သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(134)

by Hla Soewai - Apr 22 2023

၁၉၆၈ - ကမ္ဘာအနှံ့ တော်လှန်ရေး များ ပေါ်ပေါက်လာခဲ့ခြင်း (၂)

 

ဒုတိယ ကမ္ဘာစစ်ကြီး အပြီးတွင် အာရှ-အာဖရိက တခွင် အမျိုးသားရေး လှုပ်ရှားမှု ကြီး များ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ အား ကျွန်ပြုထားခဲ့သော ဥရောပ နိုင်ငံ အသီးသီး ထံမှ လွတ်လပ်ရေး အရယူရန် စိတ်ပိုင်းဖြတ်လာခဲ့ကြသည်။ စစ်ဒဏ်ကြောင့် မွဲပြာကျခဲ့ရသော ဥရောပ နိုင်ငံ ကြီးများသည်လည်း ကိုလိုနီများ လက်လွှတ်ရေး ကို စတင် စဉ်းစားလာကြချိန်လည်း ဖြစ်သည်။ ထို အရေး တွင် ကျွန်ပြုခံထားရသူ များ သာမက ကျွန်ပြုထားသော နိုင်ငံများရှိ လူငယ်လူရွယ် များ လည်း ထိုသို့သော မတရားမှု များကို သိရှိသဘောပေါက်လာကြပြီး ထိုသို့ သော စနစ်ကြီးကို မှောက်လှန်ပစ်ရန် စိတ်ကူးလာကြသည်။

 

ဗီယက်နမ် အပြင် ပြင်သစ်တို့၏ ကိုလိုနီ ပြုထားမှု ကို ဆန့်ကျင်တွန်းလှန် ခဲ့ကြသည့် အယ်ဂျီရီယား လွတ်လပ်ရေး စစ်ပွဲကြီးသည် ၁၉၆၂ ခုနှစ် တွင် ဆုံးခန်းတိုင်သွားခဲ့သည်။ သို့သော် အယ်ဂျီရီယား နိုင်ငံသား ထောင်သောင်းချီ၍ အသက်သွေးချွေးများ ဖြင့် ပေးဆပ်ခဲ့ရသည်။ 

 

ထိုသို့သော အဖြစ်ဆိုးများကို မျက်ဝါးထင်ထင် တွေ့မြင်လာခဲ့ကြသော အမေရိကန် လူငယ် လူရွယ် အများအပြားသည် အနောက်နိုင်ငံများ၏ ကြောင်သူတော် လုပ်ရပ်များကို နာနာကျည်းကျည်း သဘောပေါက် သွားခဲ့ကြသည်။

 

နိုင်ငံတကာ တွင် မိမိတို့ ကြမ္မာ မိမိတို့ ဖန်တီးခွင့်ရရန် လှုပ်ရှားရုန်းကန်နေရမှု များ ကို စာနာ နားလည်လာချိန်တွင် ၁၉၆၂ တွင် ဖြစ်ပွားလာခဲ့သော ကျုးဘား ဒုံးပျံ အရေး အခင်းကြောင့် နျူကလီယား လက်နက်များ၏ အန္တရာယ် ဆိုးကြီးသည် မိမိတို့ ဘဝများအား လုံခြုံမှု မပေးနိုင်တော့သည့် အဖြစ်ကို အထိတ်တလန့် သိရှိခဲ့ကြပြန်သည်။ ထိုသို့ စိုးရိမ်ထိတ်လန့် လာမှုများသည် တက္ကသိုလ် ကျောင်း ပရဝုဏ် များ ထိ ကူးစက်လာခဲ့သည်။

 

ဤသို့ဖြင့် ဘာကလီ ရှိ ကယ်လီဖိုနီယား တက္ကသိုလ် ကျောင်းဝင်း အတွင်း ကျောင်းသားများသည် လွတ်လပ်စွာ ပြောဆိုရေး လှုပ်ရှားမှု နှင့် ကျောင်းသား ဒီမိုကရေစီ လူ့ဘောင် အဖွဲ့အစည်းများ အလျိုလျို ပေါ်ပေါက်လာပြီး ထိုင်သပိတ်များ ဆင်နွှဲကာ ပြင်းပြင်းထန်ထန် ဆန့်ကျင်လာခဲ့ကြသည်။

 

ဗီယက်နမ် တွင် “တက်” ထိုးစစ်ကြီး ဆင်နွှဲနေချိန်တွင် ကမ္ဘာတဝှမ်း မှ ကျောင်းသား ထောင်ပေါင်းများစွာ သည် ချီတက်ဆန္ဒ ပြခြင်း၊ အစာငတ်ခံ တိုက်ပွဲဝင်ခြင်းများ နှင့် ဗီယက်နမ် စစ်ကို ဆန့်ကျင်ကြောင်း ထုတ်ဖေါ်ခဲ့ကြသည်။

 

ထိုသို့ ကန့်ကွက်နေကြစဉ် အတွင်း မဟာ လူသား တဦး ကျဆုံးသွားခဲ့ရပြန်သည်။ တင်နက်စီ ပြည်နယ် မမ်ဖီ မြို့ ရှိ ဟိုတယ် လေသာ ဆောင် တွင် မတ်တပ်ရပ်နေသော မာတင် လူသာကင်းသည် သေနတ်သမား တဦး၏ လုပ်ကြံ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ မာတင် လူသာကင်းသည် ထိုအချိန်က မမ်ဖီ မြို့ ရှိ မိလ္လာ အလုပ်သမားများ၏ သပိတ်ကို ထောက်ခံအားပေးရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

 

ထိုသတင်းဆိုးကြီးကြောင့် အမေရိကန် တဝှမ်း ရှိ မြို့ကြီး ၁၀၀ ခန့် တွင် မီးဟုန်းဟုန်း တောက်သွားခဲ့ရသည်။ အဓိကရုဏ်း ကြောင့် လူပေါင်း များစွာ အသက်သေဆုံးခဲ့ရပြီး၊ အများအပြားလည်း ဖမ်းဆီးခံခဲ့ရသည်၊ ဒေါ်လာ သန်း နှင့် ချီ ပျက်စီးသွားခဲ့ရသော အဆောက်အအုံများသည် နိုင်ငံ၏ ဒဏ်ရာဒဏ်ချက် များ ၏ ပြယုဒ် ဖြစ်လာခဲ့ရသည်။

 

နယူးယောက် ရှိ ကိုလံဘီယာ တက္ကသိုလ် ကျောင်းတိုက်ကြီး တွင် လည်း တင်းမာမှု များ ဒီရေ အလား မြင့်တက်လာနေခဲ့သည်။ ကိုလံဘီယာ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့သည် အနီးအနားရှိ မောနင်းဆိုက် ပန်းခြံကြီး ဘေးတွင် အားကစား ရုံ တခု ချဲ့ထွင် ဆောက်လုပ်ရန် စီစဉ်လာခဲ့သည်။ လူမည်း မိသားစု အများအပြား နေထိုင်လျက် ရှိရာ ဟာလမ်း ရပ်ကွက်ကြီး တည်ရှိရာ နေရာလည်း ဖြစ်နေသည်။ ထို့အတွက် လူမည်း မိသားစု အများ အပြား နှင်ထုတ်ခံရမည့် အရေး နှင့် ကြုံလာရပြီ ဖြစ်သည်။

 

နဂိုကတည်းက ဗီယက်နမ်စစ်၊ အယ်ဂျီရီယား စစ်ပွဲ ကြီး နှင့် အမေရိကန် တောင်ပိုင်း ရှိ လူမည်း နိုင်ငံသားများ အပေါ် ကျွန်သာသာ ဖိနှိပ်ထားသည့် ဂျင်ကရိုး ဥပဒေ ၏ မတရားမှု များ ကို ကြည့်ပြီး ဒေါသ အမျက်ချောင်းချောင်း ထွက်နေကြသော ကျောင်းသားများသည် ၎င်းတို့ မျက်စိ ရှေ့မှောက် တွင် လူမည်း မိသားစုများ အား အတင်း အဓမ္မ ဖယ်ရှားခံနေကြရသော အဖြစ်အား အဘယ်သို့များ လက်ပိုက်ကြည်နေနိုင်အံ့ကြမည်နည်း။

 

၁၉၆၈ ဧပြီ ၂၃ ရက်နေ့တွင် ကျောင်းသား ၃၀၀ ခန့် ကိုလံဘီယာ တက္ကသိုလ် ကျောင်းဝင်း အတွင် စုရုံးလာကြပြီး အားကစားရုံ တည်ဆောက်‌ရေး ကို ဆန့်ကျင် ကန့်ကွက်လာခဲ့ကြသည်။ တက္ကသိုလ်ကျောင်း၏ ဥက္ကဌ ဂရေဆမ် ကပ် ရုံးထိုင်နေသည့် လိုး စာကြည့်တိုက် ကြီး အတွင်းသို့ ဝင်ရောက်ပြီး ၎င်းတို့ တောင်းဆိုချက် များ ရေးသားထားသည် စာ ကို ပေးနိုင်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် စာကြည့်တိုက် ရုံးကြီး ကို ပိတ်လိုက်ကြပြီး တန်ပြန် ဆန္ဒပြမည့်လူများက ဝိုင်းရံလာကြသည်။

 

သို့သော် ကျောင်းသားများသည် အားကစားရုံး ဆောက်လုပ်နေသည့် ဆောက်လုပ်ရေး မြေကွက်လပ်တွင် သွားရောက် စုရုံးခဲ့ကြသည်။ ကျောင်းသား များ အား လူစု ခွဲရန် ရဲများ ရောက်ရှိလာကြသည်။ ရဲများ ရောက်ရှိလာသည်ကို တွေ့လိုက်ရသဖြင့် ကျောင်းသားများ၏ ဒေါသ သည် အထွတ်အထိပ်သို့ ရောက်သွားခဲ့ကြပြီး ကျောင်းဝင်း အတွင်းသို့ ပြန်ဝင်လာကြကာ အုပ်ချုပ်‌ရေးရုံး ရှိရာ ဟာမီလ်တန် ခမ်းမကြီးသို့ အတင်း ဝင်ရောက်ပြီး သိမ်းပိုက်လိုက်ကြသည်။

 

တက္ကသိုလ် အာဏာပိုင်များက မည်သို့မည်ပုံ ကိုင်တွယ်ရမည်ကို ခေါင်းချင်း ရိုက်လာကြသည်၊ ထိုခမ်းမထဲတွင် ဌာနမှုး သုံးဦး ပိတ်မိနေသည်။ ကျောင်းသားများက လူစု ခွဲမည့် အရိပ်အယောင် မတွေ့ရသည့်အပြင် ညအိပ်ညနေ စခန်းချဖို့ ပြင်ဆင်လာကြသည်။

 

ခမ်းမကို သိမ်းပိုက်ထားသော ကျောင်းသားများ အကြား နှစ်စု ကွဲသွားသည်၊ ဒီမိုကရက်တစ် လူဘောင် အဖွဲ့ဝင် လူဖြူ ကျောင်းသားများက စစ်ဆန့်ကျင်ရေး ကို ထုတ်ဖေါ်လာကြပြီး လူမည်း ကျောင်းသားများက အားကစားရုံ တည်ဆောင်ရေး ကို ကန့်ကွက်ရန် အားသန်နေကြသည်။

 

နောက်တနေ့ မနက်တွင် လူမည်း ကျောင်းသားများက ထိုအဆောက်အဦး အား မဲလ်ကွန် အိပ်စ် လွတ်မြောက်ရေး ကောလိပ် အဖြစ် အမည် ပြောင်းလဲ လိုက်ပြီ ဟု ထုတ်ဖေါ်ပြောဆိုလာပြီး လူဖြူ ကျောင်းသားများကို အဆောက်အဦး ထဲမှ ထွက်ရန် ပြောလာကြသည်။

 

ထို့နောက် လိုး စာကြည့်တိုက် အဆောက်အအုံ ကို ရောက်လာကြပြီး ဥက္ကဌ ၏ ရုံးခန်း ကျယ်ကြီးကို ဆက်လက် သိမ်းပိုက်လိုက်ကြပြန်သည်။ ဤသို့ဖြင့် သီတင်းတပတ် ကုန်ဆုံးချိန်တွင် တက္ကသိုလ် ကျောင်းဝင်း အတွင်းရှိ အဆောက်အဦး ငါးခု ကို သိမ်းပိုက်ထားနိုင်ခဲ့ကြသည်။

 

အပြင်ဖက်တွင်တော့ ထိုသို့ ဆန္ဒပြလုပ်ရပ်ကို မနှစ်သက်သော ကျောင်းသား များ နှင့် ဆရာများ လက်ချင်းယှက်လာခဲ့ကြသည်။ ၎င်းတို့ကို ၎င်းတို့ လူများစု ညွှန်ပေါင်း အဖွဲ့ဟု အမည်ပေးခဲ့ကြသည်။ ထိုအဖွဲ့သည် နောက်ထပ် ကျောင်းသား များ ဆန္ဒပြနေသူ များ နှင့် လာရောက် ပူးပေါင်းကြမည့် အရေး ကို ဟန့်တားရန် နှင့် အတွင်းသို့ အစားအသောက် များ ပေးပို့မည်ကို တားဆီးရန် အပြင်ဖက်မှ ဝိုင်းထားလိုက်ကြသည်။ သို့သော်လည်း ဆန္ဒပြ ကျောင်းသားများကို ထောက်ခံအားပေးရန် လူများ တဖွဲဖွဲ ရောက်လာနေကြသည်။