ချေ ၏ ပြောက်ကျားစစ် လက်စွဲ(31)

by Hla Soewai - Mar 23 2026

အရပ်ဖက် လူ့အဖွဲ့အစည်းများ

 

တော်လှန်ရေး လှုပ်ရှားမှုတခု၏ အရပ်ဘက်ဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံသည် ပြည်ပမျက်နှာစာနှင့် ပြည်တွင်းမျက်နှာစာ နှစ်ခုစလုံးအတွက် အလွန်အရေးကြီးသည်။ လုပ်ဆောင်ချက် များသည် အမည်နာမအားဖြင့် တူညီနိုင် သော်လည်း၊ လုပ်ငန်းသဘာဝအရတော့ သိသိသာသာ ကွဲပြားခြားနားကြသည်။

 

ဥပမာအားဖြင့် - ပြည်ပမျက်နှာစာတွင် ပြုလုပ်သည့် အလှူငွေကောက်ခံမှု (သို့မဟုတ်) ရန်ပုံငွေရှာဖွေမှု များသည် ပြည်တွင်းမျက်နှာစာတွင် လုပ်ဆောင်ရသည့် ပုံစံမျိုးနှင့် မတူညီ။ ဝါဒဖြန့်ချိရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းစဉ် များသည်လည်း ထို့အတူပင် ကွဲပြား‌ နေတတ်သည်။ ပထမ ဦးစွာ ပြည်တွင်း မျက်နှာစာဖက်တွင် လုပ်ဆောင်ရမည့် တာဝန်များ အကြောင်း ဆွေးနွေးသွားမည် ဖြစ်သည်။

 

ပြည်တွင်း မျက်နှာစာဟု ဆိုရာတွင် လွတ်မြောက်ရေး အင်အားစုများက အလုံးစုံနီးပါး စိုးမိုးထားသည့် နယ်မြေဒေသကို ရည်ညွှန်းခြင်း ဖြစ်သည်။ ထို့အပြင် ထိုနယ်မြေသည် ပြောက်ကျားစစ်ဆင်နွှဲရန် သင့်လျော်ကောင်းမွန်သည့် မြေမျက်နှာသွင်ပြင် ရှိရမည်ဟုလည်း ယူဆရမည်။ အကြောင်းမူကား မှန်ကန်သော အခြေအနေများ မရှိလျှင်၊ တစ်နည်းအားဖြင့် ပြောက်ကျားတိုက်ပွဲသည် မသင့်လျော်သော မြေပြင်တွင် ဖြစ်ပွားနေလျှင် ပြောက်ကျားတပ်ဖွဲ့များသည် နယ်မြေချဲ့ထွင်နိုင်သော်လည်း အခြေခိုင်အောင် မလုပ်နိုင်ကြပေ။ 

 

ရန်သူက ထိုနယ်မြေတစ်ခုလုံးကို ထိုးဖောက်ဝင်ရောက်နေနိုင်သည့်အတွက် နယ်မြေအသစ်များသို့ လမ်းကြောင်းများ ဖောက်ရုံသာ တတ်နိုင်ပြီး၊ ပြည်တွင်းအုပ်ချုပ်ရေး ယန္တရားတစ်ခုကိုမူ အခိုင်အမာ မတည်ဆောက်နိုင်ကြချေ။ ဤပြည်တွင်းစစ်မျက်နှာစာ တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် သီးခြားကဏ္ဍအလိုက် တာဝန်ယူရသည့် အဖွဲ့အစည်း အသီးသီးကိုလည်း ဖွဲ့စည်းထားရှိနိုင်ပါသည်။

 

ယေဘုယျအားဖြင့် ဝါဒဖြန့်ချိရေးလုပ်ငန်းသည် ပြောက်ကျားတပ်ဖွဲ့နှင့် တိုက်ရိုက်သက်ဆိုင်သော်လည်း၊ တပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ပင် သီးခြားခွဲထုတ်၍လည်း ဆောင်ရွက်နိုင်ပါသည်။ (ဤကိစ္စသည် အလွန်အရေးကြီးသဖြင့် အခြားကဏ္ဍတစ်ခုတွင် သီးသန့်ဆွေးနွေးပါမည်။)

 

ရန်ပုံငွေရှာဖွေစုဆောင်းခြင်းသည် အရပ်ဘက်အဖွဲ့အစည်း၏ တာဝန်ဖြစ်သလို၊ လယ်သမားများနှင့် အလုပ်သမားများ (ရှိခဲ့လျင်) ကို စည်းရုံးလှုံ့ဆော်သည့် အထွေထွေလုပ်ငန်းစဉ်များသည်လည်း အရပ်ဘက်အဖွဲ့အစည်း၏ တာဝန်သာ ဖြစ်ပါသည်။ ဤလုပ်ငန်းနှစ်ရပ်လုံးကို ကောင်စီတစ်ခုတည်းက ဦးဆောင်သင့်သည်။

 

ယခင်အခန်းတွင် ရှင်းပြခဲ့သည့်အတိုင်း ရန်ပုံငွေရှာဖွေခြင်းကို နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ဆောင်နိုင်ပါသည်— တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော နည်းလမ်းဖြင့် အခွန်ကောက်ခံခြင်း၊ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော နည်းလမ်းဖြင့် အလှူခံခြင်းနှင့် သိမ်းဆည်းရယူခြင်းတို့ ဖြစ်သည်။ ဤနည်းလမ်းများအားလုံးသည် ပြောက်ကျားတပ်ဖွဲ့အတွက် လိုအပ်သော ရိက္ခာထောက်ပံ့မှု အမြောက်အမြားကို ဖြည့်ဆည်းပေး နိုင်သည်။

 

သတိပြုရမည့်အချက်မှာ မိမိတို့လှုပ်ရှားရာ နယ်မြေဒေသသည် တော်လှန်ရေးတပ်ဖွဲ့၏ တိုက်ရိုက် လုပ်ဆောင်ချက်များကြောင့် ဆင်းရဲမွဲတေသွားခြင်းမျိုး မဖြစ်စေရ။ ရန်သူ၏ ဝိုင်းရံပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာရသည့် ဆင်းရဲမွဲတေမှုများအတွက် တော်လှန်ရေးတပ်ဖွဲ့တွင် သွယ်ဝိုက်စွာ တာဝန်ရှိနေမည် ဖြစ်သော်လည်း၊ ရန်သူ့ဝါဒ ဖြန့်ချိရေးယန္တရားက ထိုအချက်ကိုပင် အသုံးချ၍ တော်လှန်ရေးတပ်ဖွဲ့ကြောင့်ဖြစ်ရသည်ဟု ထက်တလဲလဲ ထောက်ပြနေမည်ကို အမြဲသတိချပ်သင့်သည်။

 

ဤအကြောင်းရင်းကြောင့်ပင် ပဋိပက္ခများ ဖြစ်ပွားစေမည့် တိုက်ရိုက်အကြောင်းတရားများကို ဖန်တီးမနေသင့်ပေ။ ဥပမာအားဖြင့်၊ လွတ်မြောက်နယ်မြေရှိ လယ်သမားများကို ၎င်းတို့၏ထွက်ကုန်များအား နယ်မြေပြင်ပသို့ ရောင်းချခွင့်မပေးသည့် စည်းမျဉ်းမျိုး မရှိသင့်။ အလွန်အမင်း အရေးပေါ်ကာလ သို့မဟုတ် ယာယီအခြေအနေမျိုးတွင်မှသာ ချမှတ်သင့်ပြီး ထိုသို့ချမှတ်ရသည့် အကြောင်းရင်းကိုလည်း လယ်သမားများထံ အသေးစိတ် ရှင်းပြပေးရန် လိုအပ်ပါသည်။

 

ပြောက်ကျားတပ်ဖွဲ့၏ မည်သည့်လုပ်ဆောင်ချက်မဆို အမြဲတမ်း ရှင်းပြပြီး ဝါဒဖြန့်မှုများနှင့်အတူ တွဲလျက်ရှိရမည်။ ပြောက်ကျား တပ်ဖွဲ့အား မိမိတို့၏တပ်ဖွဲ့ဟု ခံယူထားကြသော လယ်သမားများသည် ၎င်းတို့၏ သား၊ ဖခင်၊ မောင်နှမ သို့မဟုတ် ဆွေမျိုးသားချင်းများ ပါဝင်နေသည့်အတွက် ထိုအကြောင်းပြချက်များကို ကောင်းစွာ နားလည်သဘောပေါက်ကြမည်ဖြစ်သည်။

 

တောင်သူလယ်သမားများနှင့် ဆက်ဆံရေး၏ အရေးပါမှုကို ထည့်သွင်းစဉ်းစားပြီး၊ ၎င်းတို့အတွက် စည်းမျဉ်းများ သတ်မှတ်နိုင်မည့် အဖွဲ့အစည်းများကို တည်ထောင်ပေးရမည်ဖြစ်သည်။ ထိုအဖွဲ့အစည်းများသည် လွတ်မြောက်နယ်မြေအတွင်း၌သာမက နယ်မြေအနီးတစ်ဝိုက်ရှိ ဒေသများနှင့်လည်း ဆက်သွယ်မှုများ ရှိနေရမည် ဖြစ်သည်။

 

ဤကဲ့သို့သော ဆက်သွယ်မှုများမှတစ်ဆင့် နယ်မြေချဲ့ထွင်ရန်အတွက် အရေးပါသော ဇုန်တစ်ခုသို့ ထိုးဖောက်ဝင်ရောက်နိုင်မည်ဖြစ်သည်။ တောင်သူလယ်သမားများသည် နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ဝါဒဖြန့်မှုများ၊ အခြားနယ်မြေ များရှိ အကြောင်းများ၊ အသေးစား တောင်သူ များကို ကာကွယ်ရန် ပြဋ္ဌာန်းထားပြီးဖြစ်သော ဥပဒေများ၊ တော်လှန်ရေးတပ်တော်၏ စွန့်လွှတ်အနစ်နာခံမှု စိတ်ဓာတ်များအကြောင်းကို ပြောပြခြင်းဖြင့် အသိတရားများကို မျိုးစေ့ချပေးကြရမည်ဖြစ်သည်။ အနှစ်ချုပ်ရသော်၊ ထိုအချက်များသည် တော်လှန်ရေးတပ်ဖွဲ့များကို ကူညီရန် လိုအပ်သည့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးမည်ဖြစ်သည်။ 

 

တောင်သူလယ်သမားအဖွဲ့အစည်းများသည် ရန်သူ့နယ်မြေအတွင်း တော်လှန်ရေးတပ်တော်၏ ကွန်ရက်များမှတစ်ဆင့် စိုက်ပျိုးရေးထွက်ကုန်များကို သယ်ယူပို့ဆောင် ရောင်းချနိုင်စေရန်အတွက်၊ လယ်သမား များ အပေါ် အတိုင်းအတာတစ်ခုအထိ စာနာနားလည်သည့် ကြားခံလူများဖြင့် ဆက်သွယ်မှုမျိုး ရှိထားသင့်သည်။ 

 

ကုန်သည်တစ်ဦးသည် မိမိအသက်နှင့် ရင်း၍ပင် တော်လှန်ရေးအကျိုးအတွက် လုပ်ဆောင်ပေးနိုင်သော်လည်း၊ သူသည် ငွေကြေးကိုလည်း မြတ်နိုးသူဖြစ်သည့်အတွက် အမြတ်အစွန်းရနိုင်မည့် မည်သည့်အခွင့်အရေးကိုမဆို လက်လွတ်မခံဘဲ အသုံးချသွားမည်သာ ဖြစ်သည်။

 

ထောက်ပို့ ပိုင်း ဆိုင်ရာ ပြဿနာများနှင့် စပ်လျဉ်း၍ လမ်းပန်းဆက်သွယ်ရေး ပိုင်း ၏ အရေးပါပုံကို ကျွန်ုပ်တို့ ဖော်ပြခဲ့ပြီး ဖြစ်သည်။ ပြောက်ကျားတပ်ဖွဲ့သည် ဖွံ့ဖြိုးတိုးတက်မှု အဆင့်တစ်ခုသို့ ရောက်ရှိလာသောအခါတွင် အမြဲတမ်းစခန်း (၄) ခု သို့မဟုတ် (၅) ခုခန့် ထားရှိနိုင်လာမည်ဖြစ်ပြီး ဒေသအသီးသီးသို့ စခန်းမရှိဘဲ လှည့်လည်သွားလာနေရန် မလိုတော့ပေ။

 

လမ်းကြောင်းများကို တည်ဆောက်ရာတွင် လားတစ်ကောင်စာ ဖြတ်သန်းနိုင်သည့် သေးငယ်သော လမ်းငယ်များမှသည် ထရပ်ကားများသွားလာနိုင်သည့် ကောင်းမွန်သောလမ်းများအထိ ပါဝင်သင့်သည်။ ဤလုပ်ငန်းစဉ် အားလုံးတွင် ရန်သူ၏ ထိုးစစ်ဆင်နိုင်မှုစွမ်းအားကို ထည့်သွင်းစဉ်းစားရန် လိုအပ်သကဲ့သို့ ပြောက်ကျားတပ်ဖွဲ့၏ စုစည်းမှု စွမ်းဆောင်ရည်ကိုလည်း ထည့်သွင်းတွက်ချက်ထားရမည်ဖြစ်သည်။ အကြောင်းမှာ ရန်သူသည် အဆိုပါလမ်းများကို ဖျက်ဆီးပစ်နိုင်သည့်အပြင်၊ မိမိတို့တည်ဆောက်ထားသော လမ်းများကိုပင် အသုံးပြု၍ စခန်းများဆီသို့ ပိုမိုလွယ်ကူစွာ ချဉ်းကပ်လာနိုင်ခြေ ရှိသောကြောင့် ဖြစ်သည်။

 

လမ်းများကို ဖောက်လုပ်ခြင်း၏ အဓိကသဘောတရားမှာ အခြားမည်သည့်နည်းလမ်းနှင့်မျှ လုပ်၍ မရနိုင်တော့သည့်နေရာများတွင် ထောက်ပံ့ရေးအတွက် အဆင်ပြေစေရန်သာ ဖြစ်ရမည်။ ရန်သူ၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်မည်ဟု အကြွင်းမဲ့ သေချာမှုရှိသည့် အခြေအနေမျိုးတွင်မှသာ လမ်းများကို ဖောက်လုပ်သင့်သည်။ 

 

နောက်ထပ် ချွင်းချက်တစ်ခုမှာမူ အရေးပါမှု မရှိလှသည့် နေရာနှစ်ခုအကြား ဆက်သွယ်မှု လွယ်ကူစေရန်အတွက် အန္တရာယ်ကြီးကြီးမားမားမရှိဘဲ လမ်းများ တည်ဆောက် နိုင်သည်။ ထို့ပြင် အခြားဆက်သွယ်ရေးနည်းလမ်းများကိုလည်း ထူထောင်နိုင်သည်။ ယင်းတို့အနက် အလွန်အရေးကြီးသည်မှာ တယ်လီဖုန်းဖြစ်ပြီး၊ တောအုပ်အတွင်း၌ သစ်ပင်များကို တိုင်အဖြစ် အသုံးပြု၍ လိုင်းများဆွဲနိုင်သည်။ ၎င်း၏ အားသာချက်မှာ ရန်သူတို့ အပေါ်စီးမှ ကြည့်လျှင် မမြင်နိုင်ခြင်းပင်ဖြစ်သည်။ 

 

ထို့အပြင် တယ်လီဖုန်း ဆက်သွယ်ရေးကို အသုံးပြုနိုင်ရန်မှာ ရန်သူ လုံးဝ မထိုးဖောက်နိုင်သော နယ်မြေဒေသတစ်ခု ရှိနေရန်လည်း လိုအပ်သည်။ မိမိတို့၏ ကိုယ်ပိုင်နယ်မြေကို အခိုင်အမာ တည်ဆောက်ထားပြီးသော၊ အင်အားပြည့်စုံသော ပြောက်ကျားတပ်ဖွဲ့တစ်ခုအတွက် "ကောင်စီ" (သို့မဟုတ်) ဗဟိုတရားစီရင်ရေး၊ တော်လှန်ရေး ဥပဒေများနှင့် အုပ်ချုပ်ရေး ဌာနများ ရှိနေခြင်းသည် အရေးပါသော ဝိသေသလက္ခဏာရပ်များပင် ဖြစ်သည်။

 

အဆိုပါ ကောင်စီကို နိုင်ငံ၏ တရားဥပဒေများကို နားလည်တတ်ကျွမ်းသူတစ်ဦးက ဦးဆောင်လမ်းညွှန်သင့်သည်။ အကယ်၍ ထိုသူသည် ဥပဒေကြောင်းအရ အဆိုပါ နယ်မြေဒေသ၏ လိုအပ်ချက်များကိုပါ နားလည်သဘောပေါက်သူဖြစ်ပါက ပို၍ပင် ကောင်းမွန်ပေမည်။ ထိုသူသည် တော်လှန်ရေးနယ်မြေအတွင်းရှိလယ်သမားများ၏ လူမှုဘဝကို ပုံမှန်အခြေအနေသို့ ရောက်ရှိစေရန်နှင့် စနစ်တကျ အဖွဲ့အစည်းအသွင်ဆောင်လာစေရန် ကူညီပေးမည့် အမိန့်ဒီကရီများနှင့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲပြဋ္ဌာန်းနိုင်သည်။

 

ဥပမာအားဖြင့် - ကျွန်ုပ်တို့၏ ကျူးဘားစစ်ပွဲ အတွေ့အကြုံအရ ပြစ်မှုဆိုင်ရာ ဥပဒေစု၊ တရားမ ဥပဒေစု၊ ပြည်သူလူထုထံ ရိက္ခာထောက်ပံ့မှုဆိုင်ရာ စည်းမျဉ်းများနှင့် လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး လမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့ကြသည်။ ထိုမှတဆင့် နောက်ပိုင်း၌ ကျင်းပမည့် အမျိုးသားရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများအတွက် အရည်အချင်းသတ်မှတ်ချက် ဥပဒေများကို အတည်ပြုခဲ့ကြသလို၊ "စီယာရာ မက်စ်ထရာ" လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး ဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့ကြသည်။

 

ထို့အပြင် ကောင်စီသည် ပြောက်ကျားတပ်ဖွဲ့ (သို့မဟုတ်) တပ်ရင်းများ၏ စာရင်းအင်းလုပ်ငန်းများကိုလည်း တာဝန်ယူရပြီး၊ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးရန်နှင့် တစ်ခါတရံတွင် ရိက္ခာထောက်ပံ့ရေး ကိစ္စရပ်များ၌ တိုက်ရိုက်ပါဝင် ဆောင်ရွက်ရန်လည်း တာဝန်ရှိသည်။

 

ဤအကြံပြုချက်များအားလုံးသည် သတ်မှတ်ထားသော ဒေသတစ်ခု၏ အတွေ့အကြုံ၊ ပထဝီဝင်အနေအထားနှင့် သမိုင်းကြောင်းတို့အပေါ် အခြေခံထားခြင်းဖြစ်၍ မိမိတို့နှင့်လိုက်လျောညီထွေ ပြောင်းလဲနိုင်သည်။ မတူညီသော ပထဝီဝင်၊ သမိုင်းနှင့် လူမှုရေးအခြေအနေများပေါ် မူတည်၍ ဤအချက်များကို လိုအပ်သလို ပြုပြင်ပြောင်းလဲသွားရမည် ဖြစ်သည်။