သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(116)

by Hla Soewai - Mar 10 2023

မော်စီတုံး ၏ တော်လှန်သော ခရီးကြမ်း (နိဂုံး)

 

 ၁၉၆၀ ကျော် နှစ်များ တလျောက်လုံး ထွက်ပေါ်လာခဲ့သည့် ဝါဒဖြန့် ပိုစတာ များကို ကြည့်မည်ဆိုက မော်အား နတ်ဘုရား တပါးအလား ကိုးကွယ် ဆည်းကပ်လာရန် ရည်ရွယ် လုပ်ဆောင်လာသည်များကို သိသာထင်ရှားစွာ တွေ့မြင်လာနေရသည်။ ယဉ်ကျေးမှု တော်လှန်ရေး ကာလ အတွင်း မော်၏ ပုံပါ ပိုစတာ အစောင်ရေ ၂.၂ ဘီလီယံ ပုံနှိပ် ဖြန့်ချီခဲ့သည်။

 

ထိုပိုစတာ အများစုတွင် မော်သည် လူများ အထက် တောက်ပသော နေမင်းကြီးအလား မားမားမတ်မတ် ရပ်နေစမြဲ ဖြစ်သည်ကို တွေ့ကြရမည် ဖြစ်သည်။ သူ၏ မျက်နှာ တဝိုက်တွင်လည်း ရွှေရောင် အလင်းတန်းများက ဖြာထွက်နေသည်။

 

ထိုသို့ ဖြစ်အောင်လည်း သရုပ်ဖေါ်သူများက သူတို့သဘော နှင့် သူတို့ ပြုလုပ်ခဲ့ကြခြင်း မဟုတ်ပေ၊ မော် ၏ ပုံအား မည်သို့မည်ပုံ သရုပ်ဖေါ်ရမည့် ဆိုသည့် တိကျသော စည်းမျဉ်းများက ရှိထားပြီး ဖြစ်သည်။ 

 

မျက် နှာသည် နီညိုရောင် ရှိရမည်၊ အနီးအနား တွင် အဝါရင့်ရောင် ချယ်သပြီး ပုံကို ကြွတက်လာအောင် ဖန်တီးရမည် ဟူ၍ ဖြစ်သည်။ တရုတ် လူထုကလည်း မော် အား ရင်ထဲက "နေလုံးနီနီရဲရဲ" ကြီးဟု ရည်ညွန်း ခေါ်ဝေါ်လာခဲ့ကြသည့် အထိ အောင်မြင်ခဲ့သည်။

 

ယဉ်ကျေးမှု တော်လှန်ရေးသည် ဖေါက်ပြန်ရေး အင်အားစုများ အား ဖယ်ထုတ်ရန် အတွက်ဟု ပြောခဲ့သော်လည်း ခေတ်သစ် တရုတ်ပြည်အကြောင်း သုတေသန ပြုနေသူ ဒပ်ခ်ျ သမိုင်းပညာရှင် ဖရန့် ဒစ်ကိုတာ ကမူ တကယ်တမ်းတွင် မော်သည် သူ၏ မအောင်မြင်သော ခုန်ပျံ ကျော်လွှား စီမံကိန်း အား ဆန့်ကျင်ခဲ့ကြသူများ အား လက်စားချေနိုင်ရန် ဖန်တီးမှု သက်သက်သာ ဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။

 

ယဉ်ကျေးမှု တော်လှန်ရေး ကာလတွင်း ပြည်သူ့ သဘောထား ဆိုသည်က ပုန်းလျိုးကွယ်လျိူး ဘဝ ရောက်သွားခဲ့ရပြီး ပြည်သူ့ ဒီမိုကရေစီ အာဏာရှင် စနစ်သည်လည်း အမည်သာ ကျန်ခဲ့ပေတော့သည်။မော် နှင့် သူအား ပုဂ္ဂိုလ်ရေး ကိုးကွယ် ဆည်းကပ်မှုသည် သာ တော်လှန်ရေး ဖြစ်သွားခဲ့သည်။

 

မော်သည် သူ၏ ထိုသို့သော အထက်စီး မှ ရယူထားသည့် အနေအထားကို သူကွယ်လွန်ချိန် ၁၉၇၆ စက်တင်ဘာလ အထိ မြဲမြံ့စွာ ဆုပ်ကိုင်ထားနိုင်ခဲ့သည်။

 

ဥက္ကဌကြီး မော် ကွယ်လွန်သွားခဲ့သည့် အတွက် တနိုင်ငံလုံး ပူဆွေးသောက ရောက်နေချိန်တွင် သူ၏ ကျန်ရစ်သူ ဇနီး ဂျန်ချင်း နှင့် လုပ်ဖေါ်ကိုင်ဖက် သုံးဦးမှ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ရန် လှုပ်ရှားလာကြသည်။ ၎င်းတို့လေးဦး အား သမိုင်းတွင် "လေးဦးဂိုဏ်း" အဖြစ် ထင်ရှားလာခဲ့သည်။

 

သို့သော် ၎င်းတို့ ထိုသို့ အာဏာကို ဆုပ်ကိုင်ထားမှု သည် တလ ပင် မခံခဲ့ပေ။ သဘောထား အယူအဆ အလယ်အလတ် ရှိသည့် အင်အားစု သည် အသာစီး ရလာခဲ့သည်။

 

မော်၏ သစ္စာရှိ လူယုံတော်ကြီး ဖြစ်သည့် ဟွကိုဖုန်းသည် ပါတီ ဥက္ကဌ ရာထူး ရသွားခဲ့သည်။ သို့သော် သူသည် စပ်ကူးမတ်ကူး ကာလ အတွက် တာဝန်ယူပေးရသလို မျိုး ဖြစ်သွားပြီး သူ့ထက် ပို၍ အစွမ်းထက်သည့် တိန့်ရှောင်ဖိန်၏ တွန်းထုတ်ခြင်းကို ခံခဲ့ရသည်။ တိန်ရှောင်ဖိန်သည် မော် နှင့် ကာလကြာမြင့်စွာ တွဲဖေါ်တွဲဖက် ဖြစ်ခဲ့ယုံမျှမက ရန်သူ အဖြစ်လည်း အခါအားလျော်စွာ သတ်မှတ်ခံခဲ့ရသူလည်း ဖြစ်သည်။

 

တိန့်ရှောင်ဖိန်သည် အာဏာရပြီး နောက် ဆယ်စုနှစ် တခုလုံးလုံး တရုတ်ပြည် စီးပွားရေး ခေတ်မီ ဖွံ့ဖြိုး ခိုင်မာလာစေရန် ဇောက်ချလုပ်လာခဲ့သည်။ ပုဂ္ဂလိက လုပ်ငန်းများ နှင့် ပြည်ပ ရင်းနှီးမြုပ်နှံ မှုများကို အကန့်အသတ် နှင့် ခွင့်ပြု ပေးခဲ့သည်။

 

၁၉၈၆ ခုနှစ် အတွင်း အမေရိကန် သတင်းစာဆရာ မိုက် ဝေါလေ့စ် မှ တိန်ရှောင်ဖိန်အား "တော်လှန်ရေး အသစ်" ဆင်နွှဲနေခြင်း များလောဟု မေးခွန်းထုတ်လာခဲ့ရာ "ခင်ဗျား မေးတာ ကွက်တိပဲ၊ ကျွန်တော်တို့ အခုမှ တော်လှန်ရေး အနှစ်သာရ တွေ အကောင်အထည် ဖေါ်နေကြရတာ" ဟု ပြန်ဖြေခဲ့သည်။

 

တိန့်ရှောင်ဖိန်သည် မော်စီတုံး ထံမှ အဖိုးမဖြတ်နိုင်သော သင်ခန်းစာများ ရယူနိုင်ခဲ့သူ ဖြစ်သည်။ တော်လှန်ရေး ၏ ဂုဏ်ရှိန် ဂုဏ်ဝါသည် မိမိတို့ ချမှတ်ထားသော မူဝါဒ များ မှန်ကန်မှု ရှိကြောင်းနှင့် ပြုပြင်ပြောင်းလဲရေး များ ဖေါ်ဆောင်ရန် အတွက် အထိရောက်ဆုံး ကိရိယာ တန်ဆာပလာ များ အဖြစ်သာ ခံယူခဲ့သည်။

 

၁၉၈၉ တွင်တော့ လစ်ဘရယ်ကျသည့်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များ ဖေါ်ဆောင်ပေးရန် အကြီးအကျယ် ဆန္ဒပြ တောင်းဆိုလာမှု များ နှင့် ရင်ဆိုင်လာခဲ့ရသည်။ သို့သော် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသား ပြောဆိုခွင့် နှင့် လစ်ဘရယ် ဒီမိုကရေစီ သည် သူ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ တွင် ပါဝင်ခြင်း မရှိကြောင်း ရှင်းလင်းစွာ အသိပေးလာခဲ့သည်။

 

၁၉၈၉ ဇွန်လ အစောပိုင်းတွင် အစိုးရ မှ မာရှယ်လော ထုတ်ပြန်ထားသည့် ကြားမှ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြလာသူများသည် တီယန်မင် ရင်ပြင်ကြီးကို သိမ်းပိုက်လိုက်ကြသည်။ တချိန်တည်းမှာပင် အရှေ့ဥရောပ ရှိ ကွန်မြူနစ် အစိုးရ များ ယိမ်းယိုင် ပြိုလဲစ ပြုလာနေပြီ ဖြစ်သည်။ တကမ္ဘာလုံးကလည်း တရုတ် ကွန်မြူနစ် အစိုးရ မည်သို့ မည်ပုံ ဖြစ်လာပေမည်နည်းဆိုသည်ကို အထူး အာရုံစိုက် စောင့်ကြည့်လာခဲ့ကြသည်။

 

တိန်ရှောင်ဖိန်သည် သေနတ်များ နှင့် လူအုပ်ကြီးထဲသို့ ပစ်ခတ်ခြင်း၊ သံချပ်ကာ ကားများ ဖြင့် ဆန္ဒပြသူများ အား တက်ကြိတ်ပစ်ခြင်းများ နှင့် ထိုသို့ တောင်းဆိုလာမှုများကို အဖြေပေးခဲ့သည်။ ယနေ့ အထိ ထိုစဉ်က မည်ရွေ့မည်မျှ သေဆုံးခဲ့သည်ကို အတိအကျ သိရှိနိုင်ခြင်း မရှိသေးပေ။

 

ဘီဂျင်းရှိ ဗြိတိသျှ သံအမတ်ကြီးကန ဆန္ဒပြသူ ၁၀,၀၀၀ ခန့် သေဆုံးသွားသည်ဟု ခန့်မှန်းခဲ့သည်။ တရုတ် အစိုးရ က ချက်ခြင်းလို "ရွှေ ဒိုင်း" ဟူသော စီမံချက် ချကာ မီဒီယာ များ နှင့် အင်တာနက်ကို စနစ်တကျ ထိန်းကွပ် နိုင်လိုက်သဖြင့် ထိုစဉ်က မည်သို့မည်ပုံ ဖြစ်ပျက်သွားခဲ့သည်ကို အတိအကျ သိရှိသူ လွန်စွာ နည်းပါးခဲ့သည်။

 

မော်စီတုံး မှ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံကြီး ထူထောင်ခဲ့ပြီဟု ကျေညာခဲ့သော အ‌ဆိုပါ ရင်ပြင်ကြီး လည်းဖြစ်၊ ယဉ်ကျေးမှု တော်လှန်ရေး ကြီး အတွင်း တပ်နီ အစောင့် တပ်ဖွဲ့ဝင် တသန်း ခန့်အား မိန့်ခွန်းပြောကြားခဲ့ရာ ရင်ပြင်ကြီးလည်း ဖြစ်သည့် တီယန်မင် ရင်ပြင်ကြီးတွင် တိန့်ရှောင်ဖိန်သည် ကွန်မြူနစ် ပါတီမှ တိုင်းပြည်အာဏာကို ဆက်လက် လက်ဝါးကြီး အုပ်ထားနိုင်ရန် နောက်တကြိမ် တော်လှန်သော အတွေးအခေါ်များကို ဖေါ်ထုတ် သွတ်သွင်းလာခဲ့ပြန်သည်။

 

ဆိုလိုသည်က တရုတ်ပြည်ကြီး အတွက် တရားဝင်ရပ်တည်ပေးလာသော တော်လှန်ရေး အား ဆန့်ကျင်သူ မှန်သမျှသည် တန်ပြန်တော်လှန်ရေးသမားများ၊ တော်လှန်ရေး အပေါ် သစ္စာဖေါက်သူများ အဖြစ် သတ်မှတ်လာခဲ့ခြင်းပင် ဖြစ်သည်။

 

ဤသည်ကား တရုတ်ပြည် ကွန်မြူနစ် ပါတီ၏ အာဏာ အစစ်အမှန်ပင် ဖြစ်ပေတော့သည်။

 

(ဂန္ဓီကြီး၏ အကြမ်းမဖက် တော်လှန်ရေး အား ဆက်လက် တင်ပြသွားပါမည်)