ဗြိတိန် သည် အိန္ဒိယ နှင့် ၁၇ ရာစု ကတည်းက စတင် ထိတွေ့ဆက်ဆံ လာခဲ့သည်။ ထိုစဉ်က ဘတ်ကင်ဟန် နန်းတော်ကြီးမှ အင်္ဂလန် အတွက် ကိုယ်စားပြု ခွင့် ရထားသော အရှေ့ အိန္ဒိယ ကုမ္ပဏီကြီးမှ ကုန်သွယ် ကူးလူး ဆက်ဆံမှု များ စတင်ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြင့် တစတစ နှင့် ဗြိတိသျှ ကုန်သည်များ၊ စစ်သားများ၊ သာသနာပြု အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အရာရှိများ တဖွဲဖွဲ ရောက်ရှိလာပြီး ခြေကုပ်ယူလာခဲ့သည်။
ထိုကုမ္ပဏီကြီး၏ အသုံးစရိတ်များကို အိန္ဒိယ တိုင်းရင်းသားများ၏ အခွန်အတုတ်များ ဖြင့် ကျခံပေးခဲ့ရသည်။ နောက်ပိုင်းတွင် ခရစ်ယာန် သာသနာပြု အဖွဲ့များ၏ လုပ်ရပ်များကြောင့် ဌာနေ ဟိန္ဒူ နှင့် မူဆလင် များ အကြား မကျေမနပ် ဖြစ်လာနေ၍ ဆူပူမှုများ ဖြစ်ပေါ်လာမည် ကို အရှေ့ အိန္ဒိယ ကုမ္ပဏီ ကြီးမှ စိုးရိမ်စ ပြုလာသည်။
ထို့အတွက် Doctrine of Elapse ပေါ်လစီ ကို ချမှတ်ပြီး အိန္ဒိယ ကုန်းမြေကြီးအား ၎င်းတို့၏ အုပ်ချုပ်မှု အောက်သို့ ဗြောင်ကျကျ စတင် သွတ်သွင်းလာခဲ့သည်။ ထိုပေါ်လစီ သည် အိန္ဒိယ တွင် စော်ဘွားများ၊ မင်းသားများ ဖြင့် သူတလူ ငါတမင်း အုပ်ချုပ်နေသဖြင့် ၎င်းတို့ ထီးနန်းအား ဆက်ခံမည့် လူ မရှိလျှင် မိမိတို့ မှ ထိုနယ်မြေကို အုပ်ချုပ်ရေး ပျက်ပြားမှု မရှိရန် တိုက်ရိုက်အုပ်ချုပ်သွားမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဗြိတိသျှ တို့၏ လုပ်ရပ်အပေါ် အိန္ဒိယ တိုင်းရင်းသား တို့ ဒေါသ ထွက်လာကြပြီး ၁၈၅၇ ခုနှစ်တွင် ပေါက်ကွဲထွက်လာသည့် အထိ ဖြစ်လာခဲ့ပေတော့သည်။
ဗြိတိသျှ တို့သည် အိန္ဒိယ အား စစ်ပွဲ ဆင်နွှဲပြီး သိမ်းယူရန် မလိုပဲ ထိုနည်းဖြင့် တစတစ ဝါးမြို ကျွန်ပြုခဲ့ကြခြင်းလည်း ဖြစ်ပေသည်။
၁၈၅၇ ခုနှစ် ဧပြီလ တွင် ဘင်္ဂလား စစ်သားတဦး ဖြစ်သော မန်ဂါး ပန်ဒေးသည် ဗြိတိသျှ စစ်အရာရှိများကို ပုန်ကန်ရန် လှုံ့ဆော်လာခဲ့သည်။ ၎င်း၏ ပုန်ကန်မှု သည် အောင်မြင်မှု မရခဲ့၍ ကြိုးပေး ကွပ်မျက်ခံခဲ့ရသည်၊ ထိုအဖြစ်ကို မျက်မြင် ကိုယ်တွေ့ ကြုံခဲ့ရသော လူထု၏ ဒေါသ သည် အထွတ်အထိပ်သို့ ရောက်လာခဲ့သည်။
ထိုသို့ ဖြစ်လာခဲ့မှု များကို ဗြိတိသျှ စစ်တပ်မှ ကျည်တောင့်များ ထည့်သွင်း၍ ပစ်ခတ်ရသော ရိုင်ဖယ် များကို အသုံးပြုလာခဲ့ရာမှ အစပြု၍ မီးလောင်ရာ လေပင့် ဖြစ်သွားခဲ့ရသည်။ သေနတ်မှ ကျည်ထွက် မှန်ကန်မှု ရှိရန် ကျည်နောက်ပိတ်ကို ကိုက်ဖြတ်ရသည်၊ ယင်းနှင့် အတူ ကျည်တောင့်များကို စက်ဆီ မသုံးပဲ ဈေးပေါပေါရသည့် ဝက်ဆီ၊ အမဲဆီများ သုတ်လိမ်းထားသည် ဟူသော ကောလဟသများ ထွက်ပေါ်လာခဲ့သည်၊ ထိုကောလဟသ များ အမှန်ဆိုက ဟိန္ဒူ နှင့် မူဆလင် စစ်သား များသည် မိမိတို့၏ ဘာသာရေး ယုံကြည်မှုကို အကြီးအကျယ် စော်ကားလာခြင်း ဟု ယူဆခဲ့ကြသည်။
ဤသို့ဖြင့် သမိုင်းတွင် ထင်ရှားခဲ့သည့် စစ်ဗာရီ ပုန်ကန်မှု ကြီး ဖြစ်ပွားလာခဲ့ရပေတော့သည်။
၁၈၅၇ မေလ တွင် အိန္ဒိယ စစ်သားများက ဗြိတိသျှ တပ်များကို စတင် ပုန်ကန်လာခဲ့သည်။ အရပ်သားများကလည်း စစ်သားများ ဖက်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိသျှ တို့ ဖက်မှ မရှုမလှ အရေးနိမ့်လာ၍ နှစ်ကုန် တွင် အင်္ဂလန်မှ တပ်များကို ခေါ်ယူ အားဖြည့်ကာ နှိမ်နှင်းခဲ့ရသည်။ နောက်ပိုင်းတွင် ပုန်ကန်မှု တွင် ပါဝင်နိုင်သည်ဟု သံသယ မဆိုသလောက် ရှိယုံမျှ နှင့် ပင် အိန္ဒိယ တိုင်းရင်းသားများအား ဖမ်းဆီး ကွပ်မျက်ပစ်ခဲ့သည်။ ဒေလီ ရှိ ဗလီများအားလည်း ပြာပုံ အတိ ဖြစ်အောင် မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြသည်။ အိန္ဒိယ အား ဘိုးဘွား အစဉ်အဆက် နှစ်ပေါင်း သုံးရာ နီးပါး အုပ်ချုပ်ခဲ့သော မဂိုဘုရင်အားလည်း ဖမ်းဆီးခဲ့သည်။ (ပုံတွင်ရှု)
ဗြိတိသျှ တို့သည် ၎င်းတို့ အုပ်ချုပ်မှု ခိုင်မာစေရန် စစ်ဗာရီ ပုန်ကန်မှု ကြီး အား အကြောင်းပြု၍ ဌာနေတိုင်းရင်းသား များ အပေါ် ယခင်ကထက် ပို၍ ဖိနှိပ်အုပ်ချုပ်လာခဲ့သည်။
နောက်တနှစ် အကြာ ၁၈၅၈ တွင် အရှေ့ အိန္ဒိယ ကုမ္ပဏီမှ အိန္ဒိယ အား ၎င်းတို့ အုပ်ချုပ်နေမှု ကို ဗြိတိသျှ ထီးနန်းသို့ တရားဝင် အပြီးအပိုင် လွှဲပြောင်း ပေးလာခဲ့သည်။ ဤသို့ဖြင့် အိန္ဒိယ သည် ဗြိတိသျှတို့၏ ကိုလိုနီ ဘဝ သို့ တရားဝင် ကျရောက်သွားခဲ့ရပေတော့သည်။
နောက်ပိုင်းတွင် အင်္ဂလန်မှ လူငယ် လူရွယ်များသည် အိန္ဒိယ အုပ်ချုပ်ရေး တွင် ပါဝင် အားဖြည့် နိုင်ရန် ရောက်ရှိလာခဲ့ကြသည်။ ဗြိတိသျှ တို့၏ အရပ်ဖက် အုပ်ချုပ်ရေး တွင် ရာထူးရာခံများ ရရှိလာခြင်းသည် ၎င်းတို့ အတွက် မည်သို့မျှ မမျှော်မှန်း နိုင်သော အခွင့်ထူးခံ ဘဝသို့ နေခြင်းညခြင်း ဆိုသလို ရောက်ရှိသွားခဲ့ခြင်းလည်း ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။
ဗြိတိသျှ တို့သည် ဌာနေ အိန္ဒိယ တိုင်းရင်းသား များအား ယဉ်ကျေးမှု နှင့် အလှမ်းဝေးသော အရိုင်းအစိုင်းသာသာ အဖြစ် ရှုမြင်ခဲ့ကြသည်။ ၎င်းတို့အား စည်းကမ်းတကျ နှင့် တင်းတင်းကျပ်ကျပ် အုပ်ချုပ်နိုင်မှ ဖြစ်မည်ဟုလည်း သဘောထားခဲ့ကြသည်။
ထိုသို့ အခွင့်ထူးခံ များ အဖြစ် ခန့်အပ်ခံခဲ့ရသူများသည် လည်း အရိုင်းအစိုင်းများ အား ယဉ်ကျေးအောင် လုပ်ပေးရမည့် ဝန်ထုပ်ဝန်ပိုးကြီး ထမ်းရွက်နေကြရသည်ဟု ယူဆလာပြီး သူတို့ အတွက် လိုအပ်သည်မှန်သမျှကို အလုပ်အကြွေးပြုရန် အိန္ဒိယ တိုင်းရင်းသားများကို အစေခံ များ သဖွယ် ခိုင်းစေလာခဲ့ကြသည်။ ၎င်းတို့ ကိုယ်တိုင်ကတော့ ရက်သတ္တပတ်ကုန် အားလပ်ရက်များ တွင် ပိုလို ကစားခြင်း၊ ကလပ်များ တွင် ဖဲကစားခြင်းများ ဖြင့် အချိန်ဖြုန်းခဲ့ကြသည်။ ၎င်းတို့ ဝင်ထွက်သွားလာသော ခမ်းနားထည်ဝါသော ကလပ်များ အတွင်းသို့ အိန္ဒိယ တိုင်းရင်းသားများကို ယောင်၍ပင် အနားကပ် မခံခဲ့ကြပေ။
ထိုအချိန်တွင် အိန္ဒိယ လူဦးရေသည် သန်း ၂၀၀ မှ ၃၀၀ အကြားတွင် ရှိ၍ အုပ်ချုပ်ရေး ဖက်တွင် မနိုင်မနင်း ဖြစ်လာသဖြင့် အိန္ဒိယ အထက်တန်းလွှာ ပညာတတ် လူတန်းစားများကို အရပ်ဖက် အုပ်ချုပ်ရေး ထဲသို့ ထည့်သွင်း လာခဲ့ကြသည်။ ထိုပညာတတ်များသည် အင်္ဂလန် ရှိ ထိတ်ထိတ်ကျဲ တက္ကသိုလ် ကျောင်းတိုက်ကြီးများ တွင် ပညာရင်နို့ သောက်စို့ခဲ့ကြသူများလည်း ဖြစ်သည်။
သို့သော် ထိုသို့သော လူများကိုလည်း အင်္ဂလိပ်တို့က ၎င်းတို့ နှင့် တန်းတူရည်တူ များ အဖြစ် သဘောမထားခဲ့ကြပြန်ပေ။ ထို့အတွက် အိန္ဒိယ ဌာနေ တိုင်းရင်းသားများ နှင့် ဗြိတိသျှ တို့အကြား လူမှုရေး၊ စီးပွားရေး နယ်ပယ်များ တွင် ကြီးမားသော ကွာဟချက်ကြီး ဖြစ်ပေါ်လာခဲ့သည်။
အိန္ဒိယ အရပ်ဖက် အုပ်ချုပ်ရေးထဲ ပါဝင်ခွင့် ရခဲ့သူများထဲတွင် မိုဟန်ဒါ ဂန္ဒီ ဆိုသူလည်း ပါဝင်ခဲ့သည်၊ သူ၏ ဖခင်သည် ဗြိတိသျှ ရပ်ချ် အုပ်ချုပ်ရေး တွင် ဗြူရိုကရက် အရာရှိတဦးလည်း ဖြစ်နေသည့် အတွက်ကြောင့်လည်း ဖြစ်သည်။
၁၈၈၈ ခုနှစ်တွင် ဂန္ဒီသည် လန်ဒန်သို့ ဥပဒေ ပညာ သင်ယူရန် ရောက်ရှိလာခဲ့သည်။ လန်ဒန်တွင် သူ့အရင် ရောက်နှင့်ပြီးသား လက်ဝဲ ပညာတတ်များ နှင့် အဆက်အသွယ် ရလာခဲ့သည်။ ထိုအထဲတွင် ဖေဘီယန် အသင်းဝင်များ၊ သီအိုဆိုဖစ် ခေါ် ဘာသာ အားလုံး ညီညွတ်ရေးနှင့် လူသားအားလုံး ညီရင်းအကို အဖြစ် ခံယူရမည် ဟူသော အယူအဆ စွဲကိုင်ထားသူများ၊ ဆိုရှယ်လစ် များလည်း ပါဝင်သည်။
ဂန္ဒီသည် အင်္ဂလန်မှ ဥပဒေ ဘွဲ့ကို ရရှိခဲ့ပြီး နောက်တွင် အိန္ဒိယ သို့ ပြန်ရောက်လာခဲ့သည်၊ သို့သော် အိန္ဒိယ တွင် ခေတ္တခဏ မျှသာ နေခွင့်ရခဲ့ပြီး တောင်အာဖရိက ထရန်းဗား ပြည်နယ် ရှိ အမှုတခု အတွက် ရှေ့နေ လိုက်ပေးရန် အိန္ဒိယ ကုမ္ပဏီတခု ၏ ကမ်းလှမ်းခြင်း ခံခဲ့ရ၍ တောင်အာဖရိက သို့ ထွက်ခွာလာခဲ့သည်။
ဤသို့ဖြင့် ဂန္ဒီသည် တောင်အာဖရိက တွင် ရှေ့နေ ဘဝ ဖြင့် နှစ်ဆယ့် တစ်နှစ် အကြာ နေထိုင်ခဲ့သည်။ ဂန္ဒီသည် တောင်အာဖရိက ရှိ အိန္ဒိယ အထက်တန်းလွှာ အကြားတွင် ဝင်ဆန့်သည့် ရှေ့နေကြီး ဖြစ်လာခဲ့သော်လည်း သူ့အား ဗြိတိသျှ တို့က ကူလီ တဦး နှင့် မခြား သဘောထား ဆက်ဆံ ခဲ့ကြသည်။ ကူလီ ဆိုသည်က အိန္ဒိယ အလုပ်သမား တဦးအား နှိမ့်ချ ခေါ်ဝေါ်သည့် အသုံးအနှုံးလည်း ဖြစ်ပေသည်။