သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(143)

by Hla Soewai - Jun 02 2023

အမေရိကန် လူငယ်များ၏ ယဉ်ကျေးမှု တန်ပြန် တော်လှန်ရေး (၃)

 

မက္ကဆီကို အိုလံပစ် ပွဲတော်အတွင်း ဖြစ်ပွားခဲ့သော ကန့်ကွက် ဆန္ဒပြပွဲ မတိုင်မီ တလ အလိုတွင် အမေရိကန် နိုင်ငံ အတ္တလန်တာ မြို့ကြီးတွင် အမေရိကား မယ် ပြိုင်ပွဲကြီး ကျင်းပခဲ့ရာ တွင် အသက် ဆယ့်ကိုးနှစ် အရွယ်ရှိ အလှမယ် တဦး မှ သရဖူ ကို ရရှိသွားခဲ့သည်။

 

သူမ စင်ပေါ်တွင် တကိုယ်တော် အလှပြ လမ်းလျှောက်ပြစဉ် အမျိုးသမီး ၁၀၀ ခန့်က "အမျိုးသမီးထု လွတ်မြောက်ရေး" ကြွေးကြော်သံများ ဖြင့် ဆန္ဒပြခဲ့ကြပြီး ဘရာစီယာများ၊ ခါးစည်းကြိုးများ၊ မျက်တောင်တုများ၊ ဒေါက်မြင့်ဖိနပ်များ၊ ပန်းကန်ဆေး ဆပ်ပြာတုံးများ နှင့် ပလေးဘွိုင် မဂ္ဂဇင်း စာအုပ်များကို "လွတ်မြောက်ခွင့်ရ အမှိုက်ပုံး" ဆိုသော အမှိုက်တောင်းများထဲသို့ ပစ်ထဲ့ခဲ့ကြသည်။ 

 

ထိုအမျိုးသမီးများသည် အမျိုးသမီး ထု လွတ်လပ်ခွင့် လှုပ်ရှားမှု ကြီး သို့မဟုတ် ဒုတိယ လှိုင်း အမျိုးသမီး တန်းတူ ညီမျှ ဝါဒ တွင် ‌ဗွေဆော်ဦး ပါဝင်လာကြသူများ ဖြစ်သည်။ သူတို့အားလုံးသည် မိမိတို့ အတွေ့အကြုံများ ပေါ် မူတည်၍ အမျိုးသမီးများအား လိင်ဆက်ဆံရေး ပါတနာ အဖြစ် သာ သဘောထား နေမှု ကို တိုက်ခိုက်လာခဲ့ကြခြင်း ဖြစ်သည်။

 

ထိုလှုပ်ရှားမှုကြီးသည် ၁၉၆၃ ခုနှစ်အတွင်း ဘက်တီ ဖရေးဒန် ရေးသား ထုတ်ဝေခဲ့သော "The Feminine Mystique" (ဣတ္ထိ လင် တို့၏ တန်ခိုး စွမ်းပကား) စာအုပ်မှ မြစ်ဖျားခံလာခဲ့ခြင်း ဖြစ်သည်။ ထိုစာအုပ်ထဲတွင် လူ့အဖွဲ့အစည်းသည် အမျိုးသမီးများသည် အိမ်ထောင်ရှင် မိခင်များ သာ ဖြစ်သင့်သည်ဟူသော မက်ဆေ့ခ်ျကို တွင်တွင်ကြီး ရိုက်သွင်းနေခြင်းကို ခုခံ ချေပ ပြောဆိုထားခဲ့သည်။

 

ထိုသို့သော ဘဝမျိုးဖြင့် နေသွားရမည့် အရေးကို အချို့သော အမျိုးသမီးများက ကျေနပ် ပျော်ရွှင်နေကြခြင်း မရှိ၊ သူတို့အားလည်း သူတို့၏ ကိုယ်စွမ်းကိုယ်စဖြင့် နှစ်ခြိုက်စွဲလမ်း သည့် အရာများကိုလည်း ရှာဖွေ လိုက်စားရန် မြေတောင်မြှောက်ပေးခြင်းမျိုးလည်း မရှိဟု စာရေးသူက ဆိုသည်။

 

ဒုတိယ ကမ္ဘာစစ် အပြီး စီးပွားရေး တိုးတက်လာမှု နှင့် အတူ လူသုံးကုန် ပစ္စည်းများ အလျံပယ် ဝယ်နိုင်ခြမ်းနိုင် ဖြစ်လာနေချိန်တွင် အမေရိကန် အမျိုးသမီးထု အား အိမ်ရှင်မ ဘဝ ဖြင့် တင်းတိမ်သင့်ကြောင်းကို ကြော်ငြာများ ထည့်သွင်း၍ ပစ်မှတ်ထား ဝါဒဖြန့်လာကြသည်။ အမျိုးသမီး အများစုသည် သူတို့ကိုယ် သူတို့ ကြော်ငြာများတွင် ပါရှိသည့် စံပြအမျိုးသမီးများကဲ့သို့ သဘောမထားနိုင် ခဲ့ကြပေ။

 

ထိုသို့ မိမိတို့အား ပုံစံခွက်ထဲတွင် စီးမျောရန် သာ မျှော်လင့်နေကြသော လူ့အစည်းအရုံးကြီး မှ ရုန်းထွက်နိုင်ရေး ကို တောင့်တလာကြသည်။

 

ဆယ်ကိုးရာစု နှစ် အတွင်းတွင်လည်း ထိုကဲ့သို့ပင် ကျွန်စနစ် ဖျက်သိမ်းရေး လှုပ်ရှားမှု မှ မြစ်ဖျားခံကာ အမျိုးသမီးများ မဲပေးခွင့်ရရေး အတွက် တော်လှန်မှုကြီး ဖြစ်ပွားလာခဲ့သည်။ ၁၉၅၀ နှင့် ၆၀ ကျော် နှစ်များတွင် လူမည်း တို့အတွက် လွတ်လပ်ခွင့်၊ တန်းတူ ညီမျှခွင့်များ တောင်းဆိုသော လှုပ်ရှားမှု ကြီး ပေါ်ထွက်လာခဲ့သည်။ ထိုလှုပ်ရှားမှု ကြီး နှင့် အတူ အမျိုးသမီး များ၏ ဒုတိယ အကြိမ်မြောက် ရုန်းကန် တွန်းထိုးမှု ကြီး ထွက်ပေါ်လာရခြင်းလည်း ဖြစ်သည်။

 

ဣတ္ထိ လင် တို့၏ တန်ခိုး စွမ်းပကား စာအုပ်သည် တောမီးပမာ ပျံ့နှံ့သွားပြီး ရောင်းမလောက် အောင် ဖြစ်သွားခဲ့သည်။ ပညာတတ် လူလတ်တန်းစား လူဖြူ အမျိုးသမီးများသည် ထိုစာအုပ်ကို အငမ်းမရ ဖတ်ရှုခဲ့ကြသည်။ ထိုစာအုပ်သည် သူတို့ ရင်ထဲက ဆန္ဒများ နှင့် မြိုသိပ်ထားသော ဒေါသများကို အ‌ရောင်တင်ပေးလိုက်သလို ဖြစ်သွားခဲ့ရသည်။ ထိုအချိန်က အလုပ် လုပ်ကိုင်နေကြသော အမျိုးသမီးများသည် အလုပ် အတူတူ ကိုပင် အမျိုးသားများ ကဲ့သို့ လုပ်ခမျိုး မရရှိခဲ့ကြပေ။ ၁၉၆၄ ခုနှစ်တွင် ထွက်ပေါ်လာခဲ့သော အရပ်ဖက် လူ့အခွင့်အရေး အက်ဥပဒေ တွင် လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခြင်းကို ပိတ်ပင်ထားခဲ့သော်လည်း အမျိုးသမီးများ၏ လုပ်ခနှုန်းသည် အပြောင်းအလဲ မရှိ ယခင်အတိုင်း ဆက်ရှိနေသည်။

 

လုပ်ငန်းခွင် သို့ ဝင်ရောက်ရန် ကြိုးစားလာသော အမျိုးသမီး အင်အား သည် တနေ့တခြား များပြားလာနေသည်။ သို့သော် အချို့ အလုပ်များကိုသာ အမျိုးသမီးများ အတွက် သင့်လျော်သည်ဟု သတ်မှတ်ထားသည်။ ၁၉၆၈ ခုနှစ် အထိ သတင်းစာများ တွင် ပါသော အလုပ်ခေါ် ကြော်ငြာများတွင် အမျိုးသား များ အတွက်သာ ဟု ပါရှိနေခဲ့သည်။ နောက်ပိုင်းတွင် ဖက်ဒရယ် အစိုးရ၏ တန်းတူညီမျှ အလုပ်အကိုင် အခွင့်အလန်း ရရှိရေး ကော်မရှင်သည် ထိုကဲ့သို့ လိင်ခွဲခြား ထားသည့် ကြော်ငြာများအား တရားမဝင်ဟု သတ်မှတ်ပြီးနောက်တွင်မှ ပ ပျောက်သွားခဲ့သည်။

 

ထိုအရေးကို နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ အသင်း National Organization for Women (NOW) ဟု ခေါ်သော အဖွဲ့ မှ အပြင်းအထန် ကန့်ကွက်လာခဲ့ခြင်း ကြောင့်လည်း ဖြစ်သည်။ NOW နှင့် အခြား အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု အဖွဲ့များသည် ၎င်းတို့၏ နစ်နာချက် များကို ဆက်လက်ကန့်ကွက်လာပြီး အမေရိကန် လူ့အဖွဲ့အစည်း၏ ဒီမိုကရေစီ နည်းလမ်း မကျမှု များကို တရားရုံး တွင် ရင်ဆိုင် လာခဲ့ကြသည်။

 

၁၉၆၅ နှင့် ၁၉၇၈ အကြား ဗဟိုတရားရုံးချုပ်မှ အိမ်ထောင်ရှင်များအား ပဋိသန္ဓေ တားခြင်း နှင့် ကလေး ဖျက်ချခြင်း များကို ခွင့်ပြုပေးခဲ့သည်။ ထို့ပြင် အမေရိကန် ပြည်နယ် အားလုံးတွင် အမျိုးသမီးများအား တရားရုံး ၏ ဂျုရီ ခုံသမာဓိ အဖွဲ့ဝင်များ အဖြစ် ခန့်အပ်ခြင်း မပြုမှုကို ပယ်ဖျက်ပစ်ခဲ့သည်။

 

ကွန်ဂရက်ကလည်း အိုးအိမ်နေရာချထားပေးခြင်း နှင့် ကရက်ဒစ် ခေါ်‌ ငွေချေးငှားခြင်း များတွင် အမျိုးသမီးများ အား ခွဲ ခြားဆက်ဆံနေမှု နှင့် လုပ်ငန်းခွင် တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံခြင်း၊ အလုပ်ခန့်ရန် ငြင်းပယ်ခြင်းများကို ဥပဒေ ဖြင့် ပိတ်ပင်ပေးခဲ့သည်။