၁၉၆၈ - ကမ္ဘာအနှံ့ တော်လှန်ရေး များ ပေါ်ပေါက်လာခြင်း (၄)
ထိုသို့ ဖြစ်ပျက် နေစဉ် အတွင်း ပဲရစ် တွင်လည်း ဗီယက်နမ် စစ် နှင့် ပတ်သက်၍ ပဏမ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်လျက် ရှိသည်။ သို့သော် ဆွေးနွေးပွဲ သည် တိုးတက်မှု များ ရှိမလာသဖြင့် ကမ္ဘာ မီဒီယာများသည်လည်း ကျောင်းသား ဆန္ဒပြပွဲများ သို့ အာရုံစိုက်လာခဲ့ကြပြန်သည်။
Ecole des Beaux Arts ကျောင်းတွင် ဆရာများ နှင့် ကျောင်းသားများ ပေါင်းပြီး တော်လှန်ရေး သဘောတရားများကို ဖေါ်ကျုးထားသည့် ပိုစတာ ရာပေါင်းများစွာ ကို စိုက်ထူခဲ့ကြသည်။ ၎င်းတို့သည် သပိတ်သမားများ၊ တော်လှန်ရေး၊ တန်းတူညီမျှမှူ ရှိရေး၊ သွေးစည်း ညီညွတ်ရေး တို့ကို သရုပ်ဖေါ် တင်ပြခဲ့ကြခြင်း ဖြစ်သည်။
ပိုစတာ တခုတွင် ပြုံးရွှင်နေသော ကျောင်းသား ခေါင်းဆောင် ဒန်နီရယ် ခွန်း ဘင်ဒင်၏ ပုံ ကို ရေးဆွဲထားပြီး အောက်တွင် "ကျွနူပ်တို့ အားလုံးသည် မလိုလားအပ်သူများ ဖြစ်သည်" ဟု စာတမ်း ရေးထိုးထားသည်၊ ဤသည်က ပြင်သစ် အစိုးရ မှ ၎င်းအား အနောက် ဂျာမဏီ သို့ ပြည် နှင်ဒဏ် ပေးရန် ဆုံးဖြတ်ခဲ့မှုအား ရည်ညွှန်းခဲ့ခြင်း ဖြစ်သည်။ ခွန်း ဘင်ဒစ်သည် ပြင်သစ်-အနောက်ဂျာမဏီ နိုင်ငံသား အဖြစ် ပူးတွဲ ခံယူထားသူ ဖြစ်သည်။
ပြင်သစ် နိုင်ငံသား တို့၏ ဒေါသ သည် ယခင်က လက်တင် ကွာတား အရပ်သို့ စုပြုံခဲ့ရာမှ အပြင်သို့ လျှံထွက်လာခဲ့ပြီ ဖြစ်သည်။ အလုပ်သမား သမဂ္ဂ ပေါင်းများစွာ မှ အထွေထွေ သပိတ်တိုက်ပွဲကြီး ဆင်နွှဲရန် တောင်းဆိုလာကြသည်။
မေလ ၂၀ ရက်နေ့တွင် ဆယ်သန်း ခန့် ရှိသော ပြင်သစ် အလုပ်သမားများ၏ သပိတ်တိုက်ပွဲကြီး စတင်လာခဲ့သည်။ ဤသည်က ပြင်သစ် သမိုင်း တလျောက်တွင် အကြီးကျယ်ဆုံး နှင့် အင်အား အများဆုံး ပါဝင်သည့် သပိတ်ကြီး ဖြစ်လာခဲ့သည်။ (ပုံတွင် ရှု)
ကျောင်းသားများ နှင့် အလုပ်သမား များ ပေါင်းစည်း နိုင်ခဲ့မှု ကြောင့် ပြင်သစ် စီးပွားရေး မျက်ဖြူ ဆိုက်လာခဲ့သည် နှင့် အမျှ ပြင်သစ် သမ္မတ ဒီဂေါ ၏ ရာဇပလ္လင်ပါ လှုပ်လာခဲ့ပြီ ဖြစ်သည်။
ဒီဂေါလ် သည် ကျောင်းသား- အလုပ်သမား သွေးစည်းနေမှု ကို ဖြိုခွဲရန် လှုပ်ရှားလာခဲ့သည်။ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များအား သီးခြား ခေါ်ယူ ဆွေးနွေးပြီး လုပ်ခလစာများ တိုးမြှင့်ပေးရန်၊ ပင်စင်ယူရမည့် နှစ်ကို လျှော့ချပေးရန် နှင့် တပတ်လျှင် နာရီ ၄၀ ပုံမှန် အလုပ်ချိန် သတ်မှတ်ပေးရန်တို့ကို သဘောတူလိုက်သည်။
ထိုသို့ သဘောတူညီချက် အခိုင်အမာ ရရှိသွားပြီ ဖြစ်သည့် အတွက် မေလ ၃၀ ရက်နေ့တွင် မိမိတို့ အစိုးရ မှ လိုက်လျောသင့်သည်များ လိုက်လျော ပေးခဲ့ပြီ ဖြစ်၍ ယခု အချိန်မှစ၍ အများပြည်သူ လုံခြုံမှု ရှိရေး အတွက် လိုအပ်လျှင် အင်အား အသုံးပြုတော့မည်ဟု ဒီဂေါလ်က ကျေညာလိုက်သည်။
နောက်တနေ့မှာပင် လမ်းများပေါ်တွင် လူများ ဖွေးဖွေး လှုပ် ဖြစ်လာခဲ့သည်။ ဒီတကြိမ်တွင်တော့ အစိုးရ အား ထောက်ခံ မှု ပေးရန် ထွက်လာကြခြင်း ဖြစ်သည်။ ဤသို့ဖြင့် သပိတ်ကြီး အဆုံးသတ်သွားပြီး အလုပ်သမားများ လုပ်ငန်းခွင် ပြန်ဝင်ခဲ့ကြသည်။
အမေရိကန် နှင့် ပြင်သစ် ကျောင်းသားများသည် လက်ရှိ အနေအထား အတိုင်း ဆက်သွားမည် ဆိုက မိမိ နိုင်ငံတွင် ကျင့်သုံးနေသော ဒီမိုကရေစီ စနစ်သည် ဟန်ပြမျှသာ ရှိတော့မည့် အဖြစ် နှင့် နိုင်ငံသား များ အတွက် ထမ်းဆောင်ရမည့် တာဝန်များကို ပျက်ကွက် နေကြသည့် အဖြစ်ကို ဆန့်ကျင် တော်လှန်လာကြခြင်းလည်း ဖြစ်သည်။
ဒေသအာဏာပိုင်များနှင့် အစိုးရ၏ အဓိကရုဏ်း နှိမ်နှင်ရေး တပ်ဖွဲ့များသည် နိုင်ငံသားများ၏ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုရုံး ခွင့်များကို အာဏာရှင် ပုံစံမျိုး နှင့် ဖိနှိပ်ကာ တိုက်ခိုက်လာခဲ့ကြသည်။ ထိုအဖြစ်ကို အားလုံး လက်ချင်းယှက်ကာ ကျယ်လောင်စွာ ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းလည်း ဖြစ်ပေသည်။
အမေရိကန် နှင့် ပြင်သစ် တက္ကသိုလ် ကျောင်းသားများ ထိုသို့ တာဝန်သိသိ နှင့် ကန့်ကွက် ဆန္ဒပြလာခဲ့ကြခြင်းသည် အံ့ဩစရာ တော့ မဟုတ်ပေ။ သို့သော် ၁၉၆၈ တော်လှန်ရေး ဒီရေ လှိုင်းကြီးသည် ဒုတိယ ကမ္ဘာစစ် ပြီးကတည်းက ဆိုဗီယက် ယူနီယံ၏ အထပ်ထပ် ရစ်ပတ် အုပ်နှောင်ထားသော သံကွန်ခြာ ကြီးထဲသို့ ထိုးဖောက် ရိုက်ပုတ်လာသည့် အဖြစ်ကသာ အံ့အားသင့်စရာ ဖြစ်လာခဲ့ရသည်။