သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(106)

by Hla Soewai - Feb 16 2023

ဗြိတိန် နှင့် အမေရိကန် ရှိ အမျိုးသမီး ထုကြီး၏ မဲပေးပိုင်ခွင့် ရရှိရေး တော်လှန် လှုပ်ရှားမှုကြီး (၆)

 

၁၉၀၈ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ တွင် အင်မလင် ပန်ခတ်စ်သည် WSPU အဖွဲ့ကြီးအား ထောက်ခံသူများ၊ စာနာမှု ပေးနေကြသူများ အားလုံး ဗြိတိသျှ ပါလီမန်သို့ အမြန် ချီတက်ကြရန် လှုံဆော်မှု ဖြင့် ရဲများက သူမနှင့် ခရစ်စတာဘဲလ် ပန်ခတ်စ်၊ ဖလိုရာ ဒရူမွန် တို့ကို ဖမ်းဆီးလိုက်သည်။ သို့သော်လည်း သူတို့၏ လှုံ့ဆော်ခဲ့မှု သည် အောင်မြင်သွားခဲ့ပြီး လူပေါင်း ၆၀,၀၀၀ ခန့် ပါလီမန် သို့ ချီတက် စုဝေးလာခဲ့ကြသည်။ ရဲအဖွဲ့များက ချီတက်လာသည့် လူစုလူဝေး အား ဖြိုခွဲရန် ကြိုးစားစဉ် အခြား တနေရာမှ လူစုလူဝေးကြီး ပေါ်ထွက်လာပြီး ဆက်လက် ချီတက်ခဲ့ကြသည်။

 

လန်ဒန် မြို့လယ်ခေါင် တွင် စစ်မြေပြင် အလား ပြောင်းလဲသွားခဲ့ရသည်၊ ထိုသို့ ဖြစ်လာအောင်လည်း ဆားဖရစ်ချ် အမျိုးသမီးများက စနစ်တကျ စီမံထားခဲ့ကြခြင်း ဖြစ်သည်။ သူတို့အားလုံး သည် မိမိတို့ ၏ တရားမျှတသော အခွင့်အရေး များ အတွက် တိုက်ပွဲ ဝင်သွားမည့် လူများ အဖြစ် ပုံဖေါ်လိုက်ကြသည်။ အင်မလင် ပန်ခတ်စ် ကိုယ်တိုင်မှ မိမိသည် အမျိုးသမီးများ ဆင်နွှဲနေသည့် ပြည်တွင်းစစ် ကြီး၏ တိုက်ပွဲဝင် စစ်သည် တဦး ဖြစ်ကြောင်း ပြောဆိုလာခဲ့သည်။ ထိုအရေး အတွက် စကားလုံး များ တန်ဆာဆင်နေရန် မလို၊ အပေးအယူ လည်း လုပ်စရာ မလိုဟု ဆိုသည်။ (ပုံတွင် ရှု့)

 

“အမျိုးသမီး များ အဖို့ အသတ်ခံရဖို့ နှင့် မဲပေးခွင့်ရ ဖို့သာ ရွေးချယ်ရတော့မည် ဖြစ်ကြောင်း ကြွေးကျော်လာခဲ့သည်။ ဒေါသထွက်လာသော လူအုပ်ကြီးများ ကလည်း အမျိုးသမီးများ အား လက်သီးလက်မောင်း တန်းကာ ဆဲရေး တိုင်းထွာလာကြပြီး တုတ်များ၊ ခဲများ နှင့် ပစ်ပေါက်လာကြသည်။

 

လေဘာ ပါတီ အမတ် ကီယာ ဟာဒီမှ ပြည်ထဲရေး ဝန်ကြီး ဖြစ်သူ ဝင်စတန် ချာချီ အား ဆားဖရစ်ချ် လှုပ်ရှားသူ အမျိုးသမီး များ အပေါ် ရဲ အဖွဲ့ နှင့် တန်ဖိုးကြီး အဝတ်အစား များ ဝတ်ဆင်ထားသည့် လူများမှ အကြမ်းဖက်လာမှု ကို ရှင်းလင်း ရန် မေးခွန်းထုတ် စိန်ခေါ်လာခဲ့သည်။ ချာချီ မှ ထိုလူများသည် ဆန္ဒပြ လူအုပ်ကြီး ထဲ အပြေး ဝင်သွားကြ၍ ရဲအဖွဲ့အနေနှင့် ဟန့်တားချိန် မရခဲ့ဟု ဆိုသည်။

 

ထိုအချိန်တွင် ဖမ်းဆီးခံထားရသော WSPU မှ ခေါင်းဆောင် အမျိုးသမီးများသည် တရားရုံးတွင် အမှု ရင်ဆိုင်နေရပြီး အဆမတန် များပြားလှသော ဒဏ်ကြေး များ ချမှတ်ခံခဲ့ရသည်၊ မပေးဆောင်က ထောင်ဒဏ် သုံးလ ကျခံရမည်ဟု စီရင်ချက် ထွက်ပေါ်လာခဲ့သည်။ အမျိုးသမီးများသည် ထိုပမာဏ ကို ပေးဆောင်နိုင်သူများ ဖြစ်သော်လည်း ထောင်ကျ ခံရန် ရွေးချယ်လိုက်ကြသည်။

 

အကြောင်းအမျိုးမျိုး ဖြင့် ၁၉၀၅ မှ ၁၉၁၄ အတွင်း  ဆားဖရစ်ချ် လှုပ်ရှားမှု ကြီးတွင် ပါဝင်သည့် အမျိုးသမီး ၁,၀၀၀ နီးပါး အဖမ်းခံခဲ့ရသည်။

 

၎င်းတို့သည် ထောင်အပြင် တွင် ရှိနေသည့် ကျန် အမျိုးသမီးထုကြီး အတွက် စံနမူနာ ပြ ဖြစ်လာခဲ့ရသည်။ ထောင်မှ လွတ်လာသည့် အခါတိုင်း ဂုဏ်ပြုပွဲများ ဖြင့် ကြိုဆိုခဲ့ကြပြန်သဖြင့် သူတို့ လှုပ်ရှားမှု အတွက် နောက်ထပ် လူသိများဖို့ ဖြစ်လာခဲ့ရပြန်သည်။

 

၁၉၀၉ ခုနှစ် ဧပြီလ တွင် အက်မလင်း ပန်ခတ်စ် ဟော်လိုဝေး အကျဉ်းထောင်ကြီးမှ လွတ်လာသည့် အခါ လူ ရာပေါင်းများစွာ လာရောက် စုဝေးကြပြီး သူမအား ဟိုက်ပတ်ခ် ပန်းခြံကြီးမှ လန်ဒန် အနောက်ပိုင်းရှိ အားလ်ဒွစ်ချ် ပြဇာတ်ရုံကြီး သို့ အခမ်းအနား ဖြင့် ခေါ်ဆောင်ကာ လှည့်လည်ခဲ့ကြသည်။ ထိုအခမ်းအနားတွင် ဆားဖရစ်ချ် လှုပ်ရှားသူ အမျိုးသမီး တဦး ဖြစ်သည့် အဲလ်စီ ဟောင်ဝီ သည် မြင်းဖြူကြီးကို စီးကာ ဂျုန်းအော့အတ်ခ် လို ဝတ်စားပြီး လိုက်ပါလာခဲ့၍ အခမ်းအနားသည် ပို၍ သရုပ်ပီပြင်လာခဲ့သည်။

 

၁၉၀၉ ခုနှစ် ဇူလိုင်လ တွင် WSPU မှ အဖွဲ့ဝင် တဦး ဖြစ်သည့် မာရီရွန် ဝေါလေ့စ်-ဒန်းလော့သည် ဟော်လိုးဝေး အကျဉ်းထောင် ကြီး အတွင်း အစာငတ်ခံ ဆန္ဒပြ လာခဲ့သည်။ သူမသည် နိုင်ငံရေး ပြစ်မှု ဟု ယူဆ၍ ရသည့် အမှုမျိုး ဖြင့် အကျဉ်းချ ခံထားရသူ ဖြစ်သည်။

 

ပါလီမန် အဆောက်အအုံ၏ နံရံ ပေါ်တွင် ၁၆၈၉ ခုနှစ် အင်္ဂလန် ၏ နိုင်ငံသား အခွင့်အရေး ကျေညာစာတမ်း မှ ကောက်နှုတ်ပြီး ယခုလို ‌ရေးသားခဲ့မှု ဖြင့် ဖမ်းဆီးခံထားရသူ ဖြစ်သည်။

 

“ဘုရင်ထံ အသနားခံ လျှောက်ထားရန် နိုင်ငံသားတဦး တွင် အခွင့်အရေး ရှိသည်။ ထိုသို့ လျှောက်ထားမှု အား ဖိနှိပ် ဖမ်းဆီးရန် ကြိုးပမ်းမှု မှန်သမျှသည် တရားမဝင်” ဟူ၍ ဖြစ်သည်။ သူမသည် ထိုကျေညာစာတမ်း မှ စာသားများ ကူးရေးခဲ့သည်ကို သိသာထင်ရှားနေသည့်တိုင် သာမန် ရာဇဝတ်သား တဦး အလား ဆက်ဆံခံခဲ့ရသည်။

 

အာဏာပိုင်များသည် နောက်ပိုင်းတွင် အမျိုးသမီး ဆန္ဒပြသူများအား ပို၍ တင်းကျပ်စွာ အရေးယူ နိုင်ရန် ဥပဒေကို လက်တလုံးခြား အဓိပ္ပါယ် ဖွင့်ဆိုပြီး ထုတ်ပြန်လာခဲ့သည်။  ၁၉၀၉ ခုနှစ် မတိုင်မီက အမျိုးသမီး ဆန္ဒပြသူများ ဖမ်းဆီးခံရသည့် အရေ အတွက်သည် မပြောပလောက်၍ ဗြိတိန် ပြည်ထဲရေး ရုံးမှ သူတို့အား ပထမတန်းစား အကျဉ်းသား များ အဖြစ် ဆက်ဆံရန် သတ်မှတ်ပေးခဲ့သည်။ ဆိုလိုသည်မှာ နိုင်ငံရေး အကျဉ်းသား များ အဖြစ် သတ်မှတ်လိုက်ခြင်းပင် ဖြစ်သည်။

 

ပထမတန်းစား အကျဉ်းသား ဖြစ်လာ၍ ထောင် အဝတ်အစားများ ဝတ်ဆင်ရန် မလိုပဲ၊ ကိုယ့်အဝတ်အစား ကိုယ် ဝတ်နိုင်ခွင့် ရှိလာသည်။ မိဘဆွေမျိုး မိတ်ဆွေများ ထံမှ ပါဆယ်များ ပေးပို့ခွင့်ရလာသည်။ ထောင်ဝင်စာများလည်း ပုံမှန် တွေ့ခွင့်ပေးလာခဲ့သည်။

 

နောက်ပိုင်းတွင် အမျိုးသမီးများ၏ လှုပ်ရှားမှု သည် ပို၍ ပြင်းထန်လာနေသဖြင့် ပထမတန်းစား မှ ဒုတိယ တန်းစား အကျဉ်းသား အဆင့်ကို လျော့ချခဲ့သည်။ ထို့အတွက် အမျိုးသမီးများသည် ပြင်ပ ကမ္ဘာ နှင့် အဆက်အသွယ် ပြတ်သွားခဲ့ပြီး ထောင် အဝတ်အစားကိုသာ ဝတ်ဆင်ခဲ့ရသည်။ သူတို့အားလုံးကိုလည်း တသီးတခြားစီ ခွဲ၍ ထားရှိခဲ့သည်။