ဖီဒယ်၊ ချေ နှင့် ကျုးဘား တော်လှန်ရေး (၄)
ဖီဒယ် တို့ ညီအကို မက္ကဆီကို သို့ တိမ်းရှောင်သွားခဲ့သည့် အချိန်တွင် ကျုးဘား၌ အမေရိကန် ၏ ရင်းနှီးမြူပ်နှံမှုသည် ဒေါ်လာ တစ် ဘီလီယံ ခန့် အထိ ကြီးထွားလာနေချိန်လည်း ဖြစ်သည်။ တိုင်းပြည်၏ စီးပွားရေးသည် သကြား နှင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပေါ် တဖက်စောင်းနင်း ဖြစ်လာသည့် နှင့် အမျှ ထိုလုပ်ငန်း နှင့် ပတ်သက်နေသူများသည် မယုံနိုင်စရာ ကောင်းလောက်အောင် ချမ်းသာ လာကြပြီး တဖက်တွင်လည်း အလုပ်လက်မဲ့များ၊ အလုပ်ရှိပြန်လည်း အနိမ့်ဆုံး လုပ်ခ တို့ဖြင့် ဆင်းရဲမွဲတေမှု ဒဏ်ကို အလူးအလဲ ခံနေကြရသူ များ ရှိနေသည်။
ထိုသို့ လူမှု စီးပွားရေး မညီမျှ မှု ဒဏ် အလွန်အကျွံ ဖြစ်ပေါ်လာနေပြီ ဖြစ်၍ လူထု၏ ထောက်ခံမှု ရဖို့ မခက်တော့ဟု တွက်ဆလာပြီး ကက်စထရို သည် တွက်ဆလာခဲ့ပြီး ဇူလိုင် ၂၆ လှုပ်ရှားမှု အဖွဲ့ကို တည်ထောင်ခဲ့သည်။
ဇူလိုင် ၂၆ သည် မွန်ကာဒါး စစ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့သည့် နေ့ကို အစွဲပြု၍ ခေါ်ဝေါ်ခဲ့ခြင်း ဖြစ် ပြီး ဒီမိုကရေစီ အရေး၊ တန်းတူညီမျှမှုရှိ ရေး ၊ နယ်ချဲ့ အရင်းရှင် စနစ် တိုက်ဖျက်ရေး နှင့် ကျုးဘား ပြည်သူတို့၏ ဝံသာနု စိတ်ဓါတ်များ ရှင်သန်လာရေး တို့အတွက် တိုက်ပွဲဝင်သွားမည်ဟု ကတိပြုခဲ့သည်။ ထိုသို့ အကောင်အထည် ဖေါ်နိုင်ရန် အတွက် နိုင်ငံရေး အဖွဲ့အစည်း တခု နှင့် မလုံလောက် တော်လှန်ရေး ဆင်နွှဲနိုင်မည့် ပျောက်ကျား တပ်ဖွဲ့ကြီး ဖွဲ့စည်းဖို့ လိုအပ်သည်ဟု ကက်စထရိုက ခံယူလာခဲ့သည်။
မက္ကဆီကို တွင် ကက်စထရိုသည် အခြားသော နိုင်ငံများ မှ တော်လှန်ရေး သမားများ နှင့် ဆုံစည်းလာခဲ့သည်။ သူတွေ့ခဲ့သမျှ ထဲတွင် အတော်များများသည် တော်လှန်ရေး ဆင်နွှဲရန် စိတ်အား ထက်သန်နေကြသူများ ဖြစ်နေသည်။ ထိုအထဲတွင် ချေ ဂွေဗာယား တယောက်လည်း ပါဝင်နေသည်၊ ကက်စထရိုသည် သူ့အား ဘာတစ်စတာ အစိုးရ အား တိုက်ခိုက်မည့် ပျောက်ကြားတပ်ဖွဲ့ တွင် ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။နောက်ဆုံးတွင် ချေဂွေဗာယား သာလျှင် ဖီဒယ် အဖွဲ့တွင် ကျုးဘား မဟုတ်သော တဦးတည်းသော နိုင်ငံခြားသား ဖြစ်လာခဲ့သည်။
ဤသို့ဖြင့် ကက်စထရို ညီအကို၊ ချေဂွေဗာယား နှင့် ကျုးဘား လူမျိုး ၈၀ ခန့်ရှိသော ပျောက်ကြားတပ်ဖွဲ့သည် "ဂရမ်မာ" ဟု အမည်ပေးထားသည့် စက်လှေငယ် တစီး ဖြင့် ၁၉၅၆ ဒီဇင်ဘာလ အတွင်း တွင် ကျုးဘားသို့ စတင် ထွက်ခွာလာခဲ့ကြသည်။
ကမ်းတက်ပြီး မကြာခင်မှာပင် ကက်စထရို အဖွဲ့သည် ကျူးဘား စစ်တပ်၏ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ကက်စထရို၊ ညီဖြစ်သူ ရာအူး၊ ချေဂွေဗာယား တို့ အပါအဝင် လူ တဒါဇင် ကျော်ကျော်သာ အသက်မသေပဲ လွတ်မြောက်သွားခဲ့သည်။
ထို့နောက်တွင်တော့ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ကံကြမ္မာ၏ မျက်နှာသာ ပေးမှု ဖြင့်ဆီရာယား မေစထာရာ တောင်တန်းကြီးများ ရှိရာသို့ ဘေးမသီ ရန်မခ ရောက်ရှိလာခဲ့ကြသည်။ ထိုနေရာတွင် စခန်းချပြီး ရှေ့ဆက်လုပ်ရမည့် အစီအစဉ် များ ကို ဆွေးနွေးခဲ့ကြသည်။
ထိုအချိန်တွင် ဘာတစ်စတာ သည် ထိုဒေသတဝိုက် မဲမဲမြင်ရာ ဗုံးကြဲတိုက်ခိုက်လာသဖြင့် ကျူးဘား လယ်သမားများ အိုးအိမ်စွန့်ခွာ ရှောင်တိမ်းခဲ့ကြရသည်။ ဘာတစ်စတာ ၏ ရက်စက်ကြမ်းကြုပ်သော လုပ်ရပ်များကြောင့် ကက်စထရိုသည် လူထု ထောက်ခံ မှု တိုး၍ ရလာခဲ့ပြီ ဖြစ်သည်။
ဘာတစ်စတာ သည် ကက်စထရို အပါအဝင် တယောက် မကျန် ချေမှုန်း သုတ်သင်နိုင်ခဲ့ပြီ ဟုလည်း လိမ်လည်၍ သတင်းထုတ်ပြန်လာခဲ့ပြန်သည်။ မကြာမီမှာပင် နယူးယောက်တိုင်း သတင်းစာကြီး မှ ကက်စထရို နှင့် အင်တာဗျူး အပြင် ကျန်းမာ ပကတိ ရှိနေကြောင်း ဓါတ်ပုံနှင့် တကွ ပုံနှိပ်ဖေါ်ပြနိုင်ခဲ့သည်။
နယူးယောက်တိုင်း မှ ဝါရင့် သတင်းထောက် ဟားဘတ် မက်သယူးသည် ကက်စထရို ရှိရာ တောင်တန်း အရပ်ဆီသို့ မရောက်ရောက်အောင် သွားပြီး တွေ့ဆုံမေးမြန်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။"အမျိုးသား အမျိုးသမီး ထောင်ပေါင်းများစွာ သည် ဖီဒယ် ကက်စထရို နှင့် တသွေးတည်း တသားတည်း ရှိနေကြပြီး သူ ဖေါ်ဆောင်မည့် နိုင်ငံသစ် အတွက် ဝိုင်းဝန်း ရပ်တည်လာခဲ့ကြပြီ ဖြစ်သည်" ဟု ရေးသားခဲ့သည်။ ဗိုလ်ချုပ်ကြီး ဘာတစ်စတာ အား ဆန့်ကျင် တွန်းလှန် နေမှု တစထက် တစ ကြောက်မက်ဖွယ်ရာထွက် ပေါ် လာနေခြင်းကို ပျောက်ကျား တပ်ဖွဲ့များက အမိအရ အသုံးချ နိုင်ခဲ့သည် ဟုလည်း ဆိုသည်။
ကက်စထရိုက "ကျုပ်တို့ ဘယ်မှာ ရှိတယ်ဆိုတာ သူတို့ ဘယ်လိုမှ မသိနိုင်ပေမယ့် သူတို့ ဘယ်မှာ ရှိတယ် ဆိုတာ ကျုပ်တို့ အမြဲလို သိနေကြတယ်" ဟု ပြောခဲ့သည်။ နယူးယောက်တိုင်း သတင်း နှင့် ဓါတ်ပုံကြောင့် ဖီဒယ်သည် တဟုန်ထိုး လူကြိုက်များလာခဲ့ပြီး တော်လှန်ရေး အတွက် စိတ်အားတက်ကြွလာခဲ့ကြပြီ ဖြစ်သည်။
မြို့ပေါ်ရှိ ဇူလိုင် ၂၆ အဖွဲ့ဝင်များ ဦးဆောင်၍ ဘာတစ်စတာ အစိုးရအား ဆန့်ကျင် ကန့်ကွက်လာကြသည်။ ၁၉၅၇ မတ်လတွင် ကျောင်းသား တက်ကြွလှုပ်ရှားသူ တဦး ၏ ဦးဆောင်မှု ဖြင့် သမ္မတ နန်းတော်ကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြသည်။ သမ္မတ သည် အသက်ဘေးမှ ပွတ်ကာသီကာ ကပ်လွတ်သွားခဲ့သည်။
သို့သော်လည်း နန်းတော်ကို သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပေ။ ထို ဖြစ်ရပ်ကြောင့် နိုင်ငံတွင်း ဖိနှိပ်ချယ်မှု များ ဆိုးသည်ထက် ဆိုးလာခဲ့သည်။ ဘာတစ်စတာ သည် ကက်စထရို အား လက်နက် ရိက္ခာများ ပံ့ပိုးပေးနေကြသည့် မြေအောက်လှုပ်ရှားမှု များကို ပစ်မှတ်ထား၍ ရှာဖွေ နှိမ်နှင်းလာခဲ့သည်။
ထိုမြေအောက်လှုပ်ရှားမှု ကွန်ယက်၏ ခေါင်းဆောင်သည် အသက် ၂၃ နှစ်သာ ရှိသေးသည့်ဖရန့် ပေးစ် ဆိုသူ ဖြစ်သည်။ သူသည် တော်လှန်ရေး သမားများ ကြားတွင် အထူး လူကြိုက်များသူ ဖြစ်ပြီး ကက်စထရို ၏ ခေါင်းဆောင်မှု အား စိန်ခေါ်နိုင်သည့် အဆင့် တွင် ရှိနေသည်။ သို့သော် ၁၉၅၇ ဇူလိုင် ၃၀ ရက်နေ့တွင် ဆန်တီယာဂို မြို့လမ်းပေါ်တွင် ဘာတစ်စတာ ရဲအဖွဲ့၏ ပစ်သတ်ခံရ၍ ကျဆုံးသွားခဲ့ရသည်။