၁၉၆၈ - ကမ္ဘာအနှံ့ တော်လှန်ရေး များ ပေါ်ပေါက်လာခြင်း (နိဂုံးပိုင်း)
နောက် ရက်သတ္တပတ် အနည်းငယ် အကြာတွင် မက္ကဆီကန် ကျောင်းသားများသည် ကျောင်း အဆောက်အဦးများကို သိမ်းပိုက်လိုက်ကြသည်။ အမေရိကန် အရပ်ဖက် လူ့အခွင့်အရေး လှုပ်ရှားမှု များ ကဲ့သို့ပင် အကြမ်းမဖက် ငြိမ်းချမ်းစွာ လှည့်လည် ချီတက် ဆန္ဒပြလာခဲ့ကြသည်။
စက်တင်ဘာ ၁၈ ရက်နေ့တွင်တော့ မက္ကဆီကို စီတီး တွင် ကျင်းပရန် ရှိနေသည့် နွေရာသီ အိုလံပစ် ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် နိုင်ငံတကာ မှ အားကစား အဖွဲ့များ စတင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အစိုးရသည် ကျောင်းသားများ ဆန္ဒပြမှု များ တော်လောက်ပြီဟု ဆုံးဖြတ်ကာ ၎င်းတို့ သိမ်းပိုက်ထားသော အဆောက်အဦးများအား လုံခြုံရေး တပ်ဖွဲ့များက အင်အားသုံးကာ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြသည်။ ဖမ်းဆီးခံရသူ အရည် အတွက်သည် ရာဂဏန်း မှ ထောင်ဂဏန်းထိ ရှိခဲ့သည်။
ကျောင်းသားများက အညံ့မခံသည့်အပြင် ယခင်ကထက် နှစ်ဆတိုး လှုပ်ရှားလာခဲ့သည်။ ပဲရစ် နှင့် ပရပ်ဂ် ရှိ နောင်တော် ကျောင်းသားများကဲ့သို့ပင် မက္ကဆီကန် လူငယ် လူရွယ်များသည် မြို့တော် တဝှမ်းတွင် ကြီးမားလှသည့် ပိုစတာ ကြီးများကို ချိတ်ဆွဲကာ လွတ်လပ်ခွင့် အတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
လမ်းများပေါ်တွင် ကျောင်းသားများ နှင့် အဓိကရုဏ်း နှိမ်နှင်ရေး ရဲများ အကြား ထိတ်တိုက် ရင်ဆိုင် တွေ့လာခဲ့ကြသည်။ ကျောင်းသားများက ကားများ နှင့် ဘတ်စ်ကားများကို ချောဆွဲလိုက်ကြပြီး အတားအဆီးများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ မြို့တော် မက္ကဆီကို စီတီး တခွင်တွင် ရုန်းရင်းဆန်ခတ်မှု များ ဖြစ်ပွားနေချိန်တွင် နိုင်ငံတကာ သတင်းမီဒီယာ အဖွဲ့များ ရောက်ရှိလာနေကြပြီ ဖြစ်သည်။ သမ္မတ ဂူစတာဗို ဒီရတ်ဇ် အော်ဒေ့စ် သည်လည်း နွေရာသီ အိုလံပစ် ပွဲတော်ကြီးအား ဂုဏ်သိက္ခာရှိရှိ ကျင်းပနိုင်ရေး နှင့် ကမ္ဘာအား လည်း မက္ကဆီကိုသည် ခေတ်မှီ ဖွံ့ဖြိုး တိုးတက်နေပြီကို ပြသနိုင်ရန် မြို့တော်ကို အသေးစိတ် မွမ်းမံ ပြင်ဆင် မှု များ ပြုလုပ်နိုင်ရန် စိတ်အားထက်သန်လျက် ရှိနေသည်။
ယခုလို ကျောင်းသား ဆန္ဒပြပွဲများ၊ အဓိကရုဏ်းရဲများ နှင့် ထိတ်တိုက် ရင်ဆိုင်တွေ့နေမှု များ သည် ကမ္ဘာ အား သူ မြင်တွေ့စေလိုသည့် ပုံရိပ်များ နှင့် ဆန့်ကျင်ဖက် ဖြစ်နေသည်။
အောက်တိုဘာ ၂ ရက်နေ့တွင် ကျောင်းသားများ ကော်မတီမှ တာတက်လိုကို ရင်ပြင်ကြီးတွင် လူထု အစည်းအဝေးကြီး ဆင့်ခေါ်လာခဲ့၍ အခြေအနေသည် စိုးရိမ်စရာ ကောင်းသည့် အကျပ်အတည်းကြီးဆီသို့ ဦးတည်လာနေပြီ ဖြစ်သည်။ ထိုညမှာပင် စစ်ရဟတ်ယာဉ်များသည် လူ တသောင်း ခန့် စုဝေး ရောက်ရှိနေသော ရင်ပြင်ကြီး အပေါ် ဝဲပျံ လာကြပြီး လွန်စွာ အားကောင်းသော ဆလိုက်မီးများနှင့် လူအုပ်ကြီးထဲ ချိန်ရွယ် လိုက်ကြသည်။ ထို့နောက်တွင်တော့ သေနတ်သံများ ထွက်ပေါ်လာပြီး တင့်ကားများ ရင်ပြင်ထဲ ဝင်ရောက်လာကြသည်။
ဤသို့ဖြင့် လူအစုလိုက် အပြုံလိုက် သတ်ပွဲကြီး စတင်လာခဲ့ပြီ ဖြစ်သည်။ သေဆုံးသူ အရည်အတွက် နှင့် ပတ်သက်၍ ယခုထိ အငြင်းပွားနေဆဲ ဖြစ်သော်လည်း ဒါဇင်ပေါင်းများစွာ မှ ရာပေါင်းများစွာ အထိ ရှိနေသည်ဟု ခန့်မှန်းခဲ့ကြသည်။ အမြောက်အမြား ဒဏ်ရာရရှိသွားခဲ့သည်။
ထိုသို့ သတ်ဖြတ်ခဲ့မှု ကြီးအား နိုင်ငံတကာမှ ဒေါသတကြီး ကန့်ကွက်ခဲ့ကြသော်လည်း နောက်ထပ် ဆယ်နှစ်ရက် အကြာတွင် စတင်ခဲ့သည့် ၁၉ ကြိမ်မြောက် အိုလံပစ် အားကစား ပွဲတော်ကိုတော့ မည်သည့် နိုင်ငံကမျှ ကန့်ကွက် သပိတ်မှောက်ခဲ့ကြခြင်း မရှိပေ။
ကိုလံဘီယာ တက္ကသိုလ် ကျောင်းတိုက်ကြီးတွင် ကန့်ကွက် ဆန္ဒပြပွဲများ နောက်တွင် ဗီယက်နမ်စစ်ကြီးသည် ဆက်လက် ဖြစ်ပွားနေဆဲပင် ဖြစ်သည်။ လူမျိုးရေး ခွဲခြား ဖိနှိပ်မှုများ နှင့် မတရားမှု များ လည်း ကျုးလွန်နေကြဆဲပင် ဖြစ်သည်။ ပဲရစ် တက္ကသိုလ် ကျောင်းသားများသည်လည်း သူတို့ ကြိုးစားပမ်းစား တောင်းဆိုခဲ့ကြသည့် ပြုပြင်ပြောင်းလဲမှု များကို မတွေ့ခဲ့ကြရ၊ ချက်ကိုစလို ဗက်ကီယား သည်လည်း နိုင်ငံရေးအရ ဖိနှိပ် အုပ်ချုပ်ခံရသည့် နိုင်ငံဘဝ ပြန်လည် ကျရောက်သွားခဲ့ရသည်။
မက္ကဆီကန် ကျောင်းသား အများအပြားသည် အကျဉ်းထောင်များထဲ ရောက်ရှိကုန်ကြသည်၊ သို့သော် ၁၉၆၈ တော်လှန်ရေး စိတ်ဓါတ်သည် ပျောက်ပျက်သွားခဲ့ခြင်း မရှိပဲ အားလုံးရင်ထဲတွင် စွဲမြဲစွာ ကျန်ရစ်ခဲ့သည်။
ချက်ကိုစလို ဗက်ကီယား ခေါင်းဆောင် အလက်ဇန္ဒား ဒူးဆက် က "ကျွန်တော်တို့၏ အကြမ်းမဖက် လှုပ်ရှားခဲ့မှုသည် ရေရှည်တွင် ဆိုဗီယက် ပြည်ထောင်စု နှင့် အရှေ့အုပ်စု ပြိုကွဲသွားအောင် အထောက်အကူ ပေးနိုင်ခဲ့သည်၊ ရူပဗေဒ သဘောအရ စွမ်းအင်သည် မည်သို့မျှ ပျောက်ပျက်အောင် ချေဖျက်၍ မရနိုင်၊ အခြေအနေ တခုမှ တခုသို့ ပြောင်းလဲသွားခြင်းမျိုးသာ ဟု ဆိုသည့် အတိုင်း ကျွန်တော်တို့၏ ၁၉၆၈ တော်လှန်ရေး စွမ်းအင်သည်လည်း ထိုအတိုင်းပင် ဖြစ်ခဲ့သည်" ဟု ပြောခဲ့သည်။
( အမေရိကန် လူငယ်များ၏ တန်ပြန် ယဉ်ကျေးမှု တော်လှန်ရေး ကို ဆက်လက် တင်ပြသွားပါမည်