သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(145)

by Hla Soewai - Jun 07 2023

အမေရိကန် လူငယ်များ၏ ယဉ်ကျေးမှု တန်ပြန် တော်လှန်ရေး (၅)

 

 Black Panther အဖွဲ့ ထိုမျှအထိ ကြာရှည်ခံခဲ့သည်က ၁၉၆၈ တွင် ဂျိမ်း ဘရောင်း သီဆိုခဲ့သော "Say it Loud. I'm Black and I'm Proud" ဆိုသည့် သီချင်း ရေပန်းစား သွားခဲ့ခြင်း ကြောင့်လည်း တကြောင်း ဖြစ်သည်။ လူမည်း တို့၏ အလှတရားကို ဖေါ်ကျူးထားမှုသည် မရေတွက် နိုင်သော အမေရိကန် တို့ ကြား တွင် ပဲ့တင် ရိုက်ခတ် နေခဲ့သည်။

 

လူမည်း အများစုသည် မိမိကိုယ် မိမိ အာဖရိကန်-အမေရိကန် များ အဖြစ် အမှတ်သညာ ပြုလာကြပြီး ရှေးယခင် အရိုးစွဲလာသည့် နီဂရိုး ဆို့သည့် အခေါ်အဝေါ် ကို ငြင်းပယ်လာခဲ့သည်။ အမေရိကန် လူမည်းများသည် အာဖရိကန် အဝတ်အစားများ၊ လက်ဝတ်ရတနာ များကို ထုတ်ဝတ်လာကြပြီး ဆံပင် များကို လည်း အ‌ရှည်ထားလာကြသည်။

 

ထိုအထဲတွင် အထင်ရှားဆုံး ထွက်ပေါ်လာသူသည် စစ်သွေးကြွ လူ့အခွင့်အရေး လှုပ်ရှားသူ Black Panther တဦး ဖြစ်သော ပညာရှင် အင်ဂျီလာ ဒေဗီစ် ဆိုသူပင် ဖြစ်သည်။ သူမသည် အကျဉ်းထောင်ထဲတွင် တနှစ်ခန့် နေခဲ့ရဖူးသူ ဖြစ်သည်။ သူမ နာမည် နှင့် မှတ်ပုံတင်ထားသော သေနတ်အား နိုင်ငံရေး နှင့် မကင်းလှသော လူသတ်မှု တခုတွင် သိမ်းဆည်းရမိခဲ့၍ ပူးပေါင်းကြံစည်မှု ဖြင့် စွဲချက် တင်ခံခဲ့ရသော‌ ကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် "Free Angela" ရင်ထိုးများ နေရာအနှံ့တွင် ထွက်ပေါ်လာခဲ့သည်။

 

သူမ၏ ထင်ရှားကျော်ကြားခဲ့သော အာဖရိကစတိုင် အသွင်အပြင်များ နှင့် ဓါတ်ပုံကို လူမည်း အလှတရား အိုင်ဒီယာ ပေါ်လွင်အောင် အသုံးပြုခဲ့ကြသည်။ ယင်းနှင့် အတူ အမေရိကန် တရားရေး စနစ် တွင် လူမျိုးရေး ဘက်လိုက်မှု များ နှင့် အကျဉ်းထောင် အား ပြုပြင်ပြောင်းလဲပေးရန်ပါ တောင်းဆိုခဲ့ကြသည်၊ နောက်ဆုံးတွင် အင်ဂျီလာ သည် အမှု မှ ကွင်းလုံးကျွတ် လွတ်မြောက်သွားခဲ့သည်။

 

၁၉၆၀ ကျော် နှစ်များ အတွင်း အစဉ်အလာကို နောက်ထပ် ရိုက်ချိုးတော်လှန် နိုင်ခဲ့သည် တခုက လိင်တူ ဆက်ဆံသူ အမျိုးသား များ ကို ခွဲခြား ဆက်ဆံ ခံနေရမှုပင် ဖြစ်သည်။ အထက်လွှတ်တော် အမတ် ဂျိူးစက် မက္ကာသီ သည် ၁၉၅၀ ကျော် နှစ်များ အတွင်း ဦးဆောင်ဦးရွက် ပြုခဲ့သည့် "အနီများ အား တောချောက်သည့် ကမ်ပိန်း" တွင် လိင်တူဆက်ဆံသူများအား နိုင်ငံရေး တဖက်စွန်း ရောက် သူများ အဖြစ် သဘောထား လာခဲ့သည်။

 

ထို အမူအကျင့် များ ဆက်ရှိနေမည် ဆိုက ကွန်မြူနစ် လှုပ်ရှားသူများမှ ခြိမ်းချောက် အကြပ်ကိုင် နိုင်မည့် လက်နက်များ အဖြစ် အသုံးချ လာနိုင်၍ အမေရိကန် ၏ လုံခြုံရေး ထိခိုက်လာနိုင်သည်ဟု ပြောဆိုခဲ့သည်။ ဤသိုဖြင့် နိုင်ငံရေး ဝေါဟာရ တွင် "ကွန်မြူနစ်" များအား "အခြောက်" များဟု ခေါ်ဝေါ် လာခဲ့ကြသည်။ ထိုနှစ်မျိုးစလုံးသည် စာရိတ္တ ပိုင်းတွင် အားပျော့သူများ၊ ဘုရားမဲ့ တရားမဲ့များ နှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများ အဖြစ် သတ်မှတ် ခဲ့ကြသည်။ ၁၉၅၃ ခုနှစ် တွင် သမ္မတ အိုက်စင်ဟောင်ဝါသည် လိင်တူ ဆက်ဆံသူများအား နိုင်ငံလုံခြုံရေး အတွက် အန္ဆရာယ် ရှိလာနိုင်သဖြင့် အစိုးရ အလုပ်များတွင် လုပ်ကိုင်ခြင်းကို ပိတ်ပင် ကြောင်း သမ္မတ အမိန့်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

 

ထိုအမိန့်ကြောင့် အစိုးရ အလုပ်ရရေးသည် လူတဦး တ‌ယောက် ၏ လိင်ပိုင်းဆိုင်ရာ အနေအထားပေါ် တိုင်းတာ ဆုံးဖြတ်ရမည့် စံနှုန်းတခု ဖြစ်သွားခဲ့ရသည်။ ယင်းသည် အမေရိကန် တဝှမ်းရှိ စက်မှု လုပ်ငန်းများ နှင့် လူနေမှု ဘဝများကို လှိုင်းထန် သွားစေခဲ့သည်။ လိင်တူ ဆက်ဆံသူ အမျိုးသား၊ အမျိုးသမီးများသည်လည်း ကဲ့ရဲ့ ပြောဆို သမုတ်ခံခဲ့ကြရပြီး အစိုးရမှပင် အယုံအကြည် ရှိခြင်း မခံရသူများ အဖြစ် ယူဆခံခဲ့ရသည်၊ ၎င်းတို့အား သတိထားရမည့် ခရမ်းပြာ များဟု ပင် သမုတ်လာကြသည်။

 

ထိုအထဲတွင် ဟိုးလေး တကျော်ကျော် ဖြစ်သွားခဲ့ရသည်က ဟားဗတ် တက္ကသိုလ်မှ နက္ခတ္တဗေဒ ဘာသာရပ် ဖြင့် ဒေါက်တာ ဘွဲ့ရပြီး အမေရိကန် စစ်တပ်၏ မြေပုံဌာန တွင် လုပ်ကိုင်နေသူ ဒေါက်တာ ဖရန့် ကာမနီ အား ၁၉၅၇ တွင် အလုပ်မှ ထုတ်ပယ်လိုက်မှုပင် ဖြစ်သည်။ သူ့အား အစိုးရ အလုပ် တွင် ဝင်ရောက်လုပ်ကိုင်နိုင်ခွင့် အားလည်း တသက်တာ ပိတ်ပင် ပစ်ခဲ့သည်။ ဒေါက်တာ ကာမနီသည် အစိုးရအား တရားပြန်စွဲခဲ့သော်လည်း အမှု ရှုံးနိမ့်သွားခဲ့သည်။ နောက်ပိုင်းတွင် မက်တာရှင်း အဖွဲ့ကို ထူ‌ ထောင်လာခဲ့သည်၊ ထိုအဖွဲ့သည် လိင်စိတ် ကွဲပြားသူများ၏ အခွင့်အရေး လှုပ်ရှားမှု တွင် ရှေ့တန်းမှ ဦးဆောင်လာခဲ့သည်။

 

၁၉၆၈ ဇွန်လ အတွင်း နယူးယောက် ရဲအဖွဲ့သည် 

ဂရင်းနစ်ခ်ျ ရွာ ရှိ လိင်တူ ဆက်ဆံသူများ ဆုံစည်းရာ Stonewall Inn ဘား အား ဝင်ရောက်စီးနင်းခဲ့ကြသည်။ လိုင်စင် မရှိပဲ အရက်‌သေစာ ရောင်းချသည်ဆိုသော ဆိုင်များအား နှိမ်နှင်း သည့် စစ်ဆင်ရေး ၏ တစိတ်တပိုင်း လည်း ဖြစ်သည်။ သို့လိင်တူ ဆက်ဆံသူ များ လာရောက်လေ့ ရှိသည့် ဘားများ သည် ပြည်နယ် အစိုးရမှ အရက်ရောင်းချခွင့် လိုင်စင် ထုတ်မပေးတော့၍ ဖေါက်သည် အပျက် မခံနိုင်၍ လိုင်စင် မရှိပဲ ရောင်းချပေးနေရခြင်းလည်း ဖြစ်သည်။

 

ထိုညတွင် ဘားထဲတွင် လိင်စိတ်ကွဲပြားသူ အမျိုးသား၊ အမျိုးသမီးများ၊ လိင်အင်္ဂါ ပြောင်းလဲထားသူများ၊ အိမ်ပြေး ဆက်ကျော်သက်များ၊ အပါအဝင် လူနှစ်ရာခန့် ရှိနေသည်၊ ရဲများက ဆိုင်ထဲရှိ လူများကို လမ်းပေါ်သို့ မောင်းထုတ်ခဲ့ပြီး ၁၃ ဦးအား ဖမ်းဆီးခဲ့သည်။ သိူ့သော် ဆိုင်ထဲရှိ လူများက ရဲများကို အုတ်ခဲများ၊ ပုလင်းများ၊ အကြွေစေ့များနှင့်ပြန်လည် ခုခံခဲ့ကြ၍ အဓိကရုဏ်း နှိမ်နှင်းရေး ရဲများ ရောက်လာခဲ့ရသည်။

 

ဤသည်ကား ပြဿနာ၏ အစဟု ဆိုရမည် ဖြစ်သည်။ ရာပေါင်းများစွာသော လူများသည် Stonewall Inn နှင့် သွေးစည်း ညီညွတ်ကြောင်း ပြသသည့် အနေဖြင့် နောက်ထပ် ခြောက် ည ဆက်တိုက် လာရောက်စုဝေးခဲ့ကြသည်။ အချို့က ငြိမ်းချမ်းစွာ လက်ချင်းချိတ်ကာ သီချင်းများ သီဆိုခဲ့ကြပြီး အချို့က ရန်လိုသော အပြုအမူများ ပြလာခဲ့သည်။

 

အမျိုးသမီးများ နှင့် လိင်ပိုင်းဆိုင်ရာ လေ့လာသူ ဟားဗတ် ကျောင်းထွက် ပညာရှင် တဦး ဖြစ်သူ မိုက်ကယ် ဘရွန်စကီးသည် "အမေရိကန် တွင် လိင်တူ ဆက်ဆံသူ အမျိုးသား အမျိုးသမီးများသည် အမြဲလို နှောက်ယှက်ခံလာရ၍ မခံနိုင်၍ ပေါက်ကွဲခဲ့သော အဓိကရုဏ်း များစွာ ရှိခဲ့ဖူးသော်လည်း လက်ရှိ Stonewall အရေး အခင်းသည် ဗီယက်နမ် စစ် ဆန့်ကျင်ရေး၊ အရပ်ဖက် အခွင့်အရေးများ ရရှိရေး၊ လိင်ခွဲခြား ဆက်ဆံမှု ပပျောက်ရေး တိုက်ပွဲများကြားမှ ကြားမှ ထွက်ပေါ်လာခြင်း ဖြစ်၍ လက်ရှိ လိင် အသားပေး နိုင်ငံရေး အခင်းအကျင်း အား ဖာသိဖာသာ နေ၍ မရတော့ဟု ပြသလာခြင်း ဖြစ်သည်" ဟု မှတ်ချက်ချခဲ့သည်။

 

ထိုအရေး အခင်းသည် လွန်စွာ ထင်ရှားသွားခဲ့၍ ၁၉၇၀ နောက်ပိုင်းမှစ၍ ဇွန်လ ရောက်တိုင်း အမှတ်တရ အဖြစ် နယူးယောက် နှင့် ကမ္ဘာတဝှမ်း LBBTQ လှုပ်ရှားသူများက တေးသီချင်းများ၊ အဆိုအက များ နှင့် စီတန်းလှည့်လည်ခဲ့ကြသည်။