အမေရိကန် လူငယ်များ၏ ယဉ်ကျေးမှု တန်ပြန် တော်လှန်ရေး (၆)
လူမည်းတို့၏ အရပ်ဖက် လူမှူ အခွင့်အရေး လှုပ်ရှားမှု များ ထွက်ပေါ်မလာပါက လူ့အခွင့် အရေး အတွက် ပုံစံ အမျိုးမျိုး နှင့် လှုပ်ရှားနေသည့် ကမ်ပိန်းများ သည် ထိရောက်မှု ရှိလာခဲ့မည် မဟုတ်ပေ။ နောက်တကြောင်းကလည်း ဗီယက်နမ်တွင် ဖြစ်ပွားနေသော စစ်အပေါ် ရွံရှာ မုန်းတီးလာခဲ့ကြခြင်း ကြောင့် ယခုလို တနိုင်ငံ လုံး အတိုင်းအတာ နှင့် ပေါင်းစည်းလာမိကြပြီး အမေရိကန် လူ့အဖွဲ့အစည်း၏ အစဉ်အလာ ဓလေ့ထုံးတမ်းများကို မှောက်လှန် ပစ်ရန် ကြိုးပမ်းနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
အမေရိကန် နိုင်ငံသားများသည် အရှေ့တောင်အာရှ တွင် စစ်ရေးအရ ဝင်ရောက် စွက်ဖက်နေမှုအား ကန့်ကွက် ရှုတ်ချနေသည့်ကြားမှ ၁၉၆၈ တွင် ဗီယက်နမ်တွင် အမေရိကန် တပ်သား ငါးသိန်း ခန့် ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။
၁၉၆၇ ခုနှစ် ဆောင်းအကူး ကာလတွင် ယစ်ပီ ဟု ခေါ်သည့် နိုင်ငံတကာ လူငယ်များ အဖွဲ့ကို ပူးတွဲထူထောင်ခဲ့သည့် အက်ဘီး ဟော့မင်းသည် ပင်တဂွန် သို့ ချီတက် ဆန္ဒပြရန် စီစဉ်လာခဲ့သည်။
ထို ချီတက်ပွဲအားလည်း ယဉ်ကျေးမှု တန်ပြန် တော်လှန်ရေး စိတ်ဓါတ်ဖြင့် ဆင်နွှဲသွားမည် ဖြစ်ပြီး ပိုတိုမက် မြစ်ကို နီရဲသွားအောင် ဆေးဆိုးမည်၊ ချယ်ရီ ပင်များကို မီးရှို့မည်၊ သံရုံးများ ရှေ့တွင် ခွက်ဆွဲပြီး တောင်းစားမည်၊ ရေသေနတ်များ၊ ကျောက်စရစ် ခဲများ၊ ဘဇူကာပီကေ ဗူးများ၊ နှင့် ပစ်မည်၊ အမျိုးသမီးငယ်များ ကိုယ်လုံးတီး ပြေးကြမည်၊ ပြီးလျှင် ပင်တဂွန် အဆောက်အဦး ပေါ်တွင် နတ္ထိ သဘောကို ကိုယ်စားပြုသည့် အလံကို လွှင့်ထူမည်၊ မိမိတို့၏ လွတ်မြောက်ရေး အတွက် ကောင်းချီး ပေးသံများဖြင့် မြေပြင် ကို သိမ့်သိမ့်တုန် သွားစေရမည် ဟု ဟော့ဖ်မင်းက ကြွေးကျော်လာသည်။
သို့သော် ယစ်ပီ တို့သည် ဟော့ဖ်မင်း ကြွေးကျော်ခဲ့သည့် အတိုင်းတော့ လုံးဝဥသုံ အကောင်အထည် မဖေါ်နိုင်ခဲ့ကြပေ။ အင်အား ငါးသောင်းခန့် ရှိသော ဆန္ဒပြသူများ သည် ပင်တဂွန် ရှေ့ ရောက်ရှိလာပြီး စစ်ရဲများ တား ထားသည့် မျဉ်းကို ဖြတ်ကျော် ခဲ့ကြသဖြင့် လူ ၇၀၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။ သို့သော် ထို ဖြစ်ရပ်ကြီးသည် စစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ကြီးအား ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ပုံစံ မှ တက်တက်ကြွကြွ တွန်းလှန် တိုက်ပွဲ ဝင်မှ ဖြစ်မည် ဟူသော အသိများ ဝင်လာအောင် ပြောင်းလဲပေးနိုင်ခဲ့သည်။
အစိုးရ မှ ဒဏ်ငွေများ၊ ထောင်ဒဏ်များ အဆမတန် ချမှတ်ကာ အရေးယူနေသည့် ကြားမှ စစ်ထဲဝင်ရန် ဆင့်ခေါ်စာများ ကို မီးပုံရှို့နေမှု များသည် ၁၉၆၅ နောက်ပိုင်းတွင် ဖြစ်ရိုးဖြစ်စဉ် လို ဖြစ်လာနေခဲ့သည်။ ၁၉၆၀ နှစ်များ အဆုံးတွင်တော့ ထိုထက်မက ပြင်းထန်လာခဲ့သည်။
အမေရိကန် လူငယ် အများအပြားသည် စစ်မှု ထမ်းရမည့် အရေး မှ ရှောင်ရှားရန် ကနေဒါ သို့ ထွက်ပြေးလာကြသည်။ ထိုသို့ ထွက်မပြေးပဲ ကျန်နေခဲ့သူများ အထဲတွင် ဟက်ဗီးဝိတ် လက်ဝှေ့ ချန်ပီယံ မိုဟာမက် အလီလည်း ပါဝင်ခဲ့သည်။ သူသည် ၁၉၆၇ ဧပြီလတွင် တက္ကဆပ် ရှိ ဟူစတန် မြို့ စစ်သားစုဆောင်းရေး စခန်းသို့ သတင်းပို့ရမည်ဟု သူ့ထံ ရောက်ရှိလာသော ဆင့်ခေါ်စာတွင် ပါရှိလာခဲ့သည်။
စစ်သားစုဆောင်းရေး စခန်းတွင် သူ့နာမည်ကို ခေါ်သည့်အခါ ရှေ့ထွက်ဖို့ အလီသည် ငြင်းဆန်လိုက်သည်။ သူသည် အကြမ်းမဖက်ရေးကို ယုံကြည်သော ဘာသာ အယူဝါဒကို ကိုးကွယ်သူ ဖြစ်သည် ဆိုသော အကြောင်းပြချက်ဖြင့် ဆင့်ခေါ်စာ ကို ပယ်ဖျက်ပေးရန် သုံးကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပဲ ဖမ်းဆီးခံခဲ့ရပြီး သူ၏ ဟက်ဗီးဝိတ် ချန်ပီယံ သရဖူ ကိုလည်း ရုပ်သိမ်းခြင်း ခံခဲ့ရပြန်သည်။
အလီ အား စစ်မှု ထမ်းရန် ငြင်းဆန်မှု ဖြင့် ထောင်ဒဏ် ငါးနှစ် အပြစ်ပေးခဲ့သည်။ အပြစ်ဒဏ် အတွက် အယူခံလွှာ တင်သွင်းနေစဉ်မှာပင် သူသည် စစ်ဆန့်ကျင်ရေး လှုပ်ရှားမှု၏ သူရဲကောင်းကြီး ဖြစ်လာခဲ့သည်။ အလီသည် နိုင်ငံ တဝှမ်းရှိ ကောလိပ် ကျောင်းများသို့ လှည်လည် ဟောပြောခဲ့သည်၊ ဗီယက်နမ် လူမျိုးများသည် သူ့အား ဖိနှိပ်ခြင်းလည်း မရှိခဲ့၍ အင်အားကြီး အမေရိကန် လို နိုင်ငံ မျိုး အတွက် ရွှံ့နွံများ ကြားထဲက ဆာလောင်မွတ်သိပ်နေသော ဗီယက်နမ် တို့ကို သွားရောက် ပစ်ခတ်ပေးမည် မဟုတ်ဟု ပြောလာခဲ့သည်။
အလီ ၏ ကျိုးကြောင်းပြ ပြောဆိုမှုသည် လူမည်း အခွင့်အရေး လှုပ်ရှားမှု နှင့် စစ်ဆန့်ကျင်ရေး သမား များ အကြား သဘောတရားရေး ရပ်တည်မှု တူညီနေမှု ကို ထောက်ပြလိုက်သလိုလည်း ဖြစ်လာခဲ့သည်။ ထင်ရှားသော လူမည်း ခေါင်းဆောင်များက အမေရိကန် လူမည်း များ နှင့် ဗီယက်နမ် ပြည်သူများသည် အမေရိကန် တို့ ဖိနှိပ်နေမှု၏ သားကောင်များသာ ဖြစ်သည်ဟု ပြောဆိုလာခဲ့ကြသည်။
၁၉၆၉ ဩဂုတ်လထဲတွင် သိန်းနှင့် ချီသော အမေရိကန် လူငယ်များသည် သူတို့၏ တော်လှန်ရေး စိတ်ဓါတ်ကို ထင်ဟပ်စေမည့် ဂီတဖျော်ဖြေပွဲ့ကြီး ပြုလုပ်မည့် နယူးယောက် ပြည်နယ် အထက်ပိုင်း လယ်ယာခြံ ကျယ်ကြီး တခုသို့ စုရုံး ရောက်ရှိလာခဲ့ကြသည်။
ဝုဒ်စတော့ ဂီတ နှင့် အနုပညာ ပွဲတော် ဟု အမည်ပေးထားသည့် ဖျော်ဖြေပွဲသို့ လူ လေးသိန်း ခန့် စုဝေးလာခဲ့ကြသည်။ လူတဦးချင်းစီ၏ လွတ်လပ်ခွင့် နှင့် ကမ္ဘာ စနစ်သစ် တရပ် ပေါ်ထွန်းလာရေးအတွက် တိုက်ပွဲဝင်ရမည် ဆိုသည့် တူညီသော ဆန္ဒ များဖြင့် ရောက်ရှိလာခဲ့ကြခြင်းပင် ဖြစ်သည်။ ပွဲတော် စီစဉ် သူများကလည်း ထိုခံယူချက် ဖြင့် ဖြစ်မြောက်အောင် လုပ်ခဲ့ကြခြင်း ဖြစ်သည်။
ရောက်လာကြသူများအား သူတို့ အိမ်မက်ထဲတွင် မျှော်လင့်နေကြသည့် ကမ္ဘာသစ်ကြီးသို့ ဝင်ရောက်လာပြီဟု စိတ်တွင် ထင်မြင်လာစေရန် နှင့် အားလုံး တပျော်တပါး ဆင်နွှဲနိုင်ရန် နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
ပွဲတော်သို့ မကြုံစဖူးအောင် ရောက်ရှိလာသည့်များပြားလှသော လူအုပ်ကြီးကြောင့် အစားအသောက် နှင့် ကားရပ်နားရန် နေရာ အခက်အခဲများ ကြီးမားစွာ ကြုံတွေခဲ့ရသည်၊ မိုးကလည်း သည်းထန်စွာ ရွာသွန်းလာပြန်သဖြင့် ဗွက်များ ထကုန်သော်လည်း အချင်းချင်း ခိုက်ရန် ဖြစ်ပွားမှု၊ အကြမ်းဖက်မှု မျိုး မရှိခဲ့ပေ။ သဟဇာတ စိတ်ဓါတ် နှင့် လွတ်လပ်မှု အတွက် ပြင်းပြသော ဆန္ဒ များသည် ဝုဒ်စတော့ ဂီတပွဲတော်ကြီး အတွင်း လွှမ်းခြုံ သွားခဲ့ခြင်းကြောင့်လည်း ဖြစ်ပေသည်။