ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(75)

by Hla Soewai - Mar 23 2026

ကျွန်တော် တက္ကသိုလ် ဒုတိယနှစ် ကျောင်းတက်နေစဉ်မှာ အမေ ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၃၄ နှစ်ပဲ ရှိသေးသည်။ အဖေက ကျွန် တော့် ဆီကို ပထမဆုံးနှင့် တစ်ကြိမ်တည်းသော စာတစ်စောင် ရေးခဲ့သည်၊ စာက ခပ်တိုတိုပင် ဖြစ်သည်။ - 'မင်းအမေ တီဘီရောဂါနဲ့ ကွယ်လွန်သွားပြီ၊ သနားစရာပဲ။ သူ့ကို သင်္ချိုင်းမှာ အုတ်ဂူကျောက်တိုင်နဲ့ အကျအန မြှုပ်နှံပေးထားတယ်။ တကယ့်ကို အုတ်ဂူကျောက်တိုင် အစစ်ပဲ!' တဲ့။ အဖေ ဒီလိုရေးခဲ့ခြင်းသည် အမေ့တွင် ထိုမျှ လောက် အထိ အကုန်အကျခံနိုင်မယ့် စုဆောင်းငွေ မရှိခဲ့တာမို့ သူကိုယ်တိုင်ပဲ ပိုက်ဆံစိုက်ထုတ်ပေးခဲ့ ဆိုသည်ကို သူ့နည်းသူ့ဟန်နဲ့ ဖော်ပြလိုက်ခြင်း ဖြစ်သည်။ 

 

ကျွန်တော် သူ့စာကို အယုံအကြည်မရှိ၊ ဘာမှမတွေးနိုင်တော့၍ နှစ်ခါလောက် ဖတ်လိုက်မိသည်။ ပြီးတော့မှ ဝမ်းနည်းကြေကွဲမှု များသည် ပူပြင်းသည့် သံရည်ပူတွေလို ကျွန်တော့် ခန္ဓာကိုယ်ထဲကို စီးဝင်လာပြီး နာကျင်မှုများက ရိုက်ခတ်လာတော့သည်။ 

 

အမေ နေမကောင်းဖြစ်နေတာ သိ‌ သော်လည်း ဒီလောက်ထိ ဖြစ်လိမ့်မည်ဟု မထင်ခဲ့မိ။ သူမရဲ့ ရောဂါအခြေအနေအမှန်ကို ကျွန်တော့် မသိအောင် ဖုံးကွယ်ထားတာလည်း ဖြစ်နိုင်သည်။ ကျွန်တော် ဆိုင်ဂုံက အထက်တန်းကျောင်းမှာ တက်နေရချိန်နှင့် အမေရိကန်ပြည်ထောင်စုကို ရောက်သွားသည့် နောက်ပိုင်း နှစ်ပေါင်းများစွာအတွင်း ကျွန်တော်တို့ တယောက် နဲ့ တယောက် တွေ့ခွင့်ရခဲ့သည့် အချိန်က အလွန်နည်းလှသည်။ 

 

သူမကို နောက်ဆုံးတွေ့ခဲ့ရသည်က အမေရိကန်ကို မသွားခင် တစ်လအလိုမှာ လေးနှစ်တာအတွက် နှုတ်ဆက်ဖို့ အိမ်ပြန်ရောက်ခဲ့တုန်းက ဖြစ်သည်။ ကျွန်တော့်၏ ပညာသင်ဆုက တစ်ခေါက်သွား၊ တစ်ခေါက်ပြန် လေယာဉ် လက်မှတ်ပဲ ပေးထားတာ ဖြစ်၍ တက် ပွဲတော်အတွက်ပဲဖြစ်ဖြစ်၊ နွေရာသီမှာပဲဖြစ်ဖြစ်၊ ဘွဲ့မရခင်အထိ စပ်ကြား ပြန်လာဖို့ ပိုက်ဆံမရှိခဲ့။

 

အမေ က ကျွန်တော့်ကို သတ္တိရှိရှိ ပြုံးပြရင်း ချောကလက် ဘီစကစ်မုန့်လေး ဟု ခေါ်ခဲ့သည်။ ထိုမုန့်ကို ကျွန်တော် ငယ်ငယ်က အရမ်းကြိုက်ခဲ့ပြီး၊ အဖေက ခရစ္စမတ်တိုင်းမှာ တစ်နှစ်တစ်ခါ ကျွန်တော့်ကို လက်ဆောင်ပေးလေ့ရှိတဲ့ မုန့်မျိုးဖြစ်သည်။

 

အမေ ကျွန်တော့်အား နောက်ဆုံးအဖြစ် ပေးခဲ့သည့် လက်ဆောင်မှာ နိုင်ငံခြား ဘီစကစ်မုန့်ဘူး တဘူးဖြစ်သည်။ သူမကိုယ်တိုင်ကတော့ ဘီစကစ်တချပ်၏ ထောင့်စွန်းကလေးကိုသာ တစ်ကြိမ်တစ်ခါ မြည်းစမ်းဖူးပြီး ကျန်တာတွေကို ခရစ္စမတ်တိုင်းမှာ ကျွန်တော့်အတွက် စုဆောင်းသိမ်းဆည်းထားခဲ့သူမို့ ထိုမုန့်ဘူးသည် အမေ့ အတွက်တော့ တန်ဖိုးကြီးလှသည်။ ထို့အတူ မှတ်စုစာအုပ်တစ်အုပ်နှင့် ဘောပင်တစ်ချောင်းလည်း ပါသည်။ သူမသည် စာကို အနည်းငယ်သာ နားလည်တတ်ကျွမ်းပြီး စာဖတ်လျှင်လည်း အသံထွက်၍ ဖတ်တတ်သည်။ စာရေးလျှင်လည်း လက်ကို ကျုံ့ထားကာ ရှက်ရွံ့စွာဖြင့် ရေးတတ်သည်။ 

 

ကျွန်တော် ဆယ်နှစ်အရွယ်ရောက်သည့်အခါ သူမအတွက် စာမှန်သမျှကို ကျွန်တော်ကိုယ်တိုင် ရေးပေးရတော့သည်။ အမေအတွက်တော့ မှတ်စုစာအုပ်နှင့် ဘောပင်တို့သည် သူမဘဝတွင် မရရှိနိုင်ခဲ့သော အရာအားလုံးနှင့် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်ဖြစ်စေ၊ မျိုးဗီဇတို့၏ မမျှော်လင့်ဘဲ ပေါင်းစပ်မှုကြောင့်ဖြစ်စေ ကျွန်တော် ရောက်ရှိလာမည့် ကံကြမ္မာကို ကိုယ်စားပြုနေခဲ့သည်။

 

လေယာဉ်ပေါ်တွင် ဘီစကစ်မုန့်များကို စားခဲ့ပြီး မှတ်စုစာအုပ်ထဲတွင်လည်း တက္ကသိုလ်ကျောင်းသားဘဝ အကြောင်းများ ပြည့်နှက်နေအောင် ရေးခဲ့သည်။ ယခုမူကား ၎င်းတို့မှာ ပြာပုံအတိ ဖြစ်ခဲ့ရပြီ။ ဘောပင်မှာလည်း မှင်ကုန်သွားပြီး တစ်နေရာရာတွင် ပျောက်ဆုံးသွားခဲ့သည်။ ယခုအချိန်တွင် သူမ၏ ဂူဗိမာန်ဘေး၌ ဒူးထောက်ကာ ကျွန်တော့်နဖူးကို ဂူ၏ ကြမ်းတမ်းသော မျက်နှာပြင်ပေါ်တွင် အသာအပ်ထားရင်း၊ အသုံးမဝင်တော့သော ထိုပစ္စည်းလေးများကို ပြန်လည်ရရှိဖို့ဆိုလျှင် ဘာမဆို ပေးဆပ်ရန် ဝန်မ‌ လေးဟု တွေးနေမိသည်။

 

ကျွန်တော် ရောက်နေသည့် နေရာသည် သူမ သေဆုံးခဲ့သည့် ရွာလေးရှိ ဂူမဟုတ်ဘဲ၊ ဟယ်ရီ က ရုပ်ရှင် ရိုက်ဖို့ အတုအယောင် သက်သက် တည်ဆောက်ထားသော လူဇုန် ရှိ သင်္ချိုင်းဂူဖြစ်သည်။ သူ၏ ကျောက်တုံးများ ပြည့်‌ နေသော ကွင်းပြင်ကို မြင်ရသည့်အခါ ကျွန်တော်ကိုယ်တိုင်အတွက် အကြီးဆုံးဂူကို တောင်းယူခဲ့သည်။ ဂူကျောက်တိုင်ပေါ်တွင် ကျွန်တော့်ပိုက်ဆံအိတ်ထဲမှ ကူးယူထားသည့် အမေ့၏ အနက်ရောင်ဓာတ်ပုံကို ကပ်ထားလိုက်သည်။ ထိုပုံသည် အချိန်နှင့်အမျှ မှေးမှိန်ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ကျွန်တော့်စိတ်အာရုံထဲက အမေ့ပုံရိပ်များမှလွဲ၍ သူမနှင့် ပတ်သက်ပြီး ကျန်ရှိနေသည့် တစ်ခုတည်းသော ရုပ်ပုံလွှာဖြစ်ပြီး၊ ကျွန်တော့် စိတ်ကူးပုံရိပ်များမှာမူ အလင်းအက်ကြောင်းများဖြင့် အပိုင်းပိုင်းကွဲနေသည့် မသေသပ်သော အသံတိတ် ရုပ်ရှင်ကားဟောင်းတကားကဲ့သို့ ဖြစ်နေတော့သည်။

 

အုတ်ဂူ၏ မီးခိုးရောင် မျက်နှာစာ ဘက်တွင် အမေ၏ အမည်နှင့် သက်တမ်းကာလကို က အနီရောင်ဆေးဖြင့် ရေးခြယ်ခဲ့သည်။ ၃၄ နှစ်ဆိုသည့် သက်တမ်းမှာ အဆုံးအစမဲ့ ဟု ထင်မှတ်နေတတ်သည့် မူလတန်းကျောင်းသားလေးတစ်ယောက်မှလွဲ၍ မည်သူမဆိုအတွက် ကြည့်မည်ဆိုလျှင် အဓိပ္ပာယ်မဲ့လောက်အောင် တိုတောင်းလွန်းသည့် သင်္ချာကိန်းဂဏန်းများသာ ဖြစ်သည်။ 

 

အုတ်ဂူနှင့် ဂူဗိမာန်ကို စကျင်ကျောက်ဖြင့် ထုဆစ်ထားခြင်းမျိုးမဟုတ်ဘဲ မြေစေးရွှံ့တုံးများဖြင့်သာ ပြုလုပ်ထားခြင်းဖြစ်သော်လည်း၊ ရုပ်ရှင် ပိတ်ကား ပေါ်တွင် တော့ မည်သို့မျှ ခွဲခြားနိုင်မည် မဟုတ်ကြောင်း သိထားရခြင်းကပင် ကျွန်‌ တော့် အဖို့ စိတ်သက်သာရာ ရစေခဲ့သည်။ 

 

အနည်းဆုံးတော့ ရုပ်ရှင်ထဲတွင် အမေသည် အထက်တန်းစား မန်ဒရင်အရာရှိကတော်တစ်ဦးနှင့် ထိုက်တန်သည့် အနားယူ စရာ နေရာတစ်ခု ရရှိပေလိမ့်မည်။ ကျွန်‌ တော်က လွဲ၍ ကျန်သူအားလုံးအတွက်မူ ရုပ်ရှင်ထဲတွင် အပိုလူ extra တစ်ယောက်ထက် မပိုခဲ့သော အမျိုးသမီးတစ်ဦးအတွက် ဤ ဂူဗိမာန် အတု သည်ပင် သူမနှင့် အထိုက်တန်ဆုံး ဖြစ်နေပေလိမ့်မည်။

 

***************