တရုတ်ပြည်၏ တော်လှန်သော အမျိုးသားရေး ဝါဒ (၂)
မိမိတို့ နိုင်ငံအား အမဲဖျက်သလို နိုင့်ထက်စီးနင်း ပြုလုယက်နေကြသည်ကို တွေ့မြင်လာကြသော တရုတ် အမျိုးသား တို့အကြားတွင် နိုင်ငံခြားသား ဆန့်ကျင်ရေး စိတ်ဓါတ်များ ကိန်းအောင်းလာခဲ့ပြီ ဖြစ်သည်။
ဤသို့ဖြင့် အရင်းရှင် နယ်ချဲ့ များ အပေါ် မလိုမုန်းထားမှုများသည် ၁၉၀၀ ပြည့်နှစ်တွင် အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့ပြီး ကွန်ဖြူးရှပ် အတွေးအခေါ်များ အပေါ် အခြေခံသည့် လျို့ဝှက် အဖွဲ့အစည်းကြီး ပေါ်ပေါက်လာသည်၊ ထိုအဖွဲ့သည် နိုင်ငံခြားသားများ နှင့် ခရစ်ယာန် သာသနာ ပြု အဖွဲ့များကို ပစ်မှတ်ထား ဆန့်ကျင်လာကြသည့် လယ်သမား တို့၏ လက်နက်ကိုင် ပုန်ကန်မှုကြီး ဖြစ်ပွားလာ အောင် လှုံ့ဆော်နိုင်ခဲ့သည်။
မန်ချုး အစိုးရသည်လည်း သူပုန်များဖက်က ရပ်တည်လာသည့် အတွက် ပြည်ပ အင်အားကြီး နိုင်ငံ ရှစ်နိုင်ငံ ၏ စစ်တပ်များ နှင့် ရင်ဆိုင်လာခဲ့ရသည်။ ထို့နောက်တွင် ပြည်ပတပ်များသည် ဘီဂျင်းအား သိမ်းပိုက်လိုက်နိုင်သဖြင့် တရုတ် ပြည်တွင် ဗဟို အစိုးရ အုပ်ချုပ်ရေး ယန္တရား ပျက်ပြားလုနီးပါးဖြစ်လာခဲ့သည်။
တဖြေးဖြေး နှင့် သုံးစားမရ ဖြစ်လာနေသည့် ချင် မင်းဆက် မန်ချုး အစိုးရ နေရာတွင် တနေ့တခြား ကြီးထွားလာနေသော တော်လှန်ရေး အင်အားစုများ နှင့် အရင်းရှင် နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓါတ်များ နေရာယူ မင်းမူလာကြသည်။ တကယ်တမ်းတွင် ထိုသို့ ဖြစ်လာအောင်လည်း နိုင်ငံခြားသားများကပင် အတွေးအခေါ် မျိုးစေ့များ ချပေးခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။
အနောက်တိုင်းသားများသည် ၎င်းတို့နှင့် ပတ်သက်ရာ ပတ်သက်ကြောင်း ကိုလိုနီ နိုင်ငံများသို့ အနောက်တိုင်း အယူအဆ နှင့် အတွေးအခေါ် များ သွတ်သွင်းလေ့ရှိသည့် အတိုင်း တရုတ်ပြည်သို့လည်း ယူဆောင်လာခဲ့ကြသူများလည်း ဖြစ်သည်။
ကိုယ်ပိုင် ဆုံးဖြတ် ပြဋ္ဌာန်းနိုင်ခွင့် နှင့် ဒီမိုကရေစီ ဆိုသည့် အတွေး အခေါ် အသစ် နှင့် သဘောတရားများကို တရုတ် ပညာတတ် အသိုက်အဝန်း နှင့် တက္ကသိုလ် ကျောင်းသားများ အကြားတွင် ကြောင်ပုဇွန်စား ကျွတ်ကျွတ်ဝါးသကဲ့သို့ အငမ်းမရ ဖတ်ရှု့လေ့လာကုန်ကြသည်။
တရုတ်၏ ရေပေါ်ဆီ လူတန်းစားများသည် အနောက်တိုင်းသားများ နှင့် ပုလင်းတူ ဘူးဆို့ လုပ်ကာ အကျင့်ပျက် ခြစားနေသည့် အကြောင်းများကို ဝေဖန် ရေးသားထားသည့် စာအုပ်စာတန်းများ လည်း ထွက်ပေါ်လာခဲ့သည်။ လျို့ဝှက် အသင်းများသည်လည်း မန်ချုး အစိုးရ ကို အပြီးအပိုင် ဖြုတ်ချနိုင်ရန် ကြံစည်လာခဲ့ကြသည်။
ထို အထဲတွင် ချင် မင်းဆက် မန်ချုးအစိုးရအား အကြီးအကျယ် ခြိမ်းခြောက်နိုင်ခဲ့သည့် ဒေါက်တာ ဆွန်ယက်ဆင် ဆိုသည့် ပုဂ္ဂိုလ် ပေါ်ထွက်လာခဲ့သည်၊ ဒေါက်တာ ဆွန်ယက်ဆင်သည် ပြည်သူ့ သဘောတရား သုံးရပ်ကို ချမှတ်လာခဲ့သည်။ ယင်းသည် နိုင်ငံခြားသား တို့၏ ဩဇာ သက်ရောက်နေသည့် အဖြစ်မှ ကင်းလွတ်ရေး နှင့် ချင်းမင်းဆက် မန်ချုးတို့ အုပ်ချုပ်ခံနေရသည့် ဘဝမှ လွတ်မြောက်နိုင်ရေး တို့အတွက် ရည်ရွယ် လှုပ်ရှားရမည့် ဒီမိုကရေစီ၊ အမျိုးသားရေး နှင့် အသက်မွေး ဝမ်းကျောင်းနိုင်မှု ဆိုသည့် သဘောတရားများပင် ဖြစ်သည်။
ဆွန်ယက်ဆင်သည် ထိုသဘောတရားများ အပေါ် အခြေခံပြီး လူထု ထောက်ခံမှု ရရန် ပြည်ပ မှနေ၍ တရုတ်ပြည် ပြန်လည် ရှင်သန်ရေး အဖွဲ့ကြီးကို ဖွဲ့စည်းလာခဲ့သည်။ ယင်းနှင့် အတူ နိုင်ငံ အနှံ့ တော်လှန် ပုန်ကန်မှု များ ကြိမ်မီးအုံးသလို တစတစ ဖြစ်ပွားလာခဲ့သည်။
ဤသို့ဖြင့် ၁၉၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင်မူ ပုန်ကန်မှုများသည် ဖုံးမရ ဖိမရ အောင် ထွက်ပေါ်လာခဲ့ပေတော့သည်၊ ထိုနေ့တွင် တရုတ်ပြည် အလယ်ပိုင်း ဝူဟန် မြို့ရှိ လျို့ဝှက်တော်လှန်ရေး သမားများ ၏ ဌာနချုပ် ရှိရာ တိုက်ခန်းတွင် လက်လုပ်ဗုံး မတော်တဆ ပေါက်ကွဲသွားရာမှ မန်ချုးအစိုးရ ကို ဖြုတ်ချရန် ကြံစည်မှုများ ဗူးပေါ်သလို ပေါ်သွားခဲ့ရပြီး ပုန်ကန်သူများ နှင့် အစိုးရ တပ်များ အကြား လက်နက်ကိုင် ပဋိပက္ခ ကြီး အဆင့်သို့ တမဟုတ်ခြင်း ကူးပြောင်းသွားခဲ့သည်။
ဗုံးဒဏ်ကြောင့် မီးလောင်သွားသော အဆောက်အဦးထဲတွင် လျို့ဝှက် မြေအောက်အဖွဲ့ဝင် စာရင်းကို ရဲအဖွဲ့က ရှာဖွေ တွေ့ရှိခဲ့သည်။ ခေါင်းဆောင် အမြောက်အမြား ဖမ်းဆီးခံခဲ့ရသော်လည်း အဖမ်းမခံရပဲ ထွက်ပြေးလွတ်မြောက်သွားသူများက မြိုရှိ လက်နက်တိုက်ကို စီးနင်း သိမ်းပိုက် နိုင်လိုက်သည်။
ထိုအချိန်တွင် အင်ပါယာ ပြည့်ရှင် အဖြစ် လူလားမမြောက်သေးသော ပူရီသည် ချင်မင်းဆက် ထီးနန်းစိုးစံနေသည့် အချိန်လည်း ဖြစ်သည်။ လူထုအကြား တွင်လည်း အယုံအကြည် မရှိမှုက တိုးပွားသည်ထက် တိုးပွားလာနေပြီ ဖြစ်သည်။
အမျိုးသားရေး ဝါဒီတို့၏ အရေးတော်ပုံ အား စာနာ သဘောပေါက်လာသည့် အစိုးရတပ်ဖွဲ့များသည် မန်ချုး ထီးနန်းအား ပုန်ကန်လာကြသည်။
ယင်းနှင့် အတူ တော်လှန်ရေး တပ်ဖွဲ့များသည် ပြည်နယ် တခုပြီး တခု ကို ဆက်တိုက်ဆိုသလို သိမ်းယူလာနိုင်ခဲ့သည်။ အထိတ်တလန့် ဖြစ်လာကြသော နန်းတွင်း ရှိ မူးမတ်များသည် တရိပ်ရိပ် ဖြင့် တက်လာနေသော် တော်လှန်ရေး ဒီရေ လှိုင်းကြီးကို ဟန့်တား၍ ရလိုရငြား စည်းမျဉ်းခံ ဘုရင်စနစ် ဖြင့် အလျှင်အမြန် အစားထိုး လာကြသည့် အတွက် တရုတ်ပြည်တွင် တသွေးတသံတမိန့်ဖြင့် အုပ်ချုပ်နေမှူ ဆုံးခန်းတိုင် သွားခဲ့ပြီ ဖြစ်သည်။