သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(144)

by Hla Soewai - Jun 02 2023

အမေရိကန် လူငယ်များ၏ ယဉ်ကျေးမှု တန်ပြန် တော်လှန်ရေး (၄)

 

နောက်ထပ် အမျိုးသမီး များ အတွက် အရေးပါသော အောင်မြင်မှု တခု ရရှိခဲ့သည်ကား ၁၉၇၂ ခုနှစ် ပညာရေး ဆိုင်ရာ ဥပဒေ ပြင်ဆင်ချက် အပိုဒ် (၉) ပင် ဖြစ်သည်၊ ထိုပြင်ဆင်ချက်အရ ဖက်ဒရယ် အစိုးရ၏ ဘဏ္ဍာရေး အထောက်အပံ့ကို ရယူထားသော မည်သည့် ပညာရေးဌာန မဆို လိင် ခွဲခြား ဆက်ဆံခြင်း မရှိစေရ ဟု ပြဋ္ဌာန်းပေးလာခဲ့ခြင်းပင် ဖြစ်သည်။ 

 

ထိုပြင်ဆင်ချက် အပိုဒ် (၉) သည် အမျိုးသမီးထု တရပ်လုံး အဆင့်မြင့် ပညာရေး နှင့် အားကစား ကဏ္ဍ များ တွင် ပါဝင်ခွင့် ရအောင် လမ်းဖွင့်ပေးနိုင်ခဲ့သည့် တော်လှန် ပြောင်းလဲမှု ကြီးပင် ဖြစ်သည်။

 

နောက်ထပ် လျစ်လျု ရှူ၍ မရသည့် တိုးတက်ဖြစ်ပေါ် မှု သည်က ၁၉၇၀ ကျော် နောက်ပိုင်းမှ စ၍ သန္ဓေသား ထိန်းချုပ်ရေး ဆေးပြား များ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်မှုပင် ဖြစ်သည်။ ၁၉၆၈ ခုနှစ် တနှစ်တည်းမှာပင် တကမ္ဘာလုံး အတိုင်းအတာ နှင့် ဆေးပြားများ အား ဒေါ်လာ သန်း ၁၅၀ ဖိုး ခန့် ရောင်းချနိုင်ခဲ့သည်။ အမျိုးသမီးများ အတွက် ကိုယ်ဝန်ဆောင် ခြင်းနှင့် ပတ်သက်၍ လွတ်လပ်ခွင့်များ ရရှိလာခဲ့ပြီ ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

 

ထိုသို့ တိုးတက် ဖြစ်ထွန်းမှုများ ရှိနေသော်လည်း လူမည်း အမျိုးသမီးများသည် လူလတ်တန်းစား လူဖြူ အမျိုးသမီးများ၏ ဦးစားပေး စာရင်းတွင် ထည့်သွင်း ခြင်း မခံရသေးသည့် အနေအထားတွင် ရှိနေဆဲ ဖြစ်သည်။ စီးပွားရေး နှင့် ပညာရေး ပိုင်းတွင် လူမည်း အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ တန်းတူရည်တူ အခွင့် အရေး များ မရရှိသေးပေ။

 

လူမည်း အမျိုးသမီးများသည် ၎င်းတို့ အတွက် သေရေး ရှင်ရေး တမျှ အရေးကြီးနေသော ခွဲခြားဆက်ဆံခံ‌ နေရမှု များ အတွက် ရုန်းကန် တိုက်ပွဲ ဝင်နေရချိန်တွင် လူဖြူ အမျိုးသမီးများ၏ လိင်ခွဲခြား ဆက်ဆံ ခံနေရမှု များ အပေါ် အလေးပေး နေမှု ကို စိတ်ကသိကအောက် ဖြစ်လာကြသည်။

 

လူဖြူ အမျိုးသမီးများသည် အမျိုးသမီးထုကြီး တရပ်လုံး အမျိုးသားများ၏ ခွဲခြားဆက်ဆံ ခံနေရမှု အဖြစ် ရှုမြင်ထားကြသော်လည်း လူမည်း အမျိုးသမီးများကမူ လူမည်း အမျိုးသားများ၏ အခွင့်အရေး တန်းတူ ရရေး တိုက်ပွဲဝင်နေမှု ကိုသာ သူ့တို့ အရေးဟု ခံယူခဲ့ကြသည်။

 

လူမည်းတို့၏ Black Power လှုပ်ရှားမှု တွင်လည်း အုပ်စု အမျိုးမျိုး၊ အယူအဆ အမျိုးမျိုး၊ ဦးစားပေး အစီအစဉ် အမျိုးမျိုး ဖြင့် ကွဲပြားနေပြန်သည်။ ၁၉၆၆ ခုနှစ်တွင် ကယ်လီဖိုနီယား ပြည်နယ် အုတ်ကလန် မြို့တွင် ဟွေး နယူတန် နှင့် ဘော်ဘီ ဆေးလ် တို့ ဦးဆောင်ပြီး လူမည်းများ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန် ဆိုကာ Black Panther Party ဆိုသည့် ကျားသစ်နက် အဖွဲ့ကို ဖွဲ့စည်းလာကြသည်။

 

ထိုအဖွဲ့သည် အကြမ်းမဖက် ဆန့်ကျင်ရေး ဆိုသည့် သဘောတရားကို လက်မခံခဲ့ကြပေ။ ရဲ နှင့် လူဖြူများ၏ အကြမ်းဖက်လာခြင်းကို ကာကွယ်ရန် အကြမ်းဖက် နည်းလမ်းကို သုံးမှ ဖြစ်မည်ဟု ခံယူခဲ့ကြသည်။

 

ထိုအချိန်က အက်ဘီအိုင် ညွှန်ကြားရေးမှုး ဖြစ်သူ ဂျေ အက်ဂါ ဟူးဗားသည် Black Panther အဖွဲ့အား အမေရိကန်၏ တရားဥပဒေ စိုးမိုးရေး နှင့် ငြိမ်ဝပ် ပိပြားရေး ကို အပြင်းအထန် ခြိမ်းချောက်လာနေသော အဖွဲ့ဟု သတ်မှတ်ခဲ့သည်။ 

 

သံပုရာခွံ ဦးထုတ်ဆောင်းကာ သားရေဂျာကင် အမည်းများ၊ နေကာမျက်မှန် များ တပ်ကာ သေနတ်များ ကိုင်ဆောင်ထားသော လူဖြူ စစ်သွေးကြွများကိုမူ ခြိမ်းချောက်ခံရသည်ဟု မယူဆခဲ့ပေ။

 

Black Panther အဖွဲ့သည် အမေရိကန် လူမည်းများ အလုပ်အကိုင်များ ရရှိရေး၊ သင့်တင့်လျောက်ပတ်သော အိုးအိမ်များ ဖြင့် နေထိုင်ခွင့်ရရေး များကို တောင်းဆိုခဲ့ကြသည်။ လူမည်းများ အား မဲဆန္ဒရှင်များ အဖြစ် မှတ်ပုံတင်နိုင်ရေး ကို ဆော်ဩခဲ့သည်၊ ကျန်းမာရေး ဆေးခန်းများ ဖွင့်လှစ်ပေးခဲ့သည်။ အစားအသောက်များ ဝေငှ ပေးနိုင်ရေး အတွက်လည်း ဦးစီးဦးဆောင် ပြုလာခဲ့ကြသည်။

 

နောက်ပိုင်းတွင် ရဲအဖွဲ့နှင့် လက်နက်ကိုင် အကြမ်းဖက်မှု များ ဖြစ်ပွားလာခြင်း နှင့် အက်ဘီအိုင် မှ ပစ်မှတ်ထားကာ ဒလကြမ်း ဖမ်းဆီးလာခဲ့သဖြင့် ၁၉၇၀ ကျော် နှစ်များ အတွင်း အဖွဲ့ကို အပြီးအပိုင် ဖျက်သိမ်းပစ်ခဲ့ရသည်။