အသားအရောင် ခွဲခြားမှု အပါသိုက် စနစ် ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှု (၁)
တော်လှန်သော နည်းဖြင့် အပြောင်းအလဲများ ဖြစ်ပေါ်အောင်လာအောင် ကြိုးပမ်းမှု မှန်သမျှသည် မည်သည့် အခါမျှ လွယ်လင့်တကူ အောင်မြင်ခဲ့ရိုး ထုံးစံ မရှိပေ။
နှစ်ဆယ်ရာစု နှစ် ဒုတိယပိုင်းတွင် တောင်အာဖရိကတွင် ထိုသို့ အပြောင်းအလဲများ ဖြစ်ပေါ်လာအောင် ဟန့်တား ကာကွယ် ထားမှု များက ဒုနှင့် ဒေး တည်ရှိနေပြီး ဖြစ်သည်။ ၁၉၄၈ ခုနှစ် အစပိုင်း အာဖရိကန်နား နေရှင်နယ်လစ် ပါတီ အာဏာရရှိလာခဲ့သည့် အချိန်မှစပြီး ယခင်ကတည်းက ကျင့်သုံးလာသော လူမျိုးခွဲခြား ဆက်ဆံနေမှု များအား ဥပဒေကြောင်းအရ တရားဝင်လာစေရန် စတင် ပြဋ္ဌာန်းလာခဲ့သည်။
လူဖြူလူနည်းစုများသည် နိုင်ငံတွင်းရှိ လူမည်းများအပေါ် ထိန်းချုပ်နိုင်ခွင့် ရစေရန် အုပ်ချုပ် ရေး ပိုင်းတွင် စနစ်တကျ စီမံလာခဲ့သည်နှင့် အမျှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျုးလွန်လာခဲ့ခြင်းသည်ပင် လုပ်ထုံးလုပ်နည်း နှင့် အညီ ဖြစ်လာသည်။
ထိုသို့ အပါသိုက် ခေါ် အသားအရောင် ခွဲခြားသည့် စနစ်ကို စိန်ခေါ်တွန်းလှန်ခဲ့ရာတွင် အကြမ်းမဖက် တော်လှန် ဆန့်ကျင့်သည့် သဘောတရားကို တောင်အာဖရိကတွင် လိုက်လျော ညီထွေသလို ကျင့်သုံးလာမှု နှင့် နိုင်ငံတကာ၏ ထောက်ခံမှု ရရှိအောင် ကြိုးပမ်းမှုသည် အပြောင်းအလဲများ ဖြစ်ပေါ်လာရေးအတွက် မည်မျှ အထိ အရေးပါသည့် နေရာတွင် ရှိလာသည်ကို တင်ပြသွားမည် ဖြစ်သည်။
တော်လှန်ရေးသည် နိုင်ငံရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှု ပိုင်း များ အားလုံး ဒွန်တွဲ၍ တိုက်ခိုက်နိုင်မှု အပေါ် တွင် မူတည်ခဲ့သည် နှင့် မည်မျှပင် ဖိနှိပ်အုပ်ချုပ်သည့် အစိုးရ မျိုး ဖြစ်စေ စိတ်ရှည်မှု၊ ဇွဲရှိမှု၊အတူ ညှိနှိုင်းဆောင်ရွက်လာမှု များ၏ ဒဏ်ကို ခံနိုင်ရည် မရှိ ဖြစ်လာကြစမြဲ ဆိုသည်တို့ကိုလည်း လေ့လာသိရှိနိုင်မည် ဖြစ်သည်။
တောင်အာဖရိကသည် ၁၉၀၂ မှ ၁၉၆၁ ခုနှစ်အထိ ဗြိတိသျှ ဓနသဟာယ အဖွဲ့ဝင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒိုမီနီယံ အဆင့်အတန်း ဖြင့် သာ ရှိနေခဲ့သည်။ ထို့အတွက် အာဖရိက တိုက်ကြီး အတွင်း ပေါ်ပေါက်လာသော ဥရောပတိုက်သား တို့၏ ကိုလိုနီ တံပိုး အောက်မှ ရုန်းထွက်နိုင်ရန် ကြိုးပမ်းလာကြသည့် အမျိုးသားရေး လှုပ်ရှားမှု များသည် တောင်အာဖရိက သို့ ကူးစက်လာခဲ့ခြင်း မရှိခဲ့ပေ။
သိူ့သော်လည်း နှစ်ဆယ်ရာစု နှစ် တလျောက်လုံး နီးပါး တောင်အာဖရိက တွင် ရှိလာခဲ့သည့် လူမှုရေး မညီမျှမှု များ နှင့် လူမျိုးရေး ခွဲခြားမှုများသည် ကိုလိုနီ ခေတ်၏ အမွေဆိုးများ အဖြစ် ရှိနေဆဲပင် ဖြစ်သည်။
ဒပ်ခ်ျ လူမျိုး များသည် ၁၇ ရာစုနှစ် အတွင်း တောင်အာဖရိက သို့ စတင် ရောက်ရှိ အခြေချလာကြပြီး ဌာနေ တိုင်းရင်းသားများကို ၎င်းတို့ လယ်ယာ မြေ များတွင် အတင်းအဓမ္မ ကျွန်အဖြစ် ခိုင်းစေခဲ့ကြသည်။
ဗြိတိသျှ တို့သည် တောင်အာဖရိကအား ၁၉ ရာစုနှစ် ကျမှ စိတ်ဝင်စားရကောင်းမှန်း သိလာခဲ့ကြသည်။ မဟာဗျူဟာ အရ အကွက်အကွင်း ကျခြင်းနှင့် စိန်များ အလျံပယ် ထွက်လာခဲ့မှု ကြောင့် မျက်စိကျလာခဲ့ခြင်း ဖြစ်သည်။ ဗြိတိသျှ တို့မှ တောင်အာဖရိက အား ကိုလိုနီ အဖြစ် သိမ်းပိုက်ရန် ကြံစည်လာမှုသည် ဘိုဝါးဟု လူသိများသည့် နဂိုမူလ ဒပ်ခ်ျ အခြေချ နေထိုင်သူများ၏ မျိုးနွယ်စုများ နှင့် ပဋိပက္ခ ဖြစ်လာခဲ့သည်။ ဘိုဝါးတို့သည် ၎င်းတို့ နယ်မြေများ အတွင်း ကိုယ်ပိုင် ပြဋ္ဌာန်း ပိုင်ခွင့်ရရေး ကိုသာ လိုလားကြသူများ ဖြစ်သည်။
ဤသို့ဖြင့် ဘိုဝါးတို့နှင့် စစ်ပွဲကြီး ဖြစ်လာခဲ့ပြီး ၁၉၀၂ ခုနှစ်တွင် ဗြိတိသျှ တို့ အနိုင်ရရှိခဲ့မှု နှင့် အတူ ပြီးဆုံးသွားခဲ့သည်။ ဘိုဝါးနယ်မြေများ သည်လည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဗြိတိသျှ ကိုလိုနီ တခု ဖြစ်လာခဲ့သည်။ နောက်ပိုင်း ရှစ် နှစ် အကြာတွင် အိမ်နီးချင်း အခြား ကိုလိုနီ နယ်မြေများ နှင့် ပူးပေါင်းကာ ဗြိတိသျှ နေမဝင် အင်ပိုင်ယာကြီး အတွင် တောင်အာဖရိက ပြည်ထောင်စုဟူ၍ ပေါ်ထွက်လာခဲ့သည်။
တောင်အာဖရိက ရှိ မြေပိုင်ရှင်များ၊ စိန်တွင်း ပိုင်ရှင်များသည် ဌာနေတိုင်းရင်းသားများ အပေါ် မဖြစ်စလောက် လုပ်ခလေးပေးကာ ဂုတ်သွေးစုတ် နိုင် ပြီ ဖြစ်၍ အတိုင်းအဆ မရှိ ကြွယ်ဝ ချမ်းသာလာခဲ့ကြသည်။ နောက်ပိုင်းတွင် ဗြိတိသျှ တို့သည် ထိုအနေအထားကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် ၎င်းတို့ မတိုင်မီ ကတည်းက အခြေချ နေထိုင်ပြီး ဖြစ်သည့် အာဖရိကန်နား ခေါ် ဒပ်ခ်ျ များ နှင့် ပူးပေါင်းကာ လူဖြူ များ ၏ အာဏာ အဓွန့်ရှည် နိုင်မည့် နိုင်ငံရေး စနစ် တခုကို ပြဋ္ဌာန်းလာခဲ့ကြသည်။
ယင်းနှင့် အတူ လူမည်း အာဖရိက တိုင်းရင်းသားများ နှင့် အခြား အသားအရောင်ရှိသူများသည် အခြေခံ လူ့အခွင့်အရေးများ ဆုံးရှုံးလာခဲ့သည်။ ၁၉၁၃ ခုနှစ်တွင် ဌာနေ မြေပိုင်ခွင့် ဥပဒေ ကို ထုတ်ပြန်လာခဲ့သည်၊ ထိုဥပဒေအရ တောင်အာဖရိကရှိ မြေယာစုစုပေါင်း၏ ၉၀ ရာနှုန်းသည် လူဖြူများ အတွက် ဖြစ်လာခဲ့သည်။ ထို့အပြင် လူမည်း တောင်အာဖရိက လူမျိုးများသည် ၎င်းတို့အတွက် သတ်မှတ်ပေးထားသော ဒေသများမှ လွဲ၍ အခြားတွင် မြေယာများ ပိုင်ဆိုင်ခြင်း၊ ငှားရမ်းခြင်းများ လုပ်ခွင့် မရှိဟု ပိတ်ပင်ခြင်း ခံခဲ့ရသည်။
ထိုဥပဒေကြောင့် လူမည်းများသည် အသက်ရှင် ရပ်တည်နိုင်ရေး အတွက် သတ္တုတွင်းများ၊ စက်ရုံများ ရှိရာ အရပ်များသို့ ပြောင်းရွှေ့ကာ ဝင်ရောက် လုပ်ကိုင်ခဲ့ကြရသည်။ ထိုလုပ်ငန်းများတွင်လည်း အလုပ်သမား အခွင့်အရေး တောင်းဆိုမှုများကို တရားမဝင်ဟု သတ်မှတ်ခဲ့ကြပြန်သည်။
လူမည်းများသည် နိုင်ငံ အတွင်း သွားလာရာတွင် ၎င်းတို့အတွက် ထုတ်ပေးထားသော မှတ်ပုံတင်များကို ကိုယ်နှင့်မကွာ ယူဆောင်ခဲ့ကြရပြန်သည်။ ဤသို့ဖြင့် လူမည်းများသည် ဂျိုဟန်နက်စဘတ် နှင့် အခြား မြို့ကြီးများရှိ ကျုးကျော်ရပ်ကွက်များတွင်သာ ချို့ချို့တဲ့တဲ့ နေထိုင် လုပ်ကိုင်ခဲ့ကြရသည်။
သင့်တင့်လျောက်ပတ်သော လုပ်ခ နှင့် အလုပ်အကိုင် မှန်သမျှ အား လူဖြူများ အတွက်သာ ဟု သတ်မှတ်ခဲ့ကြသည်။ ထို့အတွက် လူမည်း မှန်သမျှ သည် လူမျိုးရေး ခွဲခြားခံရမှု၊ ဆင်းရဲမွဲတေမှု များဖြင့် လူအောက်တန်းစား ဘဝ ဖြင့် အမြဲလို ရုန်းကန်နေကြရပေတော့သည်။