သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(127)

by Hla Soewai - Apr 04 2023

ဖီဒယ်၊ ချေ နှင့် ကျုး ဘား တော်လှန်ရေး (၃)

 

၁၉၅၂ ခုနှစ် တွင် ကျူးဘား ပြည်သူတို့ မျှော်လင့်ချက် ရောင်ခြည်များ ယှက်သန်းလာခဲ့သည်။ ဗိုလ်ချုပ်ကြီး ဖူဂျင်စီယို ဘာတစ်စတာ သည် လက်ရှိ အစိုးရအား အမေရိကန် ၏ ထောက်ခံမှု နှင့် ဖြုတ်ချ၍ အာဏာသိမ်းလိုက်သည်။ သို့သော်လည်း ဘာတစ်စတာ ကိုယ်တိုင် အမေရိကန်၏ ဘုန်းရိပ်ကံရိပ် ကို ခိုလှုံသူ ဖြစ်လာပြီး သူကိုယ်တိုင်လည်း အကျင့်ပျက် ခြစားသူ ဖြစ်နေပြန်သဖြင့် လူထု ၏ ဆန့်ကျင်မှု များသည် နေ့ခြင်းညခြင်း ဆိုသလို ပေါ်ပေါက်လာခဲ့သည်။

 

ထိုအချိန်တွင် ဖီဒယ် ကက်စထရို သည် အသက် နှစ်ဆယ် ခန့်သာ ရှိသေးသည်၊ သူသည် စပိန်မြေပိုင်ရှင် ကြီး တဦး နှင့် အိမ်ဖေါ် အမျိုးသမီးတို့ ဖေါက်ပြန်ခဲ့ရာမှ တိတ်တိတ်ပုံး မွေးဖွားလာခဲ့ရသူ ဖြစ်သည်။ ထိုကြောင့် ကက်စထရိုသည် လူဖြစ်ကြီးပြင်း လာကတည်းက လူ့အဖွဲ့အစည်းကြီး၏ မညီမျှနှင့် အဆင့်အတန်း ခွဲခြားမှု များ ကို ကောင်းစွာ သိရှိနားလည်ခဲ့သူ ဟု ဆိုရမည် ဖြစ်သည်။

 

ဘဝ တွင် နာကြည်းစရာ ဒဏ်ရာ ဒဏ်ချက် များ နှင့် ကြုံတွေ့ခဲ့ရသော ကက်စထရိုသည် ကျောင်းနေစဉ် ကာလ တွင် ရွယ်တူ များ အပေါ် ဗိုလ်ကျ အနိုင်ကျင့်သူ ဖြစ်လာခဲ့သည်။ တက္ကသိုလ် တွင် ဥပဒေပညာကို ဆည်းပူးခဲ့ပြီး မကြာမီမှာပင် ကျူးဘား တော်လှန်ရေး ကျောင်းသား အုပ်စု၏ ခေါင်းဆောင် အဖြစ် တက်လှမ်းလာခဲ့သည်။ သူကြုံတွေခဲ့ရသည့် လူလောက ကြီး၏ အဖြစ်ဆိုး များကို မှောက်လှန် ပစ်နိုင်မည့် တခုတည်းသော နည်းလမ်းကို ကားလ်မတ်စ် ၏ စာပေများတွင် ရှာဖွေ တွေ့ရှိလာခဲ့သည် ဟု ဆိုရမည် ဖြစ်သည်။

 

သို့သော် တော်လှန်ရေး ကြီး ဆင်နွှဲရမည် ဆိုသော သဘောတရားများကိုတော့ ကားလ်မတ်စ် နှင့် လီနင် တို့ထံမှ ပုံတူ ကူးချခဲ့သူ တော့ မဟုတ်။ သူ့အား အဓိက လှုံ့ဆော် ပေးနိုင်ခဲ့သူက ကျူးဘား ကဗျာဆရာကြီး ဟိုဆေး မာတီ ပင် ဖြစ်သည်။ သူသည် ၁၈၉၅ တွင် ကျုးဘား လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့သော်လည်း သူရဲကောင်း တဦး အဖြစ် မော်ကွန်းတင် ခံခဲ့ရသည်။

 

မာတီသည် စပိန်တို့ထံ မှ လွတ်လပ်‌ရေး ကို မရရအောင် ယူရမည် ဖြစ်သည့်အပြင် ကျုးဘား အား လူမှု တော်လှန်ရေး ကြီး ဆင်နွှဲ၍ အခြေခံကျကျ ပြောင်းလဲပစ်ရန် လိုသည် ဟူသော အယူအဆ ကို စွဲကိုင်ခဲ့သူ ဖြစ်သည်။ “တော ထဲက စလာခဲ့တဲ့ တော်လှန်ရေး နဲ့ သမ္မတ နိုင်ငံ တော် တည်ဆောက်နိုင်ရန် ကြိုးပမ်းရမည်” ဟု ပြောခဲ့သည်။ ဤသည်ကား ကက်စထရို အတွက် မျက်စိပွင့် နားပွင့် ဖြစ်စေခဲ့သည့် ရှေးဖြစ် ဟောကိန်း တခု အလား ဖြစ်လာခဲ့သည်။

 

၁၉၄၀ ကျော် နှစ်များ အကုန်ပိုင်း တွင် ဖီဒယ်သည် သူ အပတ်တကုတ် လေ့လာ ဆည်းပူးနေသော တော်လှန်ရေး သီအိုရီများကို လက်တွေ့စမ်းသပ်ကြည့်ချင်စိတ် များ တဖွားဖွား ပေါ်လာခဲ့သည်။ ဤသို့ဖြင့် အမေရိကန်တို့၏ လက်ကိုင်ဒုတ်ကြီး ဖြစ်နေသော အိမ်နီးချင်း ဒိုမီနီကန် သမ္မတ နိုင်ငံ ခေါင်းဆောင် ရာဖေး ထရူဂျီလို အား ဖြုတ်ချရန် ကြိုးပမ်းမှု တွင် ဗော်လံတီယာ အဖြစ် ပါဝင်သွားခဲ့သည်။ အကြံအစည် အထ မမြောက်ခဲ့သော်လည်း လက်နက်ကိုင် တော်လှန်ရေး သဘောတရားသည် သူ၏ စိတ်တွင် သံမှိုစွဲသကဲ့သို့ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

 

ဘာတစ်စတာ အား ဖြုတ်ချ နိုင်‌ရေး တွင် ကျုးဘား စစ်တပ်သည် အဓိက အတားအဆီးကြီး သဖွယ် ဖြစ်နေသည့် အတွက် ကက်စထရို နှင့် သူ့အား ထောက်ခံသူများသည် ကျွန်း၏ အရှေ့တောင်ပိုင်း ကမ်းရိုးတန်း ဒေသ ဖြစ်သော ဆန်တီယာဂို ရှိ မွန်ကာဒါး စစ်တန်းလျားကို ၁၉၅၃ ဇူလိုင် ၂၆ ရက်နေ့တွင် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြသည်။

 

ကက်စထရို သည် ထိုသို့ ဝင်ရောက် တိုက်ခိုက် ပြလိုက်ပါက တိုက်ပွဲ ခေါ်သံ အဖြစ် ကြိတ်မနိုင် ခဲမရ ဖြစ်နေသော လူထု ကြီးမှ ပုန်ကန် ထကြွလာကြမည်ဟု မျှော်လင့်ထားသောကြောင့်လည်း ဖြစ်သည်။ သို့သော် သူ မျှော်လင့်ထားသလို ဖြစ်မလာခဲ့သည့်အပြင် အကြီးအကျယ် အရေးနိမ့်သွားခဲ့ရသည်။ အင်အား ၁၆၀ ခန့် ရှိသော ကက်စထရို အဖွဲ့ဝင် အမြောက်အများ ကျဆုံးသွားခဲ့ရသည်။ ဖမ်းဆီးခံခဲ့ရသူများလည်း နှိပ်စက်ညှင်းပမ်းခံရပြီး ကွပ်မျက်ခံခဲ့ကြရပြန်သည်။ ထိုအထဲတွင်တော့ ကက်စထရို တယောက် မပါဝင်ခဲ့ပေ။

 

ထို့အတွက် ကက်စထရို အား ရုံးတင် တရားစွဲ ခံခဲ့ရသည်။ သူကိုယ်တိုင်လည်း ဥပဒေ ကျောင်းထွက် တဦး ဖြစ်သည့် အားလျှော်စွာ တရားရုံးတွင် သူကိုယ်တိုင် လျှောက်လှဲခဲ့ပြီး  ကျုးဘား ပြည်သူတို့၏ နိုင်ငံရေး နှင့် လူမှူ အခွင့်အရေး များဖက်မှ ရပ်တည် ပြောဆိုသွားခဲ့သည့်အပြင် မြေယာ များ ခွဲခြမ်းဝေငှပေးရန် အကျယ်တဝင့် ပြောဆိုသွားခဲ့သည်။ သူ့အား သက်ညှာစွာ စဉ်းစားပေးရန် တော့ တောင်းဆိုသွားခဲ့ခြင်း မရှိပေ။ နှစ်ပတ်ကျော် ကြာမြင့်ခဲ့သည့် တရားခွင် တလျှောက်လုံး သူ၏ မျက်နှာ အသွင် အပြင် နှင့် အမူအယာ များက နောင်တရသည့် အရိပ်အယောင် တစက်တလေမျှ မတွေ့ရပဲ ပမာမခန့် အံတု လိုစိတ်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။

 

သူ၏ ကမ္ဘာကျော် စေခဲ့သည့် လျှောက်လှဲချက် ထဲတွင် အထင်ရှားဆုံး က “Condemn me. It does not matter. History will absolve me” ကျုပ် ကို ခင်ဗျား တို့ အပြစ်ပေးချင်တာပေး၊ ဂရုမစိုက်ဖူး၊ သမိုင်းက ကျုပ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိမ့်မယ် ဆိုသည့် စကားပင် ဖြစ်သည်။

 

ဤသို့ဖြင့် ဖီဒယ် နှင့် ရာအူး တို့ ညီအကိုသည် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရသည်။ သို့သော်လည်း မထင်မှတ်သည့် အံအားသင့်ဖွယ် ကောင်းလှသော ကံကြမ္မာ အလှည့်အပြောင်း ကြောင့် ၁၉၅၅ တွင် ထောင်မှ လွတ်လာခဲ့ကြသည်။ အာဏာရှင် ဘာတစ်စတာ သည် သူ့အား အတိုက်အခံ လုပ်သူများ အား ထုံးစံအားဖြင့် သက်ညှာလေ့ မရှိသော်လည်း ဖမ်းဆီးခံခဲ့ရသူများ အား ဥပဒေပြင်ပမှ ကွပ်မျက်ခဲ့မှု အတွက် သိက္ခာ ပြန်ဆယ်နိုင်ရန် အခွင့်အလန်းကို စောင့်နေသူ ဖြစ်သည်။ ကျူးဘား နိုင်ငံရေး ခေါင်းဆောင်များ၊ သတင်းစာ အယ်ဒီတာ များ နှင့် ပညာတတ် အသိုက်အဝန်း မှ နိုင်ငံ‌ရေး အကျဉ်းသားများ လွှတ်ပေးရန် ဝိုင်းဝန်း ဖိအားပေး တောင်းဆိုနေခဲ့ကြသည့်အတွက် နောက်ဆုံးတွင် ကျုးဘား ကွန်ဂရက်မှ တဆင့် ဥပဒေပြဋ္ဌာန်းပြီး လွှတ်မိန့် ထုတ်ပြန်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

 

ကက်စထရို တို့ ညီအကိုသည်လည်း အချိန် မဆိုင်းပဲ မက္ကဆီကို သို့ ထွက်ပြေးလာခဲ့ကြသည်။