ဗြိတိသျှ စစ်သားများ သည် အမြင့် ၁၅ ပေရှိသော ကျွန်းသစ်တိုင်များဖြင့် အခိုင်အမာ တည်ဆောက်ထားပြီး အင်အားတောင့်တင်းသော ရန်သူ မြန်မာ တပ်များ စောင့်ကြပ်နေသည့် သစ်တပ် ဆီသို့ ချီတက်လာကြသည်။ ရှေ့တန်းတွင် ကာရံထားသော ခြံစည်းရိုးများနှင့် ကျုံးမြောင်းများကို ကျော်ဖြတ်ပြီးနောက်၊ ရန်သူ့ဘက်မှ ကျည်ဆန်များ မနားတမ်း ပစ်ခတ်နေသည့်ကြားမှပင် သစ်တပ်ကို အတင်းအဓမ္မ သိမ်းပိုက်နိုင်ရန် တစ်ဦး၏ပုခုံးပေါ် တစ်ဦးတက်ကာ ရဲရဲဝံ့ဝံ့ ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း အပေါ်မှ စီး၍ ပစ်ခတ်မှုကြောင့် စစ်သည်အမြောက်အမြား အစုလိုက်အပြုံလိုက် ကျဆုံးခဲ့ရသည်။ နောက်ဆုံးတွင် အရာရှိများက နောက်ထပ် အသက်ပေါင်းများစွာ အဆုံးအရှုံးမခံနိုင်တော့သဖြင့် ဆုတ်ခွာရန် အမိန့်ပေးခဲ့ကြရသည်။
ထို့နောက် မြစ်ထဲရှိ ရေတပ်သင်္ဘောစုမှ ပစ်ခတ်လိုက်သော အမြောက်ကျည်များသည် အင်္ဂလိပ်ခြေလျင်တပ်များ ကြားသို့ ကျရောက်လာတော့သည်။ “စပျစ်သီးဆုပ်သဏ္ဌာန် ကျည်ဆန်ငယ်များနှင့် အမြောက်ကျည်လုံးကြီးများ တဖြောင်းဖြောင်း မြည်ဟည်းလျက် ကျရောက်လာသည်” ဟု မဒရပ် ဥရောပတပ်ရင်းမှ အရာရှိငယ် ဒိုဗေတွန်က မှတ်တမ်းတင်ခဲ့သည်။
အမြှောက်ဆန်များသည် တောအုပ်ငယ်များကို ထိုးဖောက်ကာ ဦးခေါင်းထက်ရှိ သစ်ကိုင်းကြီးများကို ကြောက်မက်ဖွယ်ကောင်းအောင် တဖြောင်း ဖြောင်း နှင့် ရိုက်ချိုးပစ် နေသည်။
စစ်သည်အချို့ လဲကျသေဆုံးခဲ့ရပြီး၊ မကြာမီမှာပင် ထိုပစ်ခတ်မှုများသည် မိမိတို့ဘက်က အမြောက်များ ဖြစ်နေသည်ကို သိလိုက်ရသည်။ အကြောင်းမှာ မိမိတို့တပ်များ ပြန်လည်ဆုတ်ခွာနေချိန်မှာပင် ရေတပ်သင်္ဘောစု ရောက်ရှိလာပြီး တစ်စုံတစ်ရာ နားလည်မှုလွဲမှားကာ ရန်သူ ကို ပစ်မှတ်ထားသည့် ကျည်ဆန်များသည် မိမိတို့တပ် များကို လာရောက်ထိမှန်နေခြင်း ဖြစ်သည်။
ဒဏ်ရာရသူများ၏ အော်ဟစ်သံများ၊ လမ်းပျောက်နေသူများ၏ ဟစ်အော်သံများ၊ ထိတ်လန့်တကြား ပြေးလွှားနေသော မြင်းသံများ၊ နေရာအနှံ့ ပျံ့ကျဲနေသော အလောင်းများ၊ ရိုင်ဖယ်ကျည်ဆန်များ၏ တစီစီမြည်သံနှင့် အမြောက်ကျည်များ၏ ဝှေ့ယမ်းသံ၊ နားကွဲလုမတတ် အမြောက်သံကြီးများနှင့်အတူ ရန်သူ မြန်မာ များ၏ အောင်ပွဲခံ အော်ဟစ် ကြွေးကြော် နေသံများ... ထိုမြင်ကွင်းနှင့် အသံများ ပေါင်းစပ်မှုသည် ဒိုနိုဗန် အတွက် မည်သည့်အခါမျှ မေ့ပျောက်နိုင်မည်မဟုတ်သော အမှတ်တရ တစ်ခု ဖြစ်လာခဲ့ လေတော့သည်။
ထိုနေ့ မနက်ပိုင်း တိုက်ပွဲအတွင်း ဗြိတိသျှတို့၏ မှားယွင်းပစ်ခတ်မှုနှင့် ရန်သူ မြန်မာ တပ်တို့၏ ခုခံမှုကြောင့် အရာရှိအချို့ အပါအဝင် ဗြိတိသျှစစ်သည် ၁၂၀ ခန့် ကျဆုံးခဲ့ရလေသည်။ စစ်သည်တို့သည်လည်း စိတ်ဓာတ်ပျက်ပြားကာ ရွှံ့ညွန်များ၊ သွေးများနှင့် ယမ်းငွေ့များဖြင့် ပေကျံလျက် နေမဝင်မီ ရန်ကုန်သို့ ပြန်လည် ဆုတ်ခွာခဲ့ကြရသည်။ ဤတိုက်ပွဲသည် မြန်မာတို့)အတွက် စိတ်ဓာတ်တက်ကြွဖွယ် ဖြစ်သွားသည်မှအပ အခြားမည်သည့် အောင်မြင်မှုမျှ မရရှိခဲ့ပေ။
အမှန်စင်စစ်တွင် ဗြိတိသျှတပ်ဖွဲ့ဝင်အချင်းချင်း ထိမှန်စေခဲ့သော ရေတပ်၏ အမြောက်ဒဏ်မှာ တပ်မှူး ကမ်းဘဲလ် ကိုယ်တိုင် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။ "သီးတစ်" သင်္ဘောကို ကွပ်ကဲသည့် ကပ္ပတိန် ရိုင်းဗ် ၏ အစီရင်ခံစာတွင် "ကင်းလှည့်သင်္ဘောများနှင့် ရေတပ်စုများသို့ ပေးပို့သော အမိန့်ဟူသမျှသည် ကမ်းဘဲလ်ထံမှသာ လာခြင်းဖြစ်သည်" ဟု ဖော်ပြထားသောကြောင့် ဖြစ်သည်။
ဤကဲ့သို့သော အမှားအယွင်းများအပြင် ခံတပ်ကို ကျော်တက်ရန် အရေးကြီးသည့် လှေကားများ မပါရှိခြင်းတို့နှင့် ယှဉ်ကြည့်လျှင် အိန္ဒိယရှိ စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ပက်ဂက် ထံ ပေးပို့သော ကမ်းဘဲလ်၏ အစီရင်ခံစာမှာ အံ့ဩဖွယ် ကောင်းလောက်အောင် အချက်အလက် လွဲမှားနေသည်ကို တွေ့ရမည် ဖြစ်သည်။
ကမ်းဘဲလ်က ၎င်း၏ အစီရင်ခံစာတွင် ဤသို့ ရေးသားထားလေသည် -
"နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်ဘက်မှ ဆင်းလာသော စစ်ကြောင်းနှစ်ကြောင်းသည် မြန်မာတို့၏ ခံတပ်အနီးတွင် ဆုံမိကြပြီး... အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်။ အကယ်၍ အချို့သော အမှားအယွင်းများသာ မရှိခဲ့ပါက ဤတိုက်ခိုက်မှုသည် မုချအောင်မြင်မည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ သို့သော် ကျွန်ုပ်သည် တိုက်ခိုက်မှုကို ဆက်လက်မလုပ်ဆောင်ဘဲ ရပ်တန့်စေခဲ့ မှုအပေါ် နောင်တမရမိပေ။ အဘယ်ကြောင့်ဆိုသော် ဤဖြစ်ရပ်သည် လိမ္မာပါးနပ်သော ရန်သူတို့ကို 'ငါတို့နိုင်ပြီ' ဟု လုံခြုံစိတ်ချမှုရှိသွားစေရန် လှည့်စားရာရောက်ပြီး၊ မကြာမီ ထိုစိတ်သည်ပင် သူတို့အတွက် သေဘေးဖြစ်လာစေလိမ့်မည် ဖြစ်သောကြောင့်တည်း..."
သို့သော် ကမ်းဘဲလ် သည် သင်ခန်းစာရသွားလေပြီ။ ထိုအချိန်မှစ၍ စတော့ကိတ် (ခံတပ်/စခန်း) တစ်ခုခုကို တိုက်ခိုက်မည်ဆိုပါက တက်လှေကားများ လုံလောက်စွာယူဆောင်ခြင်း၊ ရေတပ်၏ အမြောက်ပစ်ကူနှင့် သေချာစွာ ညှိနှိုင်းဆောင်ရွက်ခြင်းတို့မပါဘဲ စစ်သည်များကို ချီတက် မခိုင်း တော့ဟု ဒိုဗေတွန် က မှတ်ချက်ပြုခဲ့သည်။
အရှေ့တိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကြည်းတပ်နှင့် ရေတပ် ပူးပေါင်း စစ်ဆင်ရေး အဖြစ် အသွင် ပြောင်း လာခြင်းဖြစ်သည်။
မြန်မာတို့သည် ကြည်မြင်တိုင် တိုက်ပွဲတွင် ဗြိတိသျှတို့၏ တိုက်ခိုက်မှုကို အောင်မြင်စွာ ခုခံနိုင်ခဲ့သည့် အခြေအနေကို အလွန်ထိရောက်စွာ အသုံးချခဲ့ကြသည်။ ဇွန်လ ၅ ရက်နေ့တွင် ရန်သူ့ တပ်စခန်းမှ သံတမန်နှစ်ဦး ရောက်ရှိလာပြီး ဗိုလ်ချုပ်ကမ့်ဘဲလ်နှင့် တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် အဆင့်မြင့်အရာရှိနှစ်ဦးအား ဖြတ်သန်းခွင့် လက်မှတ်ထုတ်ပေးရန် တောင်းဆိုခဲ့သည်။
တောင်းဆိုချက်ကို ခွင့်ပြုလိုက်ရာ နေ့လယ်ပိုင်းတွင် ရွှေလှေများဖြင့် ရောက်ရှိလာကြပြီး နှစ်ဦးစလုံး မြန်မာဘုရင့် နန်းတွင်း ဝတ်စားဆင်ယင်မှုအတိုင်း ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားကြသည်။ ကမ့်ဘဲလ်၏ စစ်ရေးအတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူး စနော့ဂရပ်စ် က ယခုလို မှတ်တမ်းတင်ထားခဲ့သည် - "၎င်းတို့သည် အိမ်ထဲသို့ဝင်လာပြီး ကြောက်ရွံ့ခြင်း၊ စိတ်မလုံခြုံခြင်း မျိုး မရှိဘဲ ရင်းနှီးသော မိတ်ဆွေဟောင်းများထံ အလည်အပတ် ရောက်လာကြသည့် အလား သက်သောင့်သက်သာ ရှိနေကြသည်။"
ထို့နောက် ကမ့်ဘဲလ်အား ချီးမွမ်းစကားများဆိုကာ တွေ့မြင်သမျှအပေါ် လွတ်လပ်စွာနှင့် ရယ်ရယ်မော မော ပြောဆိုခဲ့ကြသည်။ 'ဘာကြောင့်များ သင်တို့သည် သင်္ဘောများ၊ စစ်သားများဖြင့် ဤနေရာသို့ လာရောက်ကြသနည်း' ဟု အသက်အရွယ်ကြီးရင့်သူက မေးမြန်းသည်။ သူသည် ခေါင်းပေါင်းစကို ပတ်ထားပြီး အနီရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ၊ တစ်ချိန်တည်းမှာပင် မြန်မာအစိုးရအနေဖြင့် ဗြိတိသျှတို့အပေါ် ဖော်ရွေသော သဘောထားရှိကြောင်း ထုတ် ဖေါ် ပြောဆိုလာသည်။
ကျူးကျော်သူများဘက်ကမူ စစ်ပွဲဖြစ်ပွားရသည့် အကြောင်းရင်းများကို တစ်ဖန်ပြန်၍ ပြောပြကာ ဘကြီးတော် မင်းတရား၏ ကိုယ်စားလှယ်များနှင့် ပွင့်လင်းရိုးသားစွာ ဆွေးနွေးမှသာလျှင် ၎င်းတို့၏နိုင်ငံ ရင်ဆိုင်နေရသော ဘေးအန္တရာယ်မှ ရှောင်လွှဲနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။
ထိုအခါ မြန်မာကိုယ်စားလှယ်များသည် စစ်ပွဲကို ဆက်လက်မဆင်နွှဲဘဲ ခေတ္တဆိုင်းငံ့ထားရန် အကြောင်းပြချက် အမျိုးမျိုးကို တင်ပြကြသည်။ သူတို့၏ အဆိုမှာ မြစ်ညာဘက်တွင်ရှိသော အဆင့်မြင့် အရာရှိကြီးတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်သည်ဟူ၍ ဖြစ်သည်။
သို့သော် ဗြိတိသျှတို့ကမူ ဆွေးနွေးဖို့ အချိန် ကုန်လွန်ခဲ့ပြီဖြစ်ကြောင်း၊ စစ်တပ်ကို စေလွှတ်ပြီးဖြစ်သည့်အတွက် ဘုရင်မင်းမြတ်ကိုယ်တိုင် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရန် အခွင့်အာဏာ ပေးအပ်ထားသည့် ကိုယ်စားလှယ်များ စေလွှတ် မလာမချင်း စစ်ပွဲကို ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။
မြန်မာကိုယ်စားလှယ် အကြီးအကဲမှာ ၎င်းတို့၏ တောင်းဆိုချက်ကို ပယ်ချလိုက်ခြင်းအပေါ် အေးဆေးတည်ငြိမ်စွာပင် ကွမ်းကို ဝါးမြဲ ဝါး နေဆဲဖြစ်သော်လည်း၊ အသက်ငယ်သော ကိုယ်စားလှယ်မှာမူ စိတ်ပျက်အားငယ်နေသည့် အရိပ်အယောင်ကို မပေါ်လွင်အောင် အပတ်တကုတ် ကြိုးစားနေရရှာသည်။
၎င်းတို့ တပ်များ စုစည်းချိန် ရရန် အချိန်ဆွဲသည့် အစီအစဉ် တစ်ခုဖြစ်ကြောင်းမှာ ထင်ရှားနေသည်။ သို့သော်လည်း ဗြိတိသျှတို့၏ ငြိမ်းချမ်းရေးဆိုင်ရာ စည်းကမ်းချက်များကို လက်ခံယူသွားရန် သဘောတူခဲ့ကြသည်။
စနော့ဒ်ဂရပ်စ်က ‘၎င်းတို့အနေဖြင့် ဂုဏ်သိက္ခာရှိရှိဖြင့် ပြန်သွားနိုင်စေရန်အတွက် ဗြိတိသျှဗိုလ်ချုပ်နှင့် မြန်မာဝန်ကြီးများအကြား တိုက်ရိုက်ဆက်သွယ်မှုများ ပြုလုပ်နိုင်ရေးအတွက် ရက်အနည်းငယ်အတွင်း နောက်တစ်ကြိမ် ထပ်မံလာရောက်မည်ဟု ပြောဆိုခဲ့ကြသည်’ ဟု ဆိုသည်။
သူတို့အား လှေများဆီသို့ ယဉ်ကျေးပြူငှာစွာ လိုက်ပို့ပေးခဲ့သည်။ လှေသားများမှာ တရုတ်ပုံစံ ဦးထုပ်ချွန်များကို ဆောင်းထားကြပြီး ‘အို... ငါတို့ ဘုရင် မင်းမြတ်မှာ ဘယ်လောက်များ ပျော်ရွှင် နေပါသနည်း’ ဟု သီချင်းကို တညီတညွတ်တည်း သီဆိုကာ လှော်ခတ်ထွက်ခွာသွားကြလေသည်။
စစ်ပွဲကို အရှိန်မြှင့်နွှဲရန်နှင့် ဗြိတိသျှသင်္ဘောများကို မီးတိုက်ဖျက်ဆီးမည့် လှေများလွှတ်တင်ရာ အခြေစိုက်စခန်းဖြစ်သော ကြည်မြင်တိုင်ကို အပြီးသတ် ချေမှုန်း ရန်အတွက် အချိန်မဆိုင်းဘဲ ပြင်ဆင်လာခဲ့သည်။ ဗိုလ်ချုပ် ကမ်းဘဲလ် ၏ တပ်ဖွဲ့များတွင် ရောဂါဘယကြောင့်သော်လည်းကောင်း၊ တိုက်ပွဲများကြောင့်သော်လည်းကောင်း ဆုံးရှုံးခဲ့ရသည့် အင်အားများကို တပ်ရင်း (၈၉) မှ အချို့နှင့် မဒရပ် မှ ထပ်မံ ရောက်ရှိလာသော အိန္ဒိယ တိုင်းရင်းသားခြေလျင်တပ်ရင်း နှစ် ရင်း တို့ဖြင့် အစားထိုးဖြည့်တင်းနိုင်ခဲ့ပြီဖြစ်သည်။
ယခုတစ်ကြိမ်တွင် ကမ်းဘဲလ် သည် ယခင်ထက် ပိုမိုပြင်းထန်စွာ တိုက်ခိုက်ရန် စီစဉ်ခဲ့သော်လည်း အကျိုးအကြောင်း ဆင်ခြင်တုံ တရားနှင့်မူ ကိုက်ညီမှု မရှိဟု ဆိုရမည် ဖြစ်သည်။ အိန္ဒိယရှိ စစ်သေနာပတိချုပ်ထံသို့ ပေးပို့သော စာချွန်လွှာ တွင် ၎င်းက “တတ်နိုင်သမျှ မိမိဘက်က လူတစ်ယောက်မှ အဆုံးရှုံးမခံဘဲ ဆောင်ရွက်ဖို့ ကျွန်ုပ် ရည်ရွယ်ခဲ့ပါတယ်” ဟု ဖော်ပြထားသည်။ ဆက်လက်၍ “ဒီဒေသရဲ့ အနေအထား၊ ရာသီဥတုနဲ့ လမ်းပန်း ဆက်သွယ်ရေးတွေက ဆောင်ရွက်ရမယ့် တာဝန်ကို အလွန်ခက်ခဲပင်ပန်းစေပေမဲ့ ကျွန်ုပ်ကွပ်ကဲနေတဲ့ စစ်သည်တော်တွေရဲ့ မကုန်ခမ်းနိုင်တဲ့ စိတ်ဓာတ်ခွန်အားနဲ့ဆိုရင်တော့ မဖြစ်နိုင်စရာ မရှိပါဘူး” ဟု ရေးသားခဲ့သည်။
တိုက်ခိုက်ရန်အတွက် စစ်သည် ၃,၀၀၀ ခန့်ကို စုစည်းထားပြီး၊ ရန်သူ့ခံတပ်ကို စီးနင်းရန် လှေကားများ၊ ၁၈ ပေါင်ဒါ အမြောက်လေးလက်၊ မော်တာအမြောက်လေးလက်နှင့် အခြားပေါ့ပါးသည့် စစ် မြေပြင် သုံး အမြောက်အချို့တို့ ပါဝင်သည်။ မြစ်ကြောင်းတစ်လျှောက်တွင်လည်း စစ်သင်္ဘော နှစ်စင်း၊ အမြောက်တင် သင်္ဘော ခြောက်စင်းနှင့် လှေ ခြောက်စင်းတို့ ပူးတွဲလိုက်ပါလာသည်။
ဇွန်လ ၁၀ ရက်နေ့ မိုးမလင်းမီ အချိန်အတော်ကြာကတည်းကပင် လက်နက်ကြီး၊ လက်နက်ငယ်များ၏ အသံမြည်ဟည်းမှုနှင့် ချီတက်လာသည့် အတွက် ကြည့်မြင်တိုင် နှင့် ကြားရှိ ခံတပ်များထံ ဗြိတိသျှတို့ ချဉ်းကပ်လာနေပြီဖြစ်ကြောင်း မြန်မာ တပ်များအား ကြိုတင်သတိပေးလိုက်သလို ဖြစ်သွားခဲ့ရသည်။
ကံမကောင်း အကြောင်းမလှ ဖြစ်ခဲ့ရသည်က ကမ်းဘဲလ် မျှော်မှန်းထားသည့် ရန်သူ့ခံတပ်များကို ချေမှုန်းရန် ၁၈ ပေါင်ဒါ အမြောက်ကြီးများကို ဆွဲယူနိုင်မည့် မြင်း၊ နွား သို့မဟုတ် ဆင်များ မရှိ ဖြစ်နေခြင်းပင်။ ထို့အတွက် အိန္ဒိယ စစ်ဗာရီများထက် ပိုမိုသန်မာပြီး ကိုယ်လုံးကိုယ်ထည် ထွားကျိုင်းသော ဗြိတိသျှ တပ်သားများအား ထိုသို့ ခက်ခဲပင်ပန်းလှသည့် တာဝန်ကို ပေးခဲ့ရသည်။
ခြေလျင်တပ်ရင်း နှစ်ခု သို့မဟုတ် သုံးခုအား အမြောက်များကို ဆွဲယူရန် ကြိုးတပ်ပေးခဲ့ရပြီး၊ တစ်နေ့တာ၏ အချိန်အများစုကို တိုက်ခိုက်မည့်နေရာသို့ ရောက်အောင် ရွံ့နွံထူပြောပြီး ဆိုးဝါးလှသော တောလမ်းများတစ်လျှောက် အမြောက်များကို ဆွဲယူရသည်နှင့် ကုန်ဆုံးသွားခဲ့သည်။
ရန်ကုန်နှင့် ကြည့်မြင်တိုင်ကို ဆက်သွယ်ထားသော အဓိကလမ်းမကြီးသည် မြစ်နှင့်မလှမ်းမကမ်းတွင် ယှဉ်လျက် တည်ရှိသည်။ လမ်း၏ ညာဘက်ဘေးတွင် ထူထပ်သော တောအုပ်ကြီးရှိပြီး ဘယ်ဘက်ဘေးတွင်မူ စိမ်းလန်းသော စပါးခင်း အကွက်ငယ်များနှင့် ချုံနွယ်ပိတ်ပေါင်းများ ထူထပ်နေသည့် ရွှံ့နွံတောများ ရောနှောလျက် ရှိသည်။
နှစ်မိုင်ခန့် ခရီးဆက်ပြီးနောက် အနည်းငယ်မတ်စောက်သော ကုန်းမြင့်တစ်ခုအထိပ်သို့ ရောက်ရှိချိန်တွင် အမြောက်များကို ခက်ခဲစွာ ဆွဲတင်လာရသည့် စစ်သည်များသည် အလွန်အမင်း မောဟိုက်နွမ်းနယ်နေကြပြီ ဖြစ်သည်။ ထိုစဉ်မှာပင် တောအုပ်အတွင်း၌ လုံးဝနီးပါး ဖုံးကွယ်ထားသော သစ်လုံး ခံတပ် တခုဆီမှ ရိုင်ဖယ်သေနတ်သံများက သူတို့ကို ဆီးကြိုလိုက်လေသည်။
ထိုခံတပ်မှာ အမြင့် ၁၄ ပေရှိပြီး ဘေးတစ်ဖက်တစ်ချက်စီတွင်လည်း တောတောင်များဖြင့် ဖုံးလွှမ်းထားသည်။ ခံတပ်၏ ရှေ့မျက်နှာစာတွင် ဆူးငြောင့်ခက်များ၊ ခြံစည်းရိုးများနှင့် မြေကြီးထဲသို့ ထောင့်ဖြတ်စိုက်သွင်းထားသော သစ်ချွန်တိုင် အတားအဆီးများဖြင့် အခိုင်အမာ ကာကွယ်ထားသည်။ ခံတပ် ရင်တားပေါ်ရှိ မြန်မာစစ်သည်များကလည်း ဗြိတိသျှတပ်များ ချဉ်းကပ်လာသည်ကို မြင်သောအခါ ကျယ်လောင်သော ကြွေးကြော်သံများဖြင့် အော်ဟစ် ဆီးကြိုခဲ့ကြသည်။
အချိန်ကား မနက် ၉ နာရီ ရှိပြီဖြစ်ရာ တိုက်ပွဲစတင်ခဲ့သည်မှာ ၆ နာရီတိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကမ်းဘဲလ် က ၁၈ ပေါင်ဒါအမြောက် နှစ်လက်ကို ရှေ့သို့ တက်လာရန် အမိန့်ပေးခဲ့သည်။ အဆိုပါ အမြောက်များသည် နားကွဲမတတ် ပြင်းထန်လှသော ပေါက်ကွဲသံကြီးများနှင့်အတူ နာရီဝက်ခန့်ကြာအောင် ကျွန်းသစ်နှင့် ဝါးများဖြင့် တည်ဆောက်ထားသည့် ရင်တားခံတပ်ကို အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး တပ်သားများ ဝင်ရောက်နိုင်လောက်သည့် အပေါက်ကြီးတစ်ခု ဖြစ်အောင် ဖောက်လိုက်ကြသည်။
ထို့နောက်တွင် ကမ်းဘဲလ်က မဒရပ် ဥရောပတိုက်သား တပ်ရင်းနှင့် အမှတ် (၄၁) အမြောက် တပ်ရင်းမှ စစ်သည်များကို အဆိုပါ အပေါက်မှတစ်ဆင့် ထိုးစစ်ဆင်ရန် အမိန့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် အမှတ် (၁၃) နှင့် အမှတ် (၃၈) တပ်ရင်းများကလည်း လှေကားများကို အသုံးပြု၍ ခံတပ်၏ နောက်ဘက်မှနေ၍ ကျော်တက် တိုက်ခိုက်ခဲ့ကြသည်။
ခံတပ်အတွင်းရှိ မြန်မာစစ်သည် များသည် အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြသော်လည်း အင်္ဂလိပ်တို့၏ စနစ်တကျပစ်ခတ်သော သေနတ် ကျည်များနှင့် လှံစွပ်ထိုးစစ်များကိုမူ မယှဉ်နိုင်ခဲ့ကြပေ။ နာရီဝက်မပြည့်မီအချိန်အတွင်းမှာပင် ခံတပ်မှာ သိမ်းပိုက်ခြင်းခံလိုက်ရပြီး အင်္ဂလိပ်ဘက်မှ အရာရှိနှစ်ဦးနှင့် စစ်သည် ၃၀ ခန့် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ကာ မြန်မာဘက်မှ သေဆုံးသူ ၁၅၀ ခန့်ရှိကြောင်း ရေတွက်အတည်ပြုနိုင်ခဲ့သည်။
ဤကဲ့သို့သော ရာသီဥတုအခြေအနေမျိုးတွင် သာမန်ဒဏ်ရာ အသေးစားလေးများပင် အသက်အန္တရာယ်ဖြစ်စေသည်အထိ စိုးရိမ်ရတတ်သည်။ ပသိုင်းမွှေးနီနီများနှင့် အရပ်အမောင်း မြင့်မားတောင့်တင်းသော စကော့တလန်သား အရာရှိတစ်ဦးဖြစ်သူ လက်ထောက်ဗိုလ် ရော်ဘတ်ဆင် သည် ၎င်း၏ ရဲဘော်ရဲဘက်များကို စကော့တလန်သီချင်းများဖြင့် ဖျော်ဖြေလေ့ရှိသူဖြစ်သည်။ သူသည် ပေါင်တွင် သေနတ်မှန်ခဲ့ပြီး ပေါင်ရိုးကျိုးသွားခဲ့သည်။ ကျိုးသွားသောအရိုးကို ပြန်ဆက်ပေးခဲ့သော်လည်း မကြာမီမှာပင် စစ်မြေပြင်ဆေးရုံများ၏ ကြောက်မက်ဖွယ် ရန်သူဖြစ်သော 'ဂန်ဂရင်း' ခေါ် အသားပုပ်လာသည့် ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ထိုရောဂါအတွက် တစ်ခုတည်းသော မျှော်လင့်ချက်မှာ ခြေလက်ဖြတ်တောက်ခြင်းသာဖြစ်ပြီး ယင်းမှာလည်း နောက်ထပ် အန္တရာယ်သစ်များကို ဆောင်ကြဉ်းလာနိုင်သည့်ကိစ္စ မျိုး ဖြစ်သည်။
ယခုအခါ ကြည့်မြင်တိုင်သို့ သွားရာလမ်းမှာ ပွင့်သွားပြီဖြစ်သဖြင့် အင်္ဂလိပ်စစ်တပ်၏ ပင်ပန်းနွမ်းနယ်နေသော စစ်သည်များသည် လေးလံသော အမြောက်ကြီးများကို အားစိုက်ဆွဲယူရင်း တတ်နိုင်သမျှ ရှေ့သို့ချီတက်ခဲ့ကြသည်။ အမြောက်များကို တစ်နာရီလျှင် ကိုက်အနည်းငယ်ခန့်သာ ရွှေ့နိုင်ကြသည်။
ညနေစောင်းအချိန်သို့ ရောက်သောအခါ တောအုပ်တစ်ခု၏ နောက်ကွယ်တွင် ခံတပ်ကြီး၏ ပခုံးသဏ္ဌာန် အစိတ်အပိုင်း တစ်ခု ဘွားကနဲ ပေါ်လာခဲ့သည်။ ထိုခံတပ်မှာ တစ်ဖက်တွင် မြစ်ကမ်းနားအထိ ဆန့်တန်းနေပြီး အခြားတစ်ဖက်တွင်မူ တောထူထပ်သော ကုန်းမြင့်ပိုင်းသို့ ဦးတည်နေသည်။ အင်္ဂလိပ်တို့ဘက်မှ ခံတပ်ကို ဝိုင်းရံရန် ကြိုးပမ်းခဲ့ကြသော်လည်း လုံးဝဥဿုံ မအောင်မြင်ခဲ့ပေ။ အင်္ဂလိပ်စစ်ကြောင်း၏ အဆုံးနှင့် ခံတပ်၏ တစ်ဖက်ခြမ်းရှိ မြစ်ကမ်းကြားတွင် ကိုက် ၁၅၀ ခန့် ကွာဟချက် တစ်ခု ကျန်ရှိနေခဲ့သည်။ ဤသို့ လစ်ဟင်းမှု ဖြစ်သွားခြင်းမှာ တပ်မှူး ကမ်းဘဲလ် အတွက် အဖိုးအခကြီးစွာ ပေးဆပ်ခဲ့ရသော အမှားတစ်ခုပင် ဖြစ်တော့သည်။