သူကောင်းမျိုးနွယ် ထဲမှ အကြမ်းဖက် တော်လှန်ရေးသမား တဦး ဖြစ်လာသူသည် ဗီရာ ဖစ်ခ်နာ ဆိုသည့် အမျိုးသမီးတဦးပင် ဖြစ်သည်။ သူမ သည် လူထု တော်လှန်ရေးကြီး ဖြစ်ပွားလာရန် အတွက် ကျေးလက်ဒေသ သို့သွားပြီး ဆေးဝန်ထမ်း တဦး အဖြစ် နှစ်ပေါင်းများစွာ သွားရောက်လုပ်ကိုင်နေသူ တဦးလည်း ဖြစ်သည်။
ရွာမှ ဇာဘုရင် ပုလိပ်အဖွဲ့၏ မောင်းထုတ်ခြင်း ခံခဲ့ရသဖြင့် ဖစ်ခ်နာသည် ၁၈၇၉ ခုနှစ်တွင် သူမ နှင့် စိတ်တူကိုယ်တူ နှစ်ဒါဇင် ခန့် နှင့် ပူးပေါင်းပြီး “ပြည်သူ့ ဆန္ဒ” ဆိုသည့် အကြမ်းဖက် တော်လှန်ရေး အဖွဲ့ကို ဖွဲ့စည်းလာခဲ့သည်။
ထိုအဖွဲ့သည် ရုရှား ပြည်သူတို့ လွတ်မြောက်ရေး အတွက် ပထမ ခြေလှမ်း အဖြစ် ဘုရင်စနစ်ကို အဆုံးသတ်ရန် ဒုတိယမြောက် အလက်ဇန်ဒါး ဘုရင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
သူတို့၏ အကြံအစည်သည် တစိတ်တပိုင်း အောင်မြင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ဗီရာ ဖစ်ခ်နာ ၏ တိုက်ခန်း တွင်ပင် အဖွဲ့ဝင် တဦး ဖြစ်သည့် ဆိုဖီယာ ပီရောစကာရာ ၏ သင်ပြမှုနှင့် လက်ဖြင့် ကိုင်တွယ် ပစ်ခတ်၍ ရသည့် ဗုံးကို ပြုလုပ်ခဲ့ကြပြီး ၁၈၈၁ မတ်လ ၁၃ ရက်နေ့တွင် ဇာဘုရင်ကို လုပ်ကြံသတ်ဖြတ် နိုင်ခဲ့ကြသည်။
ထိုလုပ်ကြံမှုကြီးသည် တကမ္ဘာလုံးတွင် ဟိုလေးတကျော်ကျော် ဖြစ်သွားခဲ့ရသော်လည်း တော်လှန်ရေးကြီး ပေါ်ပေါက်လာသည်အထိ လှုံ့ဆော် နိုင်ခဲ့ခြင်းတော့ မရှိပေ။ ထိုအစား မြေအောက်လှုပ်ရှားမှုများသည် ရုရှား အာဏာပိုင်များ၏ နောက်ထပ် ဆယ်စုနှစ် တခုနီးပါး အောင်မြင်စွာ နှိမ်နှင်းခြင်းကို ခံခဲ့ရသည်သာ အဖတ်တင် သွားခဲ့သည်။
“ပြည်သူ့ ဆန္ဒ” အဖွဲ့ဝင်များသည်လည်း ကြိုးစင်မှ လွတ်ခဲ့သူများ ရှိလျှင်ပင် လုံခြုံရေး အထူး တင်းကျပ်ထားသော ရဲတိုက် အကျဉ်းထောင်ကြီးများနှင့် ဆိုက်ဘေရီးယား အကျဉ်းစခန်းများသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။
ဇာဘုရင်ကို လုပ်ကြံသတ်ဖြတ်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ ဆိုဖီယာ ပီရောစကာရာ သည် ရုရှား သမိုင်းတွင် နိုင်ငံရေး ပြစ်မှု ဖြင့် ပထမဆုံး ကြိုးပေး ကွပ်မျက်ခံခဲ့ရသည့် အမျိုးသမီး ဖြစ်လာခဲ့သည်။ သူမသည် ရုရှား၏ ထင်ရှားသော အစိုးရ အရာရှိကြီးတဦး၏ သမီး ဖြစ်သော်လည်း အခြား လုပ်ဖေါ်ကိုင်ဖက် လေးဦး နှင့် အတူ လာရောက်ကြည့်ရှုသူ ထောင်ပေါင်းများစွာ ရှေ့တွင် ကြိုးပေး ကွပ်မျက်ခဲ့ကြသည်။
ဇာဘုရင် အား လုပ်ကြံရာတွင် အသုံးပြုခဲ့သည့် ဗုံးကို ပြုလုပ်ရာတွင် ကူညီပေးခဲ့သည့် ဗီနာ ဖစ်ခ်နာ ကိုတော့ တသက်တကျွန်း အပြစ်ဒဏ် ချမှတ်ခဲ့ပြီး စိန်ပီတာစဘတ် မြို့ပြင်ရှိ ရှလစ်ဘပ်ခ် ခေါ် ရဲတိုက် အကျဉ်းထောင်ကြီးတွင် တိုက်ပိတ် အကျဉ်းချထားခဲ့သည်။ သူမအဆို “အရှင်လတ်လတ် မြေမြုပ်ခံရသည့် သင်္ချိုင်း” တွင် ဆယ်စုနှစ်ပေါင်း များစွာ ကြံ့ကြံ့ခံ နေထိုင်နိုင်ခဲ့သည်။
ထိုအမျိုးသမီး နှစ်ဦး အား စံပြ သူရဲကောင်း အမျိုးသမီးများ အဖြစ် နောက်ပိုင်း ရုရှား တော်လှန်ရေး ခေတ် အဆက်ဆက်တွင် အမွှန်းတင် ဂုဏ်ပြုခဲ့ကြသည်။
ဖစ်ခ်နာသည် ၁၉၀၄ ခုနှစ်တွင် ရဲတိုက်ကြီး အတွင်း မှ ပြန်ထွက်လာနိုင်ခဲ့သည်ကပင် ရန်သူ သေစေချင်သည်ကို ရှင်သန်အောင် နေပြနိုင်ခဲ့ခြင်း ဆိုသည့် သူမ၏ စိတ်ဓါတ်ခွန်အား ပြင်းပြမှု ကို သက်သေထူနိုင်ခဲ့သည်။ နောက်ထပ် အနှစ် လေးဆယ် ကြာ ၁၉၄၂ ခုနှစ်တွင် မှသာ ကွယ်လွန်သွားခဲ့သည်။ ထို့အတွက် သူမ ဖြစ်စေချင်ခဲ့သည့် ၁၉၁၇ ရုရှား တော်လှန်ရေး ကြီး မတိုင်မီ နှင့် နောက်ပိုင်းကာလများကို ကောင်းစွာ ကြုံတွေ့ သိရှိခွင့် ရသွားခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။
သူမ ကိုယ်တိုင်ရေးသည့် တော်လှန်ရေး ရုပ်ပုံလွှာ နှင့် အခြား စာအုပ်များစွာ ထွက်ပေါ်လာခဲ့သည်။
သူမသည် ဒီဇင်ဘာ အိမ်ထောင်ရှင်များ၏ အာဇာနည် ပီသ လှသည့် စွန့်လွှတ်အနစ်နာခံခဲ့မှု များကို အတုယူ အားကျခဲ့သည့် ထိုခေတ်ကာလ က အမျိုးသမီးများထဲတွင် တဦး အပါအဝင်လည်း ဖြစ်သည်။
ဒီဇင်ဘာ ပုန်ကန်မှုကြီး ဖြစ်ပွားခဲ့သည့် နှစ်တရာပြည့် ၁၉၂၅ ခုနှစ်တွင် ထိုစဉ်က အဖြစ်အပျက်များ၏ အရေးပါမှုအပေါ် သူမ၏ ထင်မြင်ချက်ကို မေးမြန်းခဲ့ရာ သူမသည် ထိုစဉ်က ပုန်ကန်မှုကို ဦးဆောင်ခဲ့သူများ ထက် သူတို့ ဇနီးများ၏ ကဏ္ဍကိုသာ အလေးပေး ပြောဆိုသွားခဲ့သည်။ “သူတို့သည် ကျမတို့၏ တော်လှန်ရေး လှုပ်ရှားမှု များ အတွက် အဝေးတနေရာမှ အလင်းပြခဲ့ကြသည့် အကျော်ဇေယျ အမျိုးသမီးများ ဖြစ်သည်” ဟု ပြောခဲ့သည်။
သူမသည် နိုင်ငံရေး သဘောတရားများ၊ တော်လှန်ရေး အကြောင်းအရာများကို ရှောင်ရှားပြီး “သူတို့၏ ဆင်းဆင်းရဲရဲ ချို့ချို့ငဲ့ငဲ့ နှင့် စိတ်ရော ကိုယ်ပါ ဒုက္ခသုက္ခများ ခံပြီး စံပြ နေပြသွားခဲ့မှုသည် ကျမတို့ ခေတ် တော်လှန်ရေး လှုပ်ရှားမှုကြီး အတွက် ကျမတို့ အမျိုးသမီးများကို သူတို့နှင့် တသွေးတည်း တသားတည်း ဖြစ်အောင် လမ်းပြ စုစည်းပေးနိုင်ခဲ့သည်” ဟု ထုတ်ဖေါ်ပြောဆိုသွားခဲ့သည်။
(တရုတ်ပြည်၏ တော်လှန်သော အမျိုးသားရေး ဝါဒ ကို ဆက်လက်တင်ပြသွားပါမည်)