အမေရိကန် လူငယ်များ၏ ယဉ်ကျေးမှု တန်ပြန် တော်လှန်ရေး
ဂျိုနီ မစ်ချယ်သည် “Woodstock” သီချင်းကို တွင် မျက်ရည်များ ကျမလာအောင် ထိန်းထားနိုင်ခဲ့စွမ်း မရှိပေ။ သူမအား နယူးယောက် ပြည်နယ် အထက်ပိုင်း ဧက ၆၀၀ ခန့် ကျယ်ဝန်းသည့် မက်စ်ယက်စ်ဂါ နို့စား နွားမွေး မြူရေး ခြံဝန်း ကြီး အတွင်း ၁၉၆၉ တေးဂီဝာ ဖျော်ဖြေ ပွဲတွင် သီဆိုရန် စာချုပ် ချုပ်ထားခဲ့ပြီးလည်း ဖြစ်သည်။
ထိုပွဲအား သုံးရက်ကြာ ကျင်းပမည် ဖြစ်ပြီး ငြိမ်းချမ်းရေး နှင့် တေးဂီတ ဖျော်ဖြေပွဲ ဟု ကင်ပွန်းတပ်ထားခဲ့သည်။ ထိုခေတ်က အထင်ရှားဆုံး ဂီတဝိုင်းများ ဖြစ်သည့် Jimmy Hendrix, Carlos Santana, The Who အဖွဲ့များလည်း ပါဝင်ကြမည် ဖြစ်သည်။ တေးဂီတ ပွဲ စီစဉ်သူများက လက်မှတ် အစောင်ရေ မည်မျှ အထိ ထုတ်ရောင်းရမည်ကို မဆုံးဖြတ် နိုင်အောင် ဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် လူ ငါးသိန်း ခန့် ရောက်ရှိလာခဲ့ကြသည်။
ထိုမျှ အဆမတန် များပြားသော လူအုပ်ကြီးအား လက်မှတ် သိမ်းသူများ မည်သို့မျှ မနိုင် နိုင်အောင် ဖြစ်လာ၍ နောက်ဆုံး တွင် ရုံ ကို ဖွင့်ပေးလိုက်ရပြီး လူတိုင်းအား ဝင်ခွင့်ပေးခဲ့ရသည်။ ဂျိုနီ မစ်ချယ်သည် ထိုပွဲတော်ကြီး အပြီး နောက်တနေ့တွင် ရုပ်သံ ဖျော်ဖြေပွဲ တခု ဖြစ်သော “The Dick Cavett Show” တွင် ပါဝင်ရန် ရှိနေ၍ သူမ၏ အေးဂျင့် ဖြစ်သူ ဒေးဗစ် ဂီဖင်သည် အချိန်မီ ပြန်ရောက်မလာနိုင်မည်ကို စိုး၍ မသွားရန် အတန်တန် တောင်းပန်ခဲ့ရှာသည်။
ထို့အတွက် ဂျိုနီသည် အေးဂျင့် အလိုကျ မသွားခဲ့၍ သူမ တသက်တွင် တခါမျှသာ ကြုံရမည့် သမိုင်းဝင် ဂီတ ဖျော်ဖြေပွဲကို အဝေးမှသာ ကြည့်ခွင့်ရခဲ့သည်။ ထိုဂီတ ပွဲသည် မျိုးဆက်သစ် လူငယ်များ၏ မျှော်လင့်ချက်များ အိမ်မက်များ ကို ဖမ်းစားချုပ်ကိုင်နိုင်မည့် ပွဲ ဖြစ်လာမည်မှန်းကိုလည်း ထိုအချိန်က ရိပ်စားမိခဲ့ခြင်း မရှိပေ။
သို့သော်လည်း ထိုဂီတ ပွဲကြီးကို အလေးအမြတ် ထားသည့် အနေဖြင့် “By the time we got to Woodstock/we got half a million strong” ဆိုသည့် စာသားပါ တေးသီချင်းကို ရေးစပ်ခဲ့သည်။ သူမ ၏ သီချင်းစာသားများ တွင် လိပ်ပြာတို့၏ တောင်ပံရိုက်သံများ၊ ငွေကြယ်ပွင့်များ၏ ဂီတသံများ အား တိုက်လေယာဉ် ပျံသံများ၊ မကောင်းဆိုးဝါးများ၏ ရီမောသံများ ရောစပ်ပါဝင်လာခဲ့သည်။ ထို Woodstock သီချင်းသည် ၁၉၆၀ ကျော် မျိုးဆက်များ ၏ မျှော်လင့်ချက်များကို လိုရင်း တိုရှင်း ဖေါ်ပြ ကိုယ်စားပြုလာနိုင်ခဲ့သည်။
လူငယ်များသည် ၎င်းတို့နှင့် မည်သို့မျှ လည်း မပတ်သက်၊ ထောက်လည်း မထောက်ခံနိုင်သော စစ်ပွဲ တွင် အလဟသ သေကြေရမည့် အရေးကို စိုးရိမ်ပူပန်လာမှုများ နှင့် အတူ ပို၍ ငြိမ်းချမ်းပြီး ပို၍ လည်း သဘာဝ ကျသည့် လူ့အဖွဲ့ အစည်း တခု ထွက်ပေါ်လာရန် ရှာဖွေလာကြသည်။ ထိုသို့ ရှာဖွေရာတွင် လက်ရှိ အမေရိကန် ယဉ်ကျေးမှု သည် ရှေ့လျောက် ဖက်တွယ်သွားရန် အကျုံးမဝင်တော့သည့် အဖြစ်ကို သိမြင်လာကြသည်။
လက်ရှိ အများ လက်ခံထားသော ယုံကြည်မှု ဓလေ့ထုံးစံများကို တွန်းလှန် နိုင်မှသာ အမေရိကန် အစိုးရ ဒုတိယ ကမ္ဘာစစ်အပြီး ဖန်တီး ထားသော လက်ရှိ ကမ္ဘာ အခင်းအကျင်း ကို ငြင်းပယ်လာကြပြီး ပူးပေါင်းဆောင်ရွက်မှု၊ ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ ချစ်ကြည်မှု နှင့် နားလည်မှုများ ပါဝင်မည့် ကမ္ဘာစစနစ်သစ်ကြီး တရပ် ထူထောင်နိုင်မည်ဟု ယုံကြည်လာကြသည်။
ထိုသို့ လူငယ်များ၏ တော်လှန်သော အတွေး အခေါ် သစ်များ အပေါ် မိဘများ နှင့် အစိုးရပိုင်းက အထိတ်တလန့် ဖြစ်လာကြသည်က လည်း အံ့အားသင့်စရာ တော့ မဟုတ်ပေ။
လူငယ် အမျိုးသား အမျိုးသမီး များ ခေါင်းလောင်းဘောင်းဘီ အပွများ၊ ဆေးဆိုးပန်းရိုက် တီရှပ်များ၊ ပုတီးများ ဝတ်ဆင်လာကြပြီး၊ မူးယစ်ဆေးဝါး သုံးစွဲမှု နှင့် လိင်ပိုင်းဆိုင်ရာ လွတ်လပ်မှုများကို ပြောင်ပြောင်တင်းတင်း လက်ခံ ကျင့်သုံးလာကြသည်။
တကယ်တမ်း တွင် ထိုသို့သော အပြုအမူ များ နှင့် ဝတ်စားဆင်ယင်မှု များ သည် နက်ရှိုင်းသော အဓိပ္ပါယ်များ ဆောင်ကျဉ်းလျက် ရှိသည်၊ ယင်းသည် မရေတွက် နိုင်သော တော်လှန်ရေး များ ၏ ကြွေးကြော်သံများ ဖြစ်သည့် လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှု နှင့် ငြိမ်းချမ်းမှု များကို ကိုယ်စားပြုနေခြင်းသာ ဖြစ်သည်။
ထိုသို့ ပင်ကိုယ်အားဖြင့် နိုင်ငံရေး သဘောတရားများကို အခြေခံလာပြီး အဆုံးတွင် တော်လှန်ရေး အသွင် ဆောင်လာသည့် မျိုးဆက်သစ်များ၏ အစဉ်အလာကို မှောက်လှန်ပစ်ရန် ကြိုးပမ်းလာမှု များ ကို လေ့လာသွားမည် ဖြစ်သည်။
နှစ်ဆယ်ရာစု နှစ် တဝက်ကျိုးလာပြီးနောက် ပေါ်ထွန်းလာသည့် တော်လှန်ရေးများ ကဲ့သို့ပင် လူငယ်များ၏ ဓလေ့ထုံးတမ်း များကို အခြေခံ ကျကျ ပြောင်းလဲရန် ကြိုးပမ်းလာမှုများသည် ၁၉၅၀ နှင့် ၁၉၆၀ ကျော် နှစ်များ အတွင်း ထွက်ပေါ်လာသည့် လူမည်း များ၏ အရပ်ဖက် အခွင့်အရေးများ ရရှိရေး လှုပ်ရှားမှုများ မှ တဆင့် မြစ်ဖျားခံလာခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းသည် နောက်ပိုင်း မျိုးဆက်များ၏ လွတ်လပ်ခွင့် ရရှိရေး လှုပ်ရှားမှု များ အပေါ် ဩဇာ သက်ရောက်မှု ရှိလာခဲ့သည်။ ထိုလှုပ်ရှားမှု အချို့သည် အကြီးအကျယ် အောင်ပွဲ ခံနိုင်ခဲ့သော်လည်း အချို့ကမူ ရုန်းကန်နေကြရဆဲပင် ဖြစ်သည်။
ထိုလှုပ်ရှားမှု အားလုံးသည် ငြိမ်းချမ်းရေး၊ အမျိုးသမီးများ လွတ်လပ်ခွင့်၊ လိင်စိတ်ပြောင်းလဲသူများ၏ အခွင့်အရေးများ၊ လူမျိုးရေး အရ တရားမျှတစွာ ဆက်ဆံခွင့်၊ စီးပွားရေး အရ တန်းတူညီမျှစွာ ခံစားပိုင်ခွင့်များ ပါဝင်နေ၍ ကမ္ဘာကြီးကို အသွင်ပြောင်း ပေးနိုင်ခဲ့သည်။
သမ္မတ လင်ဒန် ဂျွန်ဆန်မှ ၁၉၆၄ နှင့် ၁၉၆၅ ခုနှစ်များတွင် လူမည်း အခွင့်အရေး ဆိုင်ရာ အက်ဥပဒေ နှင့် မဲပေးပိုင်ခွင့် ဥပဒေများ လက်မှတ်ရေးထိုး အတည်ပြု ပေးလာသည့် အခါတွင်တော့ အနာဂတ်တွင် ထိုထက် ပို၍ မျှမျှတတ ရှိပြီး အားလုံး ပါဝင်နိုင်မည့် လမ်းကြောင်းသည် ပွင့်သွားခဲ့ပြီဟု ယူဆခဲ့ကြသည်၊ သို့သော် မကြာမီကပင် ၎င်းတို့၏ ထင်မြင်ယူဆချက်များ အပေါ် လူမည်း အခွင့်အရေး လှုပ်ရှားသူများက သံသယ ဝင်လာခဲ့ကြသည်။
မာတင် လူသာ ကင်း အစဉ်တစိုက် ဟောပြောလာခဲ့သည့် အကြမ်းမဖက် ဆန့်ကျင်ရေး၊ အာဏာဖီဆန်ရေး ဆိုသည့် ဗျုဟာ ကို မဲလ်ကွန် အိပ်စ် ဆိုသူမှ ပထမဆုံး မေးခွန်းထုတ်လာခဲ့သည်။ ယင်းနှင့် အတူ စစ်သွေးကြွ အကြမ်းဖက် ဝါဒသည် စတင် စိမ့်ဝင်လာခဲ့သည်။ မဲလ်ကွန် အိပ်စ် သည် ၁၉၆၅ ခုနှစ်တွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပြီး သူ့နောက် ပေါ်ထွက်လာသူ စတိုကလီ ကာမိုက်ကယ် Black Power ဟု ဆိုကာ လွန်စွာ စစ်သွေးကြွ သည့် သဘောထား ကို ဖေါ်ထုတ်လာခဲ့သည်။ ၎င်းမှ လူမည်းများအား နိုင်ငံရေး၊ ယဉ်ကျေးမှု နှင့် စီးပွားရေး အခွင့် အာဏာများ မဖြစ်မနေ အပ်နှင်းရမည်ဟု ပြောလာ၍ လူဖြူများ၏ အနေအထား ကို ခြိမ်းချောက်လာခဲ့သည်။