ဝင်ရောက်လာခဲ့သူ ဖြစ်သည်။ နယ်ဆင် မင်ဒဲလား ကဲ့သို့ ပညာတတ်များ ပါဝင်လာသော ခေါင်းဆောင်ပိုင်းသည် အပါသိုက် စနစ် ကို မှောက်လှန် ပစ်နိုင်ရန် မဟာဗျူဟာ ကျကျ စဉ်းစား လုပ်ဆောင်မှ ဖြစ်မည်ကို သိလာခဲ့ကြသည်။

 

ဤသို့ဖြင့် ANC သည် ‌ဗော်လံတီယာ များ အား စုစည်းကာ အကြမ်းမဖက် ခုခံ တွန်းလှန်နည်းများကို လေ့ကျင့်ပေးခဲ့ကြသည်။ မူလ က အုပ်စုငယ်များ ဖွဲ့စည်းပြီး အပါသိုက် ဥပဒေ အား ပွင့်ပွင့်လင်းလင်း အာခံရန် စီစဉ်ခဲ့ကြသော်လည်း ထိုသို့ လုပ်မည်ဆိုက ‌ဗော်လံတီယာများ အဖမ်းဆီးခံရမည် ကို တွက်ဆလာပြီး လူအင်အား အလုံးအရင်း သုံး၍ လှုပ်ရှားရန် ဆုံးဖြတ်ခဲ့ကြသည်။

 

ထို အစီအစဉ် ဖြင့် ဆန္ဒပြမှု များ ဖြစ်ပွားတိုင်း ဝိုင်းရံလာသည့် ‌ ဗော်လံတီယာ များ များသည် ထက် များလာခဲ့သည်။ ထို လှုပ်ရှားမှု ကြီးအား မတရားသည့် ဥပ‌ဒေ ဟူသမျှ ဖီဆန်ကြ ဟု အမည်ပေးကာ ၁၉၅၂ ‌ဇွန်လ ၂၆ ရက်နေ့တွင် စတင်ခဲ့ကြသည်။ 

 

လူမည်းများသည် လူဖြူ များ၊ ဥရောပ တိုက်သား များ သာ ဝင်ရမည်ဆိုသော နယ်မြေများ၊ အဆောက်အဦးများ ထဲသို့ ဝင်ရောက်ခဲ့ကြသည်။ အခြားသူများကလည်း ၎င်းတို့အတွက် ထုတ်‌ ပေးထားသည့် နယ်မြေ ကူးသန်းသွားလာခွင့် ကပ်ပြား များကို မီးရှို့ပစ်ခဲ့ကြသည်။

 

ထိုကဲ့သို့ လှုပ်ရှားလာခဲ့သည့် အတွက် လူမည်း ၈,၅၀၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး အများအပြားကို ကွန်မြူနစ် ဝါဒ တားဆီး နှိမ်နှင်းရေး ဥပဒေဖြင့် တရားစွဲဆိုကာ အလုပ်ကြမ်း နှင့် နှစ်ရှည် ထောင်ဒဏ်များ ချမှတ် အပြစ်ပေး ခြင်း ခံခဲ့ကြရသည်။

 

 ရုံးတင် တရားစွဲ ခံရသူများသည် ၎င်းတို့ တွင် အပြစ်မရှိကြောင်း ထုချေ ပိုင်ခွင့်ကို ငြင်းဆိုခဲ့ကြသည်။ အာဏာဖီဆန်ရေး ကမ်းပိန်းသည် တဟုန်ထိုး လူသိများသွားပြီး ANC အားလည်း လူမည်းများ အားလုံးက မိမိတို့ အကျိုး အတွက် တိုက်ပွဲဝင်နေသော အဖွဲ့အစည်း အဖြစ် အသိအမှတ် ပြုလာခဲ့ကြသည်။ ဤသို့ဖြင့် မိမိတို့ အပေါ် လူဖြူများ အုပ်စိုးနေမှု ကို မလွှဲမရှောင် သာ လက်ခံရမည် ဆိုသည့် ယခင် အတွေးအခေါ်များ နေရာတွင် ယင်းအား "တော်လှန် ပြောင်းလဲ၍ ရသည်" ဆိုသော အယူအဆများ အစားထိုး ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။