အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)(35)

by Hla Soewai - Jul 26 2026

#အင်းဝနန်းတွင်းလှိုင်းကြီးလေထန်ခဲ့လေပြီ

 

မဟာဗန္ဓုလ အရေး နိမ့်သွား ကြောင်းနှင့် သူ၏တပ်သည်လည်း ဖရိုဖရဲပြိုလဲ သွားကြောင်း သတင်းသည် အင်းဝရှိ ဘကြီးတော်မင်းတရားနှင့် နန်းတော်သူ နန်းတော်သားများထံသို့ မီးမြိုက်ခံလိုက်ရသကဲ့သို့ ရုတ်တရက် ရောက်ရှိလာသည်။ ဘကြီးတော်မင်းတရားသည် ထိုသတင်းကို ကြားသိရသောအခါ အံ့အားသင့်လျက် တိတ်ဆိတ်သွားပြီး မိဖုရားခေါင်ကြီးမှာ ရင်ဘတ်ကို ထုကာ "အမလေး! အမလေး!" ဟု အော်ဟစ်ငိုကြွေးလေသည်။ 

 

မရှုံးနိမ့်နိုင်ဟု ယုံကြည်ထားသော ဗန္ဓုလ ကျဆုံး သွားပြီဖြစ်ရာ ယခုအခါ မည်သူက အင်္ဂလိပ်တို့ကို ဆန့်ကျင်တိုက်ခိုက်ရန် တပ်မတော်ကို ဦးဆောင်မည်နည်းဟု လူတိုင်းက မေးမြန်းနေကြသည်။ ဘကြီးတော်မင်းတရားနှင့် မှူးမတ်များမှာ ရန်သူတို့ မြို့တော်ဆီသို့ ချက်ချင်းချီတက်လာမည်ကို စိုးရိမ်နေကြသည်။ နန်းတော်အတွင်းတွင်လည်း ကြောက်ရွံ့မှုများ လှိုင်းထန်သွားခဲ့သည်။

 

ယခုအခါ ဘုရင်မင်းမြတ်သည် ဗြိတိသျှတို့နှင့် စစ်ဖြစ်ပွားခဲ့ခြင်းအတွက် အလွန်ပင် နောင်တရလာသည်။ နန်းတော်အမြောက်တပ်၏ အကြီးအကဲဖြစ်ပြီး ဘုရင့်ဓားကို ကိုင်ဆောင်သူ ဂျွန်ခရစ်ယာန် အား ‘မိမိသည် ကျား၏အမြီးကို ကိုင်မိထားသူနှင့် တူနေသည်။ ကိုင်ထားပြန်လျှင်လည်း အန္တရာယ်ရှိ၊ လွှတ်လိုက်ပြန်လျှင်လည်း အန္တရာယ်ရှိသည့် အခြေအနေမျိုး ဖြစ်နေသည်’ ဟု ပြောကြားခဲ့သည်။ 

 

၎င်း၏ တပ်များသည် ‘လူဖြူများ’ (ဗြိတိသျှများ) နှင့် ယှဉ်ပြိုင်ရန် မစွမ်းသာကြောင်း သူသိရှိပြီးဖြစ်သဖြင့် စစ်ကို မစတင်ခဲ့သင့်ဟု ဆန္ဒရှိသော်လည်း၊ အတ္တမာန အနာတရဖြစ်မှုနှင့် နန်းတော် နက္ခတ်ဆရာများ၏ အောင်ပွဲရမည်ဟူသော အဆက်မပြတ် ဟောကိန်းများကြောင့် စစ်ပွဲကို ဆက်လက် ဆင်နွှဲဖို့ ဖြစ်လာရသည်။ 

 

မျှော်လင့်ချက်သစ်များ ထပ်မံနိုးကြားလာပြီး အင်ပါယာ တနံတလျားတွင် တပ်ဖွဲ့သစ်များအတွက် လူသစ်စုဆောင်းမှုများ ပြုလုပ်ကြသည်။ လက်နက်တိုက် များမှာလည်း ယမ်းမှုန့်များ ထုတ်လုပ်ရန်၊ လက်နက်ဟောင်းများ ပြုပြင်ရန်နှင့် လက်နက်သစ်များ တည်ဆောက်ရန် နေ့ညမပြတ် အလုပ်ရှုပ်နေကြရသည်။

 

သစ္စာဖောက်သည်ဆိုကာ သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဘုရင်၏ ဝန်ကြီးတပါး ဖြစ်သည့် ပခန်းဝန်သည်၊ တပ်မတော်ကို ဦးစီးခေါင်းဆောင်ပြီး ဗြိတိသျှတို့ကို တိုက်ခိုက်ကာ ၎င်းတို့ သိမ်းပိုက်ထားသည့် နယ်မြေအားလုံးကို ပြန်လည်ရယူပေးမည်ဟု ဘကြီးတော်မင်းထံ ကမ်းလှမ်းခဲ့သည်။ ဘကြီးတော်မင်းမှာ အလွန်အမင်း စိတ်ပျက်အားငယ်နေရသည့်အတွက် ထိုကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး ပခန်းဝန်ကို ပြန်လည်လွှတ်ပေးကာ ယခင်နေရာဟောင်းတွင် ပြန်လည်ခန့်အပ်ခဲ့သည်။ 

 

ဤပုဂ္ဂိုလ်၏ အကြံပေးချက်အရ စစ်သည်တော်တိုင်းကို ငွေကြေးများစွာ ချက်ချင်းပေးအပ်ရန် စီစဉ်ခဲ့သည်။ ဘုရင်မင်းမြတ်သည် မတတ်သာ၍ သူ၏ ဆင်ခြင်တုံတရားကို ဥပေက္ခာပြု ခဲ့ရသော်လည်း၊ မကြာမီမှာပင် ထိုစစ်သူကြီးသစ်သည် ငွေကြေးအများစုကို မိမိကိုယ်ကျိုးအတွက် သိမ်းပိုက်ထားကြောင်း ကြားသိလိုက်ရသည်။ 

 

ထိုခေတ်ကာလ၏ ကိုယ်ကျင့်တရားဆိုင်ရာ အခြေအနေအရဆိုလျှင် ဤတောင်းဆိုချက်သည် ကျိုးကြောင်းဆီလျော်သည်ဟု ယူဆနိုင်ပြီး ပကန်ဝန်၏ အနာဂတ်ကို လွှမ်းမိုးသွားမည့် ကိစ္စမျိုးမဟုတ်ပေ။ သို့သော်လည်း သူသည် ရဲတင်းလွန်းပြီး အလွန်သံသယဖြစ်ဖွယ်ကောင်းသော တောင်းဆိုချက်နှစ်ခုကို ထပ်မံပြုလုပ်ခဲ့သည်။ ပထမအချက်မှာ စစ်မြေပြင်သို့သွားရာတွင် တော်ဝင်ကိုယ်ရံတော်တပ်ကို သူနှင့်အတူ ခေါ်ဆောင်သွားခွင့်ပြုရန်ဖြစ်ပြီး၊ ဒုတိယအချက်မှာ ဘကြီးတော်မင်းတရားအနေဖြင့် နန်းတော်မှထွက်ခွာ၍ မင်းကွန်းပုထိုးတော်ကြီးသို့သွားကာ စစ်အောင်နိုင်ရေးအတွက် ဆုတောင်းပူဇော်‌ ပေးရန် တောင်းဆိုခြင်းဖြစ်သည်။ ဤအချက်နှစ်ခုစလုံးကိုသာ အမှန်တကယ် လုပ်ဆောင်ခဲ့ပါက ဘုရင်၏အာဏာကို အပြီးတိုင်သိမ်းပိုက်သလို ဖြစ်သွားမည်ဖြစ်သည်။

 

ဘုရင်မင်းမြတ်အား နန်းတော်မှ ထွက်ခွာသွားစေရန် (နန်းတော်ကို သိမ်းပိုက်ထားခြင်းသည် ဘုရင်တပါးအနေဖြင့် ၎င်း၏ ဘုရားပေးအခွင့်အရေးဖြစ်သည်) နှင့် ၎င်း၏ ကိုယ်ရံတော်တပ်ဖွဲ့ကို လက်နက်ချခိုင်းစေရန် ကြံစည်ထားသည့် ဤညံ့ဖျင်းသော အကြံအစည်ကို ဘကြီးတော်မင်းတရားကြီးသည် အလွယ်တကူပင် ရိပ်မိတော်မူခဲ့သည်။ 

 

၎င်းကို သစ္စာဖောက်ဟု သတ်မှတ်ကာ ပခန်းဝန်ကြီးအား ဖမ်းဆီးစေပြီး မြို့တွင်း၌ ကြိမ်ဒဏ်ပေးရိုက်နှက်ကာ ကွပ်မျက်ရာနေရာသို့ ပို့ဆောင်ပြီးနောက် ဆင်နှင့်နင်း၍ ကွပ်မျက်စေရန် အမိန့်ပေးခဲ့ရာ အမိန့်အတိုင်း အကောင်အထည် ဖေါ်ခဲ့သည်။ ထို့နောက် ဘကြီးတော်မင်းတရားကြီးသည် အသစ် ဖွဲ့စည်းခဲ့သော စစ်တပ်ကို ၎င်း၏ညီတော် သာယာဝတီမင်းသားထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ လူဦးရေ ၇၀,၀၀၀ ခန့်ရှိသော ထိုတပ်ဖွဲ့ကို ပြည်မြို့၏ မြောက်ဘက် မိုင်လေးဆယ်အကွာရှိ မြို့ တွင် စုစည်းထားရှိခဲ့သည်။

 

ထိုအတောအတွင်း ကမ်းဘဲလ် (ပုံတွင် ရှု) သည် သူ၏တပ်များကို အသင့် ပြင်လာခဲ့သည်။ ကော်တန်က ဧရာဝတီမြစ်အတိုင်း ပြည်မြို့ ကို ဦးတည်၍ ရေကြောင်းမှ ချီတက်ခဲ့ပြီး ကမ်ဘဲလ်ကိုယ်တိုင်မှာမူ မီးခိုးတလူလူနှင့် ပျက်စီးနေသော ရွာများကို ကျော်ဖြတ်ကာ လူသူကင်းမဲ့နေသော ကျေးလက်ဒေသများမှတဆင့် ကုန်းလမ်းခရီး ဖြင့် ချီတက်လာခဲ့သည်။ 

 

မဟာ ဗန္ဓုလ ကျဆုံး သွားသော်လည်း မြန်မာတို့သည် ရန်သူလက်ထဲ ဘာတခုမျှ မ ရောက်စေ ရဟူသည့် ၎င်း၏မူဝါဒကို ဆက်လက်လိုက်နာနေဆဲဖြစ်သည်။

 

ထို့နောက် တရက်တွင် ကမ်ဘဲလ်သည် ဘကြီးတော်မင်းတရား၏ အကြံပေးနှစ်ဦးထံမှ စာတစောင် ရရှိခဲ့သည်။ ထိုစာတွင် စစ်ပွဲကို စာချုပ်ချုပ်ဆိုကာ အဆုံးသတ်ရန် ဘကြီးတော်မင်းတရား အသင့်ရှိနေကြောင်း ဖော်ပြထားသည်။ ကမ်ဘဲလ်က ပြည် မြို့သို့ ရောက်ရှိပြီးမှသာ ညှိနှိုင်းမှုများ ပြုလုပ်ရန် အသင့်ရှိကြောင်း ပြန်စာရေးလိုက်သည်။ 

 

ထပ်မံရောက်ရှိလာသည့် နောက်ထပ်စာတစောင်တွင် ပြည်မြို့ကို သိမ်းပိုက်ခြင်းမပြုဘဲ မြန်မာတပ်နှင့် ဗြိတိသျှတပ်များကြားရှိ နယ်မြေအတွင်း၌သာ ညှိနှိုင်းမှုများ စတင်ရန် တောင်းဆိုထားသည်။ ကမ်ဘဲလ်ကမူ ပြည်မြို့ကို စစ်ရေးအရ သိမ်းပိုက်ခြင်းကို မဖြစ်မနေ လုပ်ဆောင်ရမည်ဟု ကြေညာပြီး ဆက်လက်ချီတက်ခဲ့သည်။ 

 

နောက်ဆုံး ဧပြီလ ၂၅ ရက်နေ့၌ ပြည်မြို့ထဲသို့ ဝင်ရောက်လာခဲ့သည်။ မြို့ထဲသို့ ရောက်သောအခါ မြို့သစ်ကာကွယ်ရေးတံတိုင်းနောက်တွင် မြို့မှာ မီးလောင်ကျွမ်းနေပြီး မြို့သူမြို့သားအားလုံးမှာလည်း တောထဲသို့ မောင်းထုတ်ခံထားရသည်ကို တွေ့ရှိရသည်။ ညှိနှိုင်းရန် ကမ်းလှမ်းချက်မှာ အချိန်ဆွဲရန်အတွက်သာ ပြုလုပ်သည့် လှည့်ဖြားမှုတခုသာ ဖြစ်ပုံရသည်။

 

ထို့ကြောင့် ကမ်းဘဲလ်သည် တပ်များကို ပြည်မြို့တွင် အခြေချရန် ဆုံးဖြတ်ခဲ့ပြီး တပ်သားများလည်း တတ်နိုင်သမျှ အဆင်ပြေသလို နေထိုင်ခဲ့ကြသည်။ မကြာမီပင် မြို့သူမြို့သားများ ပြန်လည်ဝင်ရောက်လာကြရာ အိမ်များကို ပြန်လည်ဆောက်လုပ်ခဲ့ကြသဖြင့် ဗြိတိသျှနှင့် မြန်မာတို့အကြား ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်နိုင်ခဲ့ကြသည်။ 

 

အာဏာအကန့်အသတ်ဖြင့် မြို့ပြ တရားသူကြီးများကိုလည်း ရာထူးများ ပြန်လည်ခန့်အပ်ပေးခဲ့ပြီး၊ ဈေးများတွင် စားသောက်ကုန်များ ပေါများစွာ ရရှိလာကာ တပ်သားများ၏ ကျန်းမာရေးအခြေအနေမှာလည်း အသင့်အတင့် ကောင်းမွန်ခဲ့သည်။ ဤကာလအတွင်း ဝမ်းပျက်ဝမ်းလျှော၊ ကာလဝမ်း သို့မဟုတ် ငှက်ဖျားရောဂါတို့ဖြင့် လူ ခုနစ်ဦးလျှင် တဦးသာ သေဆုံးခဲ့သည်။

 

ကမ်းဘဲလ်က မိုးရာသီ ကုန်လွန်သွားသောအခါ စစ်ပွဲကို စစ်ရေးအရ ဖြစ်စေ၊ သို့မဟုတ် မိမိ သတ်မှတ်ချက်အတိုင်း စာချုပ်ချုပ်ဆို၍ဖြစ်စေ အမြန်ဆုံး အဆုံးသတ်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ မိုးရိပ် တို့ဖြင့် မည်းမှောင်နေသော တိမ်တိုက်များအောက်မှ မိုးရေစက်များ အဆက်မပြတ် ရွာသွန်းနေသည့် မုတ်သုံမိုးဥတု၏ ရှည်လျားသော ရက်များအတွင်း ဤမျှော်လင့်ချက်မှာ အားလုံးအတွက် စိတ်ဓာတ်ခွန်အား တရပ် ဖြစ်စေခဲ့သည်။

 

***********