သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(148)

by Hla Soewai - Jun 20 2023

အမေရိကန် လူငယ်များ၏ ယဉ်ကျေးမှု တန်ပြန် တော်လှန်ရေး (နိဂုံးပိုင်း)

 

မကြာ‌ သေးမီကမှ ကနေဒါ မှ ပေ့ါပ် နှင့် ကျေးလက် အဆိုတော် နီးလ် ယန်းသည် အမေရိကန် ဂီတဝိုင်း ဖြစ်သည့် Crosby, Stills, and Nash အဖွဲ့သို့ဝင်ခဲ့သူ ဖြစ်ပြီး ကန့် တက္ကသိုလ်ကျောင်းသားများ၏ ကြေကွဲဖွယ်ရာ သတင်းဆိုးကို ကြားသိသွားခဲ့သည်။

 

ထို့အတွက် စတူဒီယို အပြင်သို့ ထွက်သွားခဲ့ပြီး တနာရီ လောက် အကြာတွင် ပြန်ရောက်လာခဲ့သည်။ ထို့နောက် သူ ရေးယူလာသော "အိုဟိုင်းယိုး" ဟု ခေါင်းစဉ် တပ်ထားသော သီချင်းတပုဒ်ကို အသံသွင်းမည် ဟု ပြောလာသည်။ ထိုသီချင်းထဲတွင် "နစ်ဆင်၏ သံဖြူစစ်သားများ ငါတို့ကို ဖြိုလှဲခဲ့လို့ လေးယောက်ကျဆုံးခဲ့ရပြီ" ဆိုသော စာသားများ ပါရှိခဲ့သည်။

 

ဗီယက်နမ်တွင် ဖြစ်ပွားနေသော အကြမ်းဖက် သံသရာ စက်ဝန်းကြီးသည် အမေရိကန် သို့ တပတ် ပြန်ကျော့ ရောက်လာခဲ့ပြီ ဖြစ်သည်။

 

အကြောင်းအကြောင်းများ ကြောင့် ကန့်တက္ကသိုလ် ကျောင်းသား လေးဦး သေဆုံးခဲ့မှုသည် ၁၉၆၀ ကျော်နှစ်များ အတွင်း ပေါ်ပေါက်လာခဲ့သော တန်ပြန်ယဉ်ကျေးမှု တော်လှန်ရေး အပေါ် တစထက် တစ မျှော်လင့်ချက်များ ထူးထူးခြားခြား မြင့်တက်လာမှုသည် အဆုံးသတ်သွားခဲ့ရသည်ဟု ဆိုရမည် ဖြစ်သည်။ ထို့အတွက် လူငယ် မျိုးဆက်သစ်များ၏ ရိုးသားစွာ ဖြင့် အမျှော်လင့်ကြီး မျှော်လင့်ခဲ့မှုသည် ထိခိုက် ပျက်စီးသွားခဲ့ရသည်။ ဆန့်ကျင်တွန်းလှန်နေမှု များက ကျန်ရှိနေဆဲ ဖြစ်သော်လည်း မျှော်လင့်ချက်များ အစား အမှန်ကို အမှန်အတိုင်း သိမြင်လာမှုများ အပေါ် အခြေခံလာခဲ့သည်။

 

၁၉၇၁ ခုနှစ် အတွင်း နယူးယောက် တိုင်းမ် နှင့် ဝါရှင်တန် ပို့စ် သတင်းစာကြီးများမှ ပြီးခဲ့သည့် နှစ်ပေါင်း သုံးဆယ် တလျောက်လုံး ဗီယက်နမ်တွင် အမေရိကန်တို့ ပါဝင်ပတ်သက်ခဲ့မှု များ ကို အသေးစိတ် ဖေါ်ပြထားသည့် ကာကွယ်ရေး ဝန်ကြီးဌာန ၏ ထိတ်တန်းလျို့ဝှက် စာရွက်စာတမ်းများကို ဖွင့်ချ ရေးသား လာခဲ့သည်။

 

ပင်တဂွန် စာတမ်းများဟု ‌ခေါင်းစဉ်တပ် ဖေါ်ထုတ်ရေးသားခဲ့မှုကြောင့် ဗီယက်နမ် တွင် အရင်က သိခဲ့ကြသည့် အတိုင်းအတာထက် များစွာ သာလွန်သည့် အတိုင်းအတာဖြင့် အမေရိကန်တို့ နက်နက်ရှိုင်းရှိုင်း ပါဝင် ပတ်သက်နေမှုများကို သိခွင့်ရလာခဲ့ကြသည်။

 

အမေရိကန် တို့ မျှော်လင့်ချက် ကင်းမဲ့လာပြီး အမှန်ကို အမှန်အတိုင်း သိမြင်လာမှု သည် အမြင့်ဆုံး သို့ ရောက်လာခဲ့သည်။ အမေရိကန် အစိုးရ ၏ ဒီမိုကရေစီ နှင့် လွတ်လပ်ခွင့် များ အား ကမ္ဘာတဝှန်း ပျံ့နှံ့အောင် ဆောင်ရွက်နေသည်ဟု ဟန်ဆောင်ပန်ဆောင် စကားများသည် အမေရိကန် တို့ ကမကထပြုမှုဖြင့် အကြံအဖန် လုပ်ခဲ့သော ရွေးကောက်ပွဲများ၊ အကျင့်ပျက် လာဘ် စားမှုများ၊ လျို့ဝှက် စစ်ဆင်ရေများ သည် ဗူးပေါ်သလို ပေါ်သွားခဲ့ရခြင်း များကြောင့် ပြိုလဲပျက်စီးသွား ခဲ့ရပြီ ဖြစ်သည်။

 

ပေါက်ကြားလာသော စာရွက်စာတမ်းများအရ အမေရိကန် အစိုးရသည် မည်သို့မျှ မနိုင်နိုင်မှန်း သိသိကြီး နှင့် မျိုးဆက်သစ် လူငယ်များကို စစ်မြေပြင်သို့ စေလွှတ်နေကြသည် ဆိုသည်ကိုလည်း သိလာခဲ့ကြသည်။

 

အမေရိကန်သည် ၁၉၇၃ ခုနှစ်မှသာ ဗီယက်နမ်မှ စတင် ဆုတ်ခွာခဲ့ကြရာ ၁၉၇၅ ခုနှစ် အစောပိုင်းကျမှ ပြီးပြတ်သွားခဲ့သည်။ ယင်းနှင့်အတူ ငယ်ရွယ်သူ အမျိုးသား အမျိုးသမီးများသည် ရပ်ဝေးတနေရာ တွင် ဖြစ်ပွားနေသော ၎င်းတို့ မယုံကြည်သည့် စစ်ပွဲတွင် ပါဝင် တိုက်ခိုက်ရမည့် အရေးကို စိုးရိမ်ကြောင့်ကြနေစရာ မလိုကြတော့ပေ။

 

သို့သော် သမ္မတ တယောက်၏ ရာဇဝတ်မှု များသည် ၎င်း ပြန်လည် အရွေးခံခဲ့သည့် ရွေးကောက်ပွဲ နှင့် ဆက်စပ်‌နေသည့် ဝါးတားဂိတ် ဖေါက်ထွင်းမှု ကြီးကြောင့် ပေါ်ထွက်လာခဲ့ရသည်။

 

ကန့်ကွက် ဆန္ဒပြမှု များသည် ၁၉၆၀ ကျော် နှစ်များ အလယ်ပိုင်းလောက် တွင် ဆန့်ကျင်တွန်းလှန်မှု အသွင် ပြောင်းလာခဲ့သော်လည်း နောက်ပိုင်းတွင် အမှန်ကို သိမြင်လာမှုသည် ဆန့်ကျင်တွန်းလှန်မှုများ ဖြစ်လာရမည့်အစား စိတ်မဝင်စားကြတော့သည့် အနေအထား ရောက်သွားခဲ့ကြသည်။

 

၁၉၆၀ ကျော် နှစ်များ အတွင်း အမေရိကန် လူငယ်များ နှင့် ကမ္ဘာတဝှမ်းရှိ လူငယ်လူရွယ်များသည် ၎င်းတို့၏ ရှိသမျှ အင်အားနှင့် ယဉ်ကျေးမှု ဖြစ်စဉ်ကြီးကို သိသိသာသာ ပြောင်းလဲနိုင်စွမ်း ရှိလာခဲ့ကြသည်။ ၎င်းတို့၏ ယဉ်ကျေးမှု နှင့် နိုင်ငံရေး ဖြစ်စဉ်များအား ဆန့်ကျင်ခဲ့မှုများကြောင့် နိုင်ငံသားများ၏ အခွင့်အရေး နှင့် အစိုးရ၏ တာဝန်များ အပေါ် မျှော်လင့်ထားမှုများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

 

၁၉၆၀ ကျော် မျိုးဆက်သစ်များတွင် ငြိမ်းချမ်းရေး၊ မေတ္တာတရား နှင့် မျှော်လင့်ချက် ရောင်ခြည်များ ယှက်သန်းလာခဲ့ကြသည်။ တကြိမ်လျှင် ကန့်ကွက်ဆန္ဒပြမှု တခု၊ သီချင်းတပုဒ် ဖြင့် တော်လှန် ပြောင်းလဲနိုင်စွမ်း ရှိကြောင်းကို ပြသနိုင်ခဲ့ကြသည်။