သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(137)

by Hla Soewai - Apr 26 2023

၁၉၆၈ - ကမ္ဘာအနှံ့ တော်လှန်ရေး များ ပေါ်ပေါက်လာခြင်း (၅)

 

ချက်ကိုစလိူ ဗက်ကီယားသည် ဆိုဗီယက် အုပ်စု တွင် သင်းကွဲ နိင်ငံလို ဖြစ်နေပြီး ၁၉၆၈ တွင် ပို၍ သိသာ ထင်ရှားလာခဲ့သည်။ ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီလက်အောက်တွင် ဆိုးရွားသော အခြေအနေများနှင့် တွေ့ကြုံလာခဲ့ရ၍ ချက်ကိုစလို ဗက်ကီယား ပညာတတ်များသည် ကွန်မြူနစ် ဝါဒကို လိုလိုလားလား ပွေ့ဖက်ခဲ့ကြသည်။

 

ဂျိုးစက် စတာလင်သည် ချက်ကိုစလိုဗက်ကီယား ညွှန်ပေါင်း အစိုးရ အဖွဲ့အတွင်း ကွန်မြူနစ် မဟုတ်သူများ အရေးပါသည့် နေရာများ ရယူထားသည့် အဖြစ်ကို ၁၉၄၈ ခုနှစ် အထိ သည်းငြည်းခံပေးခဲ့သည်။ ၁၉၄၈ ဖေဖေါ်ဝါရီ လ တွင်တော့ စတာလင် တူတံဇင် ကြီး ၏ ပြင်းပြသော ရိုက်ချက်ကြောင့် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး တပါတီ နိုင်ငံအဖြစ် ဆိုဗီယက် အုပ်စု တွင်းသို့ အပြီးအပိုင် သွတ်သွင်းလိုက်တော့သည်။

 

၁၉၅၃ တွင် အန်‌တိုနင် နိုဗော့နီသည် ချက်ကိုစလို

ဗက်ကီယား ကွန်မြူနစ် ပါတီ၏ အထွေထွေ အတွင်းရေး မှုးချုပ် ဖြစ်လာခဲ့သည်။ သူသည် နောက်ပိုင်း ၁၅ နှစ်အထိ ဆိုဗီယက် မူဝါဒ များကို ဦးဆွေးဆံမြေ့ ထမ်းရွက်ပေးလာခဲ့သည်။

 

သို့သော် ၁၉၆၀ ကျော် နှစ်များ အတွင်းတွင် ချက်ကိုစလိုဗက်ကီးယားသည် ပြည်တွင်း စိန်ခေါ်မှု များ နှင့် ရင်ဆိုင်လာရသည်။ စလိုဗက် လူထုသည် ချက် များ လွှမ်းမိုးလာနေသည့် အဖြစ်နှင့် တခါက အားကောင်းမောင်းသန် နှင့် လည်ပတ်နေခဲ့သော စီးပွားရေး အင်ဂျင်စက်ကြီး ဖွတ်ချက် ဖွတ်ချက် ဖြစ်လာနေမှူ များကို မြည်တွန် တောက်တီးလာကြသည်။

 

ချက်ကိုစလိုဗက်ကီယား ကွန်မြူနစ် ပါတီ အတွင်း တွင်လည်း တင်းမာမှု များ ဖြစ်ပေါ်လာခဲ့သည်။ အချို့ပါတီဝင်များက ပြောင်းလဲလိုက်လာနေသော ကမ္ဘာ အခြေအနေများ နှင့် လိုက်လျော ညီထွေ ရှိမည့် ဆိုရှယ်လစ်ဝါဒ မျိုး ကျင့်သုံးလိုကြပြီး အချို့ကမူ စတာလင် ဝါဒကိုသာ လှေနံဓါးထစ် ဆက်လက် ကျင့်သုံးလိုကြသည်။

 

၁၉၆၈ ခုနှစ် နှစ်အစပိုင်းတွင် ပါတီသည် ထို အုပ်စု နှစ်စု ကို သီးခြားခွဲထုတ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။ သဘောထားရေး တွင် တင်းမာသော နိုဗော့နီ သည် အစိုးရ အကြီးအကဲ အဖြစ် ဆက်ရှိနေပြီး ပို၍ လစ်ဘရယ် ဆန်သည့် စလိုဗက် ကွန်မြူနစ် ပါတီ အကြီးအကဲ အဲလက်ဇန်ဒါး ဒူးဆက် အား နိုင်ငံ၏ ထိတ်တန်း ရာထူး ဖြစ်သော ချက်ကိုစလိုဗက်ကီယား ကွန်မြူနစ် ပါတီ အ‌ထွေထွေ အတွင်းရေးမှုး အဖြစ် တိုးမြှင့် ခန့်အပ်ခဲ့ကြသည်။ ဒူးဆက်သည် တဖြေးဖြေး နှင့် ပြုပြင်ပြောင်းလဲမှု များ ကို စတင် သွတ်သွင်းလာခဲ့သည်။

 

ဥပမာ အားဖြင့် ချက်ကိုစလိုဗက်ကီယား သည် သတင်း စာနယ်ဇင်းများ ဆင်ဆာလုပ်မှု ကို ပယ်ဖျက်ပေးခဲ့သည့် အချိန်တွင် ပိုလန် တွင် ကွန်မြုနစ် ပါတီသည် ယဉ်ကျေးမှု နယ်ပယ်တွင် လွတ်လပ်စွာ နေခွင့်ရရေး တောင်းဆိုလာကြသော ပိုလန် ကျောင်းသားထု ကြီး အား ရက်ရက်စက်စက် ဖြိုခွင်းပစ်ရန် လုံခြုံရေး တပ်ဖွဲ့များကို ညွှန်ကြား‌ နေသည်။

 

၁၉၆၈ နွေဦး အရောက်တွင်တော့ ချက်ကိုစလိုဗက်ကီယားတွင် စာအုပ်များ၊ စာနယ်ဇင်းများ၊ ပြဇာတ်များ၊ ကဗျာများသည် အလျိုလျို ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးကို ပြီးခဲ့သည့် လအနည်းငယ် အတွင်း အိမ်မက်ပင် မမက်ဝန့်ခဲ့ကြပေ။

 

ပြဇာတ်ရုံများ တွင်လည်း ကြိတ်ကြိတ်တိုးနေသော လူအုပ်ကြီးကို တွေ့လာခဲ့ရသည်။ ပရပ်ခ် မြို့တော်နှင့် စလိုဗက်ရှိ ဘာတစ်စလာဗာ မြို့ လမ်းများ ပေါ်တွင် စကားတပြောပြော နှင့် စိတ်လက်ပေါ့ပါးစွာ သွားလာနေသော လူများ နှင့် အမြဲလို ပြည့်နှက်လာနေသည်။

 

ဒူးဆက်၏ ပြုပြင် ပြောင်းလဲမှုများသည် မရည်ရွယ်ပဲနှင့် သူအလိုလို ဖြစ်ဖို့ အကြောင်း ဖန်လာခဲ့ပြီ ဖြစ်သည်။ မတ်လ တွင် နိုဗော့နီသည် သမ္မတ အဖြစ်မှ မဖြစ်မနေ နှုတ်ထွက်ပေးခဲ့ရသည်။ နောက်လထဲတွင် ပါတီဗဟိုကော်မတီသည် ပြုပြင် ပြောင်းလဲမှု များ အား စနစ်တကျ ဆောင်ရွက်နိုင်ရန် Action Program ဟု ခေါ်သောအစီအစဉ်များ ထုတ်ပြန်လာခဲ့သည်။

 

ထိုအစီအစဉ်များထဲတွင် ဆိုဗီယက် မဟာမိတ်များ နှင့် အတူ ဝါဆော စာချုပ် ပါ ကတိကဝတ်များကို လိုက်နာသွားမည်ဟု ထပ်လောင်း အာမခံထားပြီး တချိန်တည်း မှာပင် "လူသားမျက်နှာ ဆိုရှယ်လစ်ဝါဒ" ကို အကောင်အထည် ဖေါ်သွားမည်ဟု ပါရှိလာခဲ့သည်။

 

ထိုစီမံချက်တွင် လွတ်လပ်စွာ စုဝေးခွင့်၊ ကွန်မြူနစ် မဟုတ်သော အဖွဲ့အစည်းများ ဖွဲ့စည်းခွင့် များကို အာမခံ ခဲ့သည်။

 

"ဆိုရှယ်လစ် ဝါဒသည် လူတန်းစား ခေါင်းပုံဖြတ် ဗိုလ်ကျမှု မှ အလုပ်သမား လူတန်းစား အား လွတ်မြောက်စေယုံမျှ မကပဲ ဘူဇွာ ဒီမိုကရေစီ လက်အောက်တွင် လူတဦးချင်းစီ ရရှိခံစားနေမှု များထက် ပို၍ သာလွန်စေမည့် အခြေအနေများ ဖန်တီးပေးရန် အတွက်လည်း ဖြစ်ရမည်" ဟု ‌ဖေါ်ပြလာခဲ့သည်။

 

အစိုးရ မှ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ စုရုံးခွင့်များ ရှိရမည်ဟု မီးစိမ်း ပြလာခဲ့ပြီ ဖြစ်၍ ချက်ကိုစလိုဗက်ကီယား တွင် ပရပ်ခ် နွေဦး ဟု အမည်ပေးထားသည့် ခေတ်တခေတ် ပေါ်ထွက်လာခဲ့ပေတော့သည်။ 

 

ကျောင်းသားများသည် လည်း အုပ်စုများ ဖွဲ့၍ ပရပ်ခ် မြို့ဟောင်းပိုင်း ရင်ပြင်ကြီးတွင် ရှိသော ဂျန်ဟုစ် အထိမ်းအမှတ် ကျောက်တိုင်ကြီးတွင် စုရုံးရောက်ရှိလာကြပြီး ဂစ်တာများ တီးကာ သီချင်းများ သံပြိုင် သီဆိုလာနိုင်ကြပြီ ဖြစ်သည်။ ဂျင်းဘောင်ဘီ နှင့် ဆံရှည် ကျောင်းသားများသည် ကဗျာများ ရွတ်ဖတ် နိုင်ကြယုံမျှမက မိမိတို့ စိတ်ထဲ ရှိသမျှ ကို နယူးယောက်၊ ဘာကလီ နှင့် ပဲရစ် ရှိ ကျောင်းသားများ နည်းတူ ထုတ်ဖေါ်ပြောဆိုနိုင်ခဲ့ကြပြီ ဖြစ်သည်။

 

ဤသို့ဖြင့် မျှော်လင့်ချက် အလင်းရောင်တန်းသည် ထိုနှစ် နွေဦး နှင့် နွေရာသီကာလ များ အတွင်း ဆိုဗီယက် သံကွန်ခြာကြီး အတွင်းသို့ မကြုံဖူးလောက်အောင် ထိုးဖေါက် ဝင်ရောက်လာနိုင်ခဲ့ပြီ ဖြစ်သည်။