သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(117)

by Hla Soewai - Mar 15 2023

ဂန္ဒီကြီး၏ အာဏာဖီဆန် တော်လှန်ရေး

 

 

ဗြိတိသျှ အင်ပိုင်ယာကြီး သည် ဘုန်းမီးနေလ တောက်ခဲ့စဉ် အချိန်က ကမ္ဘာ ကုန်းမြေကြီး၏ လေးပုံတပုံ ကို ပိုင်ဆိုင်ထားခဲ့ပြီး ဖြစ်သည်။ ထို့အတွက်လည်း အင်ပိုင်ယာကြီး ၏ တနေရာတွင် နေဝင် သွားပါက တနေရာ တွင် နေထွက် နေသည့် အတွက် နေမဝင် အင်ပိုင်ယာ ကြီးဟု ခေါ်ဆို နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ဗြိတိသျှ ဝန်ကြီးချုပ် ဘင်ဂျမင် ဒစ္စရေလီ သည် အိန္ဒိယ တိုက်ငယ် ကြီးအား အင်ပိုင်ယာကြီးထဲ သွတ်သွင်း နိုင်ခဲ့ခြင်းသည် ဗြိတိသျှ နန်းစဉ် သရဖူ ကြီး ၏ အတောက်ပဆုံး ရတနာ တပါး အလား ဖြစ်လာခဲ့သည်ဟု ပြောဆိုခဲ့ဖူးသည်။

 

ဗြိတိသျှ အင်ပိုင်ယာ ကြီး ထဲရှိ အိန္ဒိယ တိုက်ငယ်အား ထိုစဉ်က ဗြိတိသျှ ရပ်ချ် ဟု ခေါ်ဝေါ် ပြောဆိုခဲ့သည်။ ဗြိတိသျှ ရပ်ချ် တွင် ယခု ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ နှင့် ပါကစ္စတန် နိုင်ငံများ ပါဝင်ခဲ့သည်။

 

ဝိတိုရိယ ဘုရင်မကြီး အား ၁၈၇၆ ခုနှစ် တွင် အိန္ဒိယ တိုက်ငယ်၏ အင်ပိုင်ယာ ပြည့်ရှင် အဖြစ် ကျေညာခဲ့ပြီး နောက် မကြာမီမှာပင် သူမအား မြင်ပင် မြင်ဖူးခဲ့ခြင်း မရှိသော ကိုလိုနီ နယ်သားများသည် လွတ်လပ်ရေး ရရှိရန် စတင် ကြိုးပမ်းလာခဲ့ကြတော့သည်။ နောက်ပိုင်းတွင် အိန္ဒိယ လွတ်လပ်ရေး လှုပ်ရှားမှု ကြီးသည် ပုံစံ အမျိုးမျိုး နှင့် ထွက်ပေါ်လာခဲ့သည်။

 

ယခု တင်ပြမည့် အကြောင်းအရာတွင် အကြမ်းမဖက် တော်လှန်‌ရေး ဆိုသည် ကိုလိုနီ ဆန့်ကျင်ရေး ဗျုဟာ ကို အဓိက ထား ဆွေးနွေးသွားမည် ဖြစ်သည်။ ထို အယူအဆသည် သက္ကတ ဘာသာ ဖြင့် အနာတရ မဖြစ်ရေး ဆိုသည့် အဟိံသ Ahimsa ခေါ် ဟိန္ဒူ ဝါဒ ကျင့်စင်များထဲမှ  မိုဟန်ဒါ ဂန္ဒီ ဆိုသူက စတင် ဖေါ်ထုတ် လာခဲ့ခြင်း ဖြစ်ပြီး  နောက်ပိုင်း တွင် ဂန္ဒီသည် ဗြိတိသျှ ကိုလိုနီ နယ်ချဲ့ များအား ဆန့်ကျင် တော်လှန်ရာတွင် အကြမ်းမဖက် သည့် နည်းကို ကျင့်သုံးကြရန် လမ်းပြ ဦးဆောင်လာခဲ့၍ သူ့အား မဟတ္တမ (မြင့်မြတ်သူ) ဂန္ဒီ အဖြစ် ကမ္ဘာတဝှမ်း တွင် လူသိများလာခဲ့သည်။

 

အကြမ်းဖက်မှု သို့မဟုတ် အနည်းဆုံး အကြမ်းဖက်ရန် ခြိမ်းချောက် မှု များ ဆိုသည်က တော်လှန်ရေး ကြီး ပေါ်ပေါက် ရန် အတွက် မပါမဖြစ်သော အစိတ်အပိုင်းကြီးလည်း ဖြစ်သည်။ အိန္ဒိယ တွင် ၁၈၅၇ ခုနှစ်၌ ပေါ်ပေါက်လာခဲ့သည့် စစ်ဗာရီ တို့၏ ပုန်ကန်မှုကြီး သည် သွေးထွက်သံယို အများဆုံး ဖြင့် အရေးနိမ့်ခဲ့ပြီး ဗြိတိသျှ တို့ဖက်မှ ထိုသို့ ပုန်ကန်မှု မျိုး ထပ်မံ မပေါ်ပေါက်ရန် ဗြိတိသျှ တို့က အထူး ကြိုးပမ်းလာခဲ့၍ ယခင်ကထက် ပိုပြီး ဖိနှိပ်ချုပ်ချယ် ခံခဲ့ရသည်သာ အဖတ်တင်ခဲ့သည်။

 

သို့သော် ရှေ့နေ ပေါက်စ ဘဝမှ တော်လှန်ရေး သမားကြီး ဖြစ်လာခဲ့သော မဟတ္တမ ဂန္ဒီသည် နှစ်ဆယ်ရာစု နှစ် အစပိုင်းလောက်မှ စ၍ ထိုသို့ ဖိနှိပ်အုပ်ချုပ်လာမှုများကို မှောက်လှန်ပစ်ရန် ကြံစည်လာခဲ့တော့သည်။ သူသည် ကိုလိုနီ ဆန့်ကျင်ရေး ရုန်းကန်လှုပ်ရှားမှု ကြီး အတွက် ရှေးအစဉ်အဆက် လိုက်နာ ကျင့်သုံးခဲ့ကြသည့် အိန္ဒိယ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ များထဲမှ ထုတ်နှုတ်ကာ လမ်းကြောင်းသစ်ကို ချပြ လာခဲ့သည်။

 

သို့သော် အိန္ဒိယ ကျင့်စဉ်များသာမက အိုင်းရစ်ချ် မျိုးနွယ်စုများ၏ ဆန့်ကျင့်ကန်ကွက် ရာတွင် ကျင့်သုံးခဲ့သည့် အစဉ်အလာများ အပြင် ထိုအချိန်က အမေရိကန် စာရေးဆရာ ဟင်နရီ ဒေးဗစ် သရိုး နှင့် ရုရှား မှ လီယို တော်စတွိုင်း တို့၏ သီအိုရီများပါ ရောပြွမ်းထည့်သွင်းထားခြင်းလည်း ဖြစ်သည်၊ ဤသို့ဖြင့် ဂန္ဓီ၏ အကြမ်းမဖက် တော်လှန်ရေး လမ်းကြောင်းသည် ပုံပေါ်လာခဲ့ရသည်။

 

ဂန္ဓီ၏ ထိုသို့ အကြမ်းမဖက် တော်လှန်ရေး ကြောင့် အိန္ဒိယ မှ လွတ်လပ်ရေး ရခဲ့ပြီး နောက်ပိုင်း တွင် အစိုးရ ဖက်မှ မဟုတ်သော်လည်း“နိုင်ငံ၏ ဖခင်ကြီး” အဖြစ် သူ့ကို အိန္ဒိယ နိုင်ငံသား အားလုံး က တညီတညွတ်တည်း သတ်မှတ်ခံခဲ့ကြခြင်းလည်း ဖြစ်သည်။

 

ဂန္ဓီ၏ အရှိန်အဝါသည် အိန္ဒိယ တိုက်ငယ် အပြင်သို့ပါ လျှံထွက်လာခဲ့သည်။ သူ၏ တော်လှန်‌ရေး လမ်းကြောင်းသည် ကိုယ်ကျင့်တရားပိုင်း၊ မိမိကိုယ် မိမိ စွန့်လွှတ်အနစ်နာခံမှုများ နှင့် အတူ ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြသည့် နည်းလမ်းများ ဖြစ်နေ၍ မာတင် လူသာ ကင်း၊ နယ်ဆင် မင်ဒဲလား နှင့် အခြားသော တက်ကြွလှုပ်ရှားသူများက တလေးတစား လက်ခံလာခဲ့ကြသည်။

 

ထိုသို့ ငြိမ်းချမ်းစွာ တော်လှန်‌ရေး ဆိုသည့် ကျင့်စင်ကို ဂန္ဓီသည် မည်သို့မည်ပုံ ခံယူလာခဲ့ရသည် ဆိုသော အကြောင်းများကို တင်ပြသွားမည် ဖြစ်သည်။ ထို့ပြင် အိန္ဒိယ၏ ကိုလိုနီ နယ်ချဲ့ ဆန့်ကျင်‌ရေး လှုပ်ရှားမှုကြီးကို သူ၏ အကြမ်းမဖက် တော်လှန်‌ရေး အယူအဆဖြင့် မည်သို့မည်ပုံ လမ်းကြောင်း ပြောင်းပေးနိုင်ခဲ့သည် ဆိုသည်ကိုပါ လေ့လာ ဆန်းစစ်သွားမည် ဖြစ်သည်။ သူ၏ အကြမ်းမဖက် တော်လှန်‌ရေး နှင့် ငြိမ်းချမ်းစွာ အာဏာ ဖီဆန်ရေး လမ်းစဉ်၏ အကျိုးသက်ရောက်မှု ရှိသည် မရှိသည်ကိုပါ ချိန်ဆ စစ်ဆေးသွားမည် ဖြစ်သည်။ ဤနေရာတွင် ထိုသို့ အောင်မြင်နိုင်ရန် မည်သို့သော အခြေအနေများက ဖန်တီးပေးလာခဲ့၍ ဆိုသည်ကိုပါ လေ့လာ တင်ပြသွားမည် ဖြစ်သည်။