သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(111)

by Hla Soewai - Mar 01 2023

မော်စီတုံး ၏ တော်လှန်သော ခရီးကြမ်း (၃)

 

မော်သည် သူ၏ အစိုးရအား “ပြည်သူ ဒီမိုကရေစီ အာဏာရှင် စနစ်” ဖြင့် ဆက်လက် ပုံဖေါ်လာခဲ့သည်။ ထိုနိုင်ငံရေး ပုံစံသစ်တွင် အာဏာရ ကွန်မြူနစ် ပါတီ သည် ၎င်းတို့နှင့် အံဝင်ဂွင်ကျ ဟု သတ်မှတ်ထားသော နေထိုင်မှု ဘဝ နှင့် အတွေးအခေါ် ကျင့်သုံးသူများ ကို နေရာပေးလာခဲ့သည်။ သို့သော် ဤသည်ကိုလည်း မော်စီတုန်း မှ လက်သင့်ခံနိုင်လောက်သည် ဟု အဓိပ္ပါယ် ဖွင့်ဆို ဆုံးဖြတ်ထားသည့် လမ်းညွှန်ချက် နှင့် ရွေးချယ်လာခဲ့ကြခြင်းလည်း ဖြစ်သည်။

 

 တန်ပြန်တော်လှန်ရေး အင်အားစုများဟု သတ်မှတ်ခံထားရသူ များ အဖို့ နိုင်ငံရေး အခွင့်အရေး များ ဆုံးရှုံးသွားခဲ့ယုံမက ပြင်းထန်စွာ အပြစ်ပေးမှု ခံခဲ့ရသည်။ အချို့ကို အလုပ်ကြမ်း စခန်းများသို့ ပို့ကာ ပြန်လည် ပြင်ဆင်နိုင်ခွင့် ပေးခဲ့သည်။ အစိုးရသစ် သည် “လူတန်းစား ရန်သူများ” ဆိုသည်ကို ဖေါ်ထုတ်ရန် ပြန်လည် တည့်မတ်‌ပေးရေး ကမ်ပိန်းကို စတင်လာသည်။ ထိုကမ်ပိန်းအရ နိုင်ငံသားများသည် မိမိတို့၏ ဝါဒ ရေးရာ အားနည်းချက်များ၊ ကိုယ့်ကိုကိုယ် သံသယ ပွားနေမှု များ ရှိက လူသိရှင်ကြား ထုတ်ဖေါ်ဝန်ခံဖို့ လိုအပ်လာခဲ့သည်။ ထိုအထဲမှ နောင်တ ရသင့်သ‌လောက် မရဟု ယုံကြည်ရသူ များ အဖို့က အလုပ်ကြမ်း စခန်းသို့ မြန်းကြရပေတော့သည်။

 

 မော်သည် ထိုကဲ့သို့ ပြည်တွင်းမှ စိန်ခေါ်သူများသာမက ပြည်ပ နှင့်လည်း ရင်ဆိုင်လာခဲ့ရသည်။ ဤသည်ကား ကိုရီယား ကျွန်းဆွယ် ကြီး နှစ်ခြမ်းကွဲသွားသည့် အရေးပင် ဖြစ်သည်။ ကျွန်းဆွယ် ၏ ကွန်မြူနစ် တို့ လွှမ်းမိုးထားသော မြောက်ပိုင်းအား ဆိုဗီယက် တပ်များက သိမ်းပိုက်ထားခဲ့သည်။ အရင်းရှင် စနစ် လိုလားသည့် တောင်ပိုင်းသည် အမေရိကန်တပ်များ လက်တွင် ရှိနေသည်။ ၁၉၅၀ ဇွန်လ တွင် မြောက်ပိုင်း နှင့် တောင်ပိုင်းအကြား ပြည်တွင်းစစ်ကြီး ဖြစ်ပွားလာခဲ့ပြီး မြောက်ပိုင်းရှိ ကွန်မြူနစ် များက တောင်ပိုင်းကို စတင် ကျုးကျော် တိုက်ခိုက်လာခဲ့သည်။

 

နောက်ပိုင်း လေးလ အကြာ ၁၉၅၀ အောက်တိုဘာလ တွင်တော့ တရုတ် တပ်များသည် ပဋိပက္ခကြီးထဲသို့ ဝင်ပါလာခဲ့သည်။ ဤသို့ဖြင့် အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂတပ်များ နှင့် ထိတ်တိုက် ရင်ဆိုင်လာခဲ့ ရပေတော့သည်။

 

 ထိုစဉ်က အသစ် တည်ထောင် ဖွဲ့စည်းလာခဲ့သည့် ကွန်မြူနစ် အစိုးရ အနေဖြင့် တော်လှန်ရေးကြီး ကကြီးရေးက စယုံရှိသည့် အဆင့်မှာပင် နိုင်ငံတကာ ပဋိပက္ခကြီးထဲ ပါဝင်လာခဲ့ခြင်းကပင် မဟာ အမှားကြီး ကျုးလွန်ခဲ့ခြင်းပင် ဖြစ်သည်။ သို့သော် မော်သည် တဖက်တွင် လူထု ထောက်ခံမှု ရအောင် ကျွမ်းကျင်စွာ ကိုင်တွယ် မောင်းနှင်ရင်း တဖက်တွင်လည်း ကွန်မြူနစ် တရုတ်ပြည်သည် အာရှတွင် အင်အားကြီး နိုင်ငံ တနိုင်ငံ အဖြစ် ပြနိုင်မှသာ ကမ္ဘာဇတ်ခုံ ပေါ်တွင် သံတမန်ရေး အရ နေရာပေးခြင်း ခံလာရမည်ဟု တွက်ဆခဲ့သည်။

 

 မော်က အကယ်၍သာ အမေရိကန် တပ်များ နယ်စပ်သို့ ရောက်လာမည် ဆိုက မိမိတို့၏ နိုင်ငံနှင့် ကွန်မြူနစ် တော်လှန်ရေး သည် အန္တရာယ် နှင့် ရင်ဆိုင်ရတော့မည်ဟု အကြောင်းပြခဲ့သည်။ မော်၏ နယ်ချဲ့ အရင်းရှင် စနစ် ဆန့်ကျင်ရေး စကားများကြောင့် တရုတ်ပြည်သူတို့၏ မျိုးချစ်စိတ်ဓါတ် နှင့် တော်လှန်ရေး အပေါ် စိတ်အား ထက်သန်မှု များ နိုးကြားလာခဲ့သည်။

 

 တရုတ်အစိုးရမှ ထုတ်ပြန်သော စာနယ်ဇင်းများ နှင့် ဝါဒဖြန့်ချီရေး စာစောင်များ တွင် ကိုရီးယား အရေး အခင်း ကို အသုံးချကာ ပြည်သူများ ညီညွတ်ကြဖို့၊ တိုင်းပြည် နှင့် လူမျိုး အတွက် အနစ်နာခံကြဖို့ လှုံ့ဆော်လာခဲ့သည်။ တရုတ် အလုပ်သမားများသည် ၎င်းတို့၏ လုပ်ခများကိုပင် တော်လှန်ရေး ရံပုံငွေ အဖြစ် ထည့်ဝင်လာခဲ့ကြသည်။ လယ်သမား များကလည်း ကုန်ထုတ်လုပ်မှု တိုးတက်ရန် နေ့မအား ညမအား ကြိုးစားလုပ်ကိုင်လာကြသည်။

 

တရုတ်ပြည်တွင် နေထိုင်ပြီး သံခင်းတမန်ခင်းများကို လေ့လာနေသည့် ပညာရှင်တဦး ဖြစ်သူ ဂယ်ရီ ရွမ်စလေ မှ မော်စီတုန်းသည် ကိုရီယား ကျွန်းဆွယ် ပြဿနာကို ၎င်း၏ ပြည်တွင်း အာဏာနီ တည်ဆောက်ရန် ကောင်းစွာ အသုံးချ နိုင်ခဲ့သည်ဟု မှတ်ချက်ချခဲ့သည်။ ပြည်တွင်း မြေယာ ဝေခြမ်းရေး များ တွင် သာမက ၎င်းအား ဆန့်ကျင်သူများ အားလည်း အမေရိကန် အရင်းရှင် နယ်ချဲ့ ဝါဒ၏ လက်ပါးစေများဟု ကင်ပွန်းတပ်လာနိုင်ခဲ့သည်။

 

 မော်စီတုန်း အဖို့ ထိုပဋိပက္ခကြီး တွင် ပြည်တွင်း မူဝါဒ များအရ ကြားနေဖို့ ဆိုသည်က မဖြစ်နိုင်သည့် အနေအထား တွင် ရှိနေသည်။ အစိုးရမှ တရုတ် ပြည်သူ သားကောင်းများ အနေဖြင့် မိမိတို့ ကျရာတာဝန်ကို ထမ်းဆောင်ကြရန် နှင့် တော်လှန်‌ရေးကြီးအား ကာကွယ်နိုင်ရန် “တန်ပြန်တော်လှန်ရေး သမားများ” အား မျက်စိဖွင့် နားစွင့်ပြီး အစိုးရအား သတင်းပို့ရန် တိုက်တွန်းလာကြသည်။

 

ထိုအချိန်ကာလများ ဖြစ်သော ၁၉၅၀ နှင့် ၁၉၅၂ ကာလများအတွင်း တရုတ် နိုင်ငံသား ၇၀၀,၀၀၀ အား တန်ပြန်တော်လှန်ရေး သမား များ အဖြစ် တံဆိပ် ခပ်ပြီး ကွပ်မျက် ပစ်ခဲ့သည်ဟု တရားဝင် ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။ တော်လှန်ရေး အား မျိုးချစ်စိတ်ဓါတ် နှင့် ချိတ်ဆက်ပြီး စစ်ဝါဒ ရိုက်သွင်းလာခဲ့ခြင်းပင် ဖြစ်သည်။ ယင်းသည် နောက်ပိုင်းတွင် တရုတ်ပြည်သူ သမ္မတ နိုင်ငံ ကို ဆက်လက် ပုံဖေါ် ပြဋ္ဌာန်းလာခဲ့သည့်